ဖမ်းဆီးခံ ဦးစိန်ချစ် ဗိုက်အောင့်သည့်ဝေဒနာ ခံစားနေရ

By Western News/ 2022 March 10

PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံထားရသည့် ငပလီဒေသခံ ဦးစိန်ချစ်မှာ အလားကျိတ်(အင်းဗြိန်) ရောဂါဖြစ်ပွားနေသည်မှာ ၅ လကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်တွင် ဗိုက်အောင့်သည့် ရောဂါဝေဒနာကိုပါ ခံစားနေရသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။

အလားကျိတ် (အင်းဗြိန်)ရောဂါပျောက်ဆေးသောက်နေစဉ်တွင် ယခုကဲ့သို့ ဗိုက်အောင့်သည့် ဝေဒနာကိုပါ ခံစားနေရသည့်အတွက် သမားတော်များနှင့် ဆေးကုသခွင့်ရချင်သည်ဟု ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက Western News ကိုပြောသည်။

“ကိုစိန်ချစ်က အလားကျိတ်(အင်းဗြိန်)ထနေတာ ၅ လလောက်ရှိပြီး။ ဆေးမသောက်လို့ရှိရင်မကောင်းဘူး။ အခုလည်း အဲ့ဒီဆေးတွေသောက်နေရလို့ ဗိုက်အောင့်ရောဂါခံစားနေရတာ ၁ ပတ်လောက်ရှိပြီးဖြစ်တယ်။ အပြင်ကတော့ဆေးတွေပို့ပေးနေရတယ်။ ထောင်က ဆေးမှူးတွေကတော့ သေချာဂရုစိုက်ကြတယ်လို့တော့ သူကပြောတယ်။ ကျွန်မတို့ကတော့ သူ့ကျန်းမာရေးအတွက် သမားတော်တွေနဲ့သေချာကုသခွင့်တွေလိုချင်တယ်”ဟုပြောသည်။

 ဦးစိန်ချစ်မှာ PDF များနှင့် ဆက်စပ်မှုမရှိသလို အကြမ်းဖက်မှုအလုပ်များကိုလည်း လုပ်ကိုင်နေသူတစ်ဦးမဟုတ်ဟု ဒေါ်ခင်နှင်းဖြူ က ပြောသည်။

မတရားဖမ်းဆီးခံထားရသည့်အတွက် စွဲဆိုထားသောအမှုအား ပယ်ဖျက်ပြီး အမြန်ဆုံးလွှတ်ပေးစေချင်သည်ဟုလည်း သူမကဆက်ပြောသည်။

ငပလီဒေသခံ ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ၂၀၂၁ ခုနှစ်အောက်တိုဘာလ ကဖမ်းဆီးခဲ့ပြီး  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ  ၅၂ (က)ဖြင့် ငပလီမြို့ ၅၅ တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလို့လုပ်ကာ သံတွဲမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အား မတ်လ ၉ ရက်နေ့တွင် သံတွဲမြို့နယ်တရားရုံးက အကြမ်းဖက်မှုဖြင့် စွဲချက် တင်လိုက်သည်ဟု အမှုလိုက်ပါဆောက်ရွက်ပေးနသည့် ရှေ့နေကပြောသည်။

ရခိုင်ပြည်နယ်တွင် PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲခံခဲ့ရသူ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ဦးအထိရှိလာပြီးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြောက်ဦးဒေသခံလူငယ်တစ်ဦးအား အလုပ်နဲ့ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့သည်။

https://www.facebook.com/westernnewsagency/posts/480504973756012

Leave a Reply

Your email address will not be published.