By Western News/ 2022 March 06

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာနှင့် ကွမ်းတောင်ကျေးရွာဖက်တို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်းစီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပြီးအတူတကွ သွားလာလှုပ်ရှားမှုများရှိနေသည်ဟု အနီးအနားရှိဒေသခံများက ပြောကြသည်။
မြန်မာစစ်ကောင်စီတပ်မှ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များမှာ မတ်လ ၄ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်လောက်မှ ကွမ်းတောင်သို့ရောက်ရှိလာခြင်းဖြစ်ပြီး အဆိုပါနေရာမှ တစ်ဆင့် ကျေးရွာများဖက်သို့လှုပ်ရှားသွားလာမှုတို့ရှိသည်ဟု ကွမ်းတောင် ဒေသခံတစ်ဦးက ပြောသည်။
“သူတို့က အရင်တစ်ခေါက်တုန်းရောက်လာသလိုပဲ ကားတွေကွမ်းတောင်မှာ လာချသွားတာ။ သူတို့ရောက်နေတာ ဒီနေ့နဲ့ဆို ၃ ရက်မြောက်ရှိပြီ။ ကွမ်းတောင်ဘူတာမှာ ညအိပ်ကြတယ်။ အဲ့ကနေတစ်ဆင့် ကွမ်းတောင်ရွာဖက်တွေကိုသွားတယ်။ ကွမ်းတောင်မှာလည်းသွားလာတာတွေရှိတယ်။ အဲလိုမျိုးလှုပ်ရှားနေကြတယ်” ဟုပြောသည်။
စစ်သားများနှင့် ရဲတပ်သားများမှာ ကွမ်းတောင်ရွာဟောင်းနှင့် ရွာသစ်အား ကူးလူးသွားလာနေပြီး ဘုန်းကြီးကျောင်းတွင်နေသည့်ရက်များရှိသကဲ့သို့ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် နေသည့်အခါမျိုးလည်းရှိသည်ဟု အဆိုပါကျေးရွာဒေသခံတစ်ဦးက ပြောသည်။
“သူတို့ခုလိုလာနေတာ ၃ ရက်လောက်ရှိပါပြီ။ ညနေဆို ကွမ်းတောင်ဘူတာမှာ ညအိပ်ကြတယ်။ မနက်ဖက်ဆို ပဒေသာရွာဖက်ကိုဆင်းလာတယ်။ ဟိုတစ်နေ့က ဘုန်းကြီးကျောင်းမှာနေကြတယ်။ ဒီနေ့တော့ အုပ်ချုပ်ရေးမှူးအိမ်မှာရောက်နေတယ်။ ကျန်းမာရေး မကောင်းတဲ့သူတွေ သူတို့ဆီဆေးလာကုလို့ရတယ်လို့လည်း ကြားပါတယ်။ ရွာမှာတော့အထွေအထူးဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ ကျေးရွာသားတွေမှာတော့ စိုးရိမ်စိတ်ကလေးတွေတော့ရှိတာပါပဲ” ဟုပြောသည်။
အဆိုပါစစ်သားနှင့် ရဲသားများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း တစ်ကြိမ်ရောက်ရှိခဲ့ပြီဖြစ်ကာ ထိုသို့လာရောက်ရာတွင် စစ်သားအပြင် ရဲတပ်ဖွဲ့ဝင် ၄ ယောက်ခန့်ပါရှိခဲ့ပြီး လက်ရှိရောက်ရှိနေသည်မှာလည်း အရေအတွက်အားဖြင့် ၄၀ လောက်ရှိသည်ဟု ဒေသခံများကပြောသည်။
ယခုကဲ့သို့ မြန်မာစစ်ကောင်စီတပ်သားများနှင့် ရဲအဖွဲ့ဝင်များဘက် ကျေးရွာများသို့သွားလာနေခြင်း၏ အကြောင်းရင်းများအား သိရှိနိုင်ရန် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား Western News မှဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်နှင့် ပဒေသာရွာဖက်တို့တွင် မြန်မာစစ်တပ်မှ တပ်သားများယခုကဲ့သို့ သွားလာလှုပ်ရှားမှုများရှိခဲ့ပြီး ထိုသို့လှုပ်ရှားမှုများကြောင့် ပြည်သူများစိုးရိမ်မှုအချို့လည်းဖြစ်ခဲ့ကြသည်။
https://www.facebook.com/westernnewsagency/posts/478008290672347