By Voice Of Westland (VOW)/ 2022 March 26
ခိုင်သဇင်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ၊ ဝဲကြီးထောင့်ကျေးရွာကဆရာတော်နဲ့သံဃာတော်တွေတည်ထောင်ခဲ့တဲ့ ပီချောင်းအင်စတီကျူးကကျောင်းသားကျောင်းသူ (၄၁)ဦးကို ဒီကနေ့မတ်လ ၂၆ ရက်နေ့မှာ ဆိုင်ရာဘွဲ့များ နှင်းအပ်ချီးမြှင့်ခဲ့ကြပါတယ်။
ဒီကနေ့ နေ့လယ် ၁ နာရီအချိန်က စစ်တွေမြို့ အာရီယာန်ခန်းမမှာ ကျင်းပခဲ့တဲ့ ပီချောင်းအင်စတီကျူးရဲ့ ပထမဆုံးအကြိမ်ဘွဲနှင်းသဘင်အခမ်းအနားမှာ ဘွဲ့ခံကျောင်းသား ၄၁ ဦးကို ဆိုင်ရာဘွဲ့တွေ နှင်းအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ပီချောင်းအင်စတီကျူးကိုဦးဆောင်တည်ထောင်ခဲ့တဲ့ ဝဲကြီးထောင့်ဆရာတော် အရှင်စန္ဒာဝရက VOW သတင်းဌာနကို မိန့်ကြားပါတယ်။
“ဒီမှာနယ်က ပညာလိုချင်တဲ့ကလေးတွေများတယ်။ တို့အနေနဲ့ဒီနေရာမှာသူတို့စွမ်းရည်တွေကိုဂုဏ်ပြုချီးမြှင့်ခဲ့တာကနေတဆင့် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာကိုယ်ယုံကြည်မှုတွေတိုးတက်စေချင်လို့ ဒီဘွဲ့နှင်းသဘင်အခမ်းအနားကိုစီစဉ်ဖြစ်တာ။ အထူးသဖြင့် မြို့ကိုတက်ပြီး ပညာသင်ဖို့အခက်အခဲဖြစ်နေတဲ့ကလေးတွေအနေနဲ့ တကယ်ပညာသင်ယူတတ်မြောက်ချင်တယ်။ ကိုယ့်ဘဝအနာဂတ်ကိုပညာရှာဖွေရင်း တိုးတက်ချင်တဲ့ကလေးတွေအတွက် ဆရာတော်တို့ပီချောင်းအင်စတီကျူးအနေနဲ့ အတတ်နိုင်ဆုံးပံ့ပိုးနိုင်အောင်ကြိုးစားသွားမှာပါ” လို့ ဆရာတော် အရှင်စန္ဒာဝရက မိန့်ကြားပါတယ်။
ပီချောင်းအင်စတီကျူးကို ၂၀၀၈ ခုနှစ်က ဝဲကြီးထောင့်ကျေးရွာမှာ စတင်တည်ထောင်ခဲ့ပြီး ရခိုင်ဒေသအတွင်းကဆင်းရဲနွမ်းပါးပြီး ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ကလေးငယ်တွေ၊ ပညာသင်လိုစိတ်ထက်သန်တဲ့လူငယ်တွေကို စနစ်တကျပျိုးထောင်သင်ကြားပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
ပီချောင်းအင်စတီကျူးမှာ အခြေခံပညာရေး၊ အင်္ဂလိပ်စာ၊ကွန်ပျူတာ၊အထွေထွေစီမံခန့်ခွဲမှုဘာသာရပ်၊စာရင်းကိုင်ပညာ၊သုတေသနနည်းပညာဘာသာရပ်၊စီးပွားစီမံနဲ့ လူမှုရေးသိပ္ပံဘာသာရပ်၊အင်္ဂလိပ်စာဆရာဖြစ်သင်တန်းတို့ကို သင်ကြားပေးနေတာလည်းဖြစ်တယ်လို့ ဆရာတော်ကဆက်လက်မိန့်ကြားပါတယ်။
ဒီနှစ် ၂၀၂၂ ခုနှစ်မှာတော့ ပီချောင်းအင်စတီကျူးက အလယ်တန်းနဲ့ အထက်တန်းအဆင့်ကျောင်းသား/သူ ၃ဝဝကျော်၊အထက်တန်းအောင်ပြီးကျောင်းသား ၁၀၀ ခန့်ကိုပညာသင်ကြားပေးနိုင်ခဲ့တယ်လို့ ဆရာတော်ရဲ့ မိန့်ကြားချက်အရသိရပါတယ်။
အဲဒီဘွဲ့နှင်းသဘင်အခမ်းအနားမှာ ခေါင်းဆောင်ပိုင်းဆိုင်ရာဆုကို ကိုနေမျိုးလင်း၊ပညာတော်သင်ဆုကို မမြတ်ဆုခိုင်နဲ့ စစ်တွေ၊ကျောက်တော်(YECDS) ဒီပလိုမာသင်တန်းဆင်းတွေနဲ့ ဝဲကြီးဒေါင့်ကျေးရွာ(LEMP)ပရိုဂရမ်နှစ်ခုမှ ဘွဲ့ခံကျောင်းသား/သူ (၄၁) ယောက်ကို ပါမောက္ခများနှင့်သက်ဆိုင်ရာတာဝန်ရှိလူကြီးများကဘွဲ့ပေးအပ်ချီးမြှင့်ခဲ့ကြတာဖြစ်ပါတယ်။
ပီချောင်းအင်စတီးကျူးရဲ့ ပထမဆုံးအကြိမ်ဘွဲ့နှင်းသဘင်မှာ ပညာတော်သင်ဆုပေးအပ်ခြင်းခံခဲ့ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတယ်လို့ ပညာတော်သင်ဆုရရှိခဲ့တဲ့ မဆုမြတ်ခိုင်က VOW သတင်းဌာနကိုပြောပါတယ်။
“ဝမ်းသာမှုကအတိုင်းမသိပါပဲ။ဒီကနေ ဘွဲ့ဆိုတဲ့စကားလုံးထက်တန်ဖိုးရှိတဲ့အရာကိုရတဲ့အတွက်ကြောင့်ပိုပြီးဝမ်းသာပါတယ်။ ပီချောင်းအင်စတီကျူးကအလုပ်အကိုင်အခွင့်ရေးဆိုတဲ့ဟာထက် လူငယ်တွေရဲ့ပင်ကိုစွမ်းရည်၊အတွေးအခေါ်၊အမြင်အမြော်တွေကိုစွမ်းရည်ဖြည့်ပေးတာဖြစ်တဲ့အတွက် လူမှုရေးပိုင်းမှာရော လူထုနဲ့သက်ဆိုင်တဲ့အခန်းကဏ္ဍတွေမှာလည်း ချပြပြီးကြိုးစားခွင့်ရသွားမယ့်အနေအထားတစ်ခုကို ရောက်တဲ့အတွက် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်”လို့ သူကပြောပါတယ်။
လက်ရှိမှာတော့ ပီချောင်းအင်စတီကျူးမှာ ပညာရေးပရိုဂရမ်လေးခုထိရှိတယ်လို့ သိရပါတယ်။
အဲဒီပရိုဂရမ်တွေကတော့ အခြေခံပညာရေးအစီစဉ်နဲ့ သင်ကြားပေးနေတဲ့ ပီချောင်းအုပ်စု ဝဲကြီးဒေါင့်ကျေးရွာက Leadership Empowerment& Management Program၊ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ Youth Empowerment & Community Development Students Program နဲ့ မြောက်ဦးမြို့မှာဖွင့်လှစ်ထားတဲ့ Youth Empowerment & Teacher Training တို့ဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီကနေ့ကျင်းပတဲ့ဘွဲ့နှင်းသဘင်အခမ်းအနားကို သံဃာတော်များအပြင်၊အိန္ဒိယနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်များ၊စာရေးဆရာဝေဟင်အောင်၊စာရေးဆရာစစ်တွေညိုသန့်၊ဘွဲ့ခံကျောင်းသား/သူတွေရဲ့ မိဘတွေကတက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။