ပလက်ဝမှ ကိုတင်ထွန်းအောင်၏ ယနေ့ရုံးချိန်းအား ရှေ့နေအပြောင်းအလဲကြောင့် မနက်ဖြန်သို့ ရွှေ့ဆိုင်းခဲ့ရ

By Narinjara / 2022 March  03

မြထွီးသျှင်

ချင်းပြည်နယ်၊ ပလက်ဝမြို့မှ တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲခံနေရသည့် ကိုတင်ထွန်းအောင်၏ ယနေ့ရုံးချိန်းအား ရှေ့နေအပြောင်းအလဲကြောင့် မနက်ဖြန်သို့ ရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။

ကိုတင်ထွန်းအောင်၏ရှေ့နေဖြစ်သော တရားလွှတ်တော်ရှေ့နေဦးအေးကျော်သန်းသည် နေမကောင်းသဖြင့် ယနေ့ မတ်လ ၃ ရက်ရုံးချိန်းသို့လာရောက်နိုင်ခြင်းမရှိသည့်အတွက် နောက်ထပ်အကြီးတန်းရှေ့နေဦးဝင်းအောင်အား ရုံးချိန်းသို့ ရှေ့နေလွှဲစာဖြင့် စေလွှတ်ရာ ရှေ့နေအပြောင်းအလဲရုံးကိစ္စများဆောင်ရွက်ခဲ့ရသဖြင့် မနက်ဖြန် မတ်လ ၄ ရက်သို့ ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း ကိုတင်ထွန်းအောင်၏ မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ပြောသည်။

“အရင်ရှေ့နေက လွှတ်လိုက်တဲ့သူက အကြီးတန်းရှေ့နေဆိုတော့ ခရိုင်ကခွင့်ပြုချက်ရမှပဲ အမှုကိုလိုက်ခွင့်ရှိတာဆိုတော့ ခရိုင်ကခွင့်ပြုချက်ပေးဖို့အတွက် ဒီနေ့မှာစာတင်ခဲ့ရတယ်။ ဒီနေ့တော့ ခွင့်ပြုချက်ရခဲ့ပါပြီ။ ဒီနေ့က အဲဒါတွေလုပ်နေရတဲ့အတွက် ရုံးထုတ်မစစ်ဆေးဖို့အတွက် နှစ်ဘက်ရှေ့နေတွေအချင်းချင်းညှိပြီး လုပ်လိုက်ကြရပါတယ်။ မနက်ဖြန်မှာတော့ ရုံးထုတ်စစ်ဆေးသွားပါမယ်” ဟုပြောသည်။

ကိုတင်ထွန်းအောင်၏အမှုတွင် စစ်ဆေးရန်ကျန်ရှိနေသေးသည့် လိုပြသက်သေ ၂ ဦးအနက် ဆယ်အိမ်ခေါင်းဦးဆင်ပသည် ခရီးလွန်နေသဖြင့် လိုပြသက်သေအဖြစ်မှ ပယ်ဖျက်လိုက်သဖြင့် ပလက်ဝရဲစခန်းမှ အမှုစစ်တစ်ဦးကိုသာ မနက်ဖြန်ရုံးချိန်းတွင် စစ်ဆေးရန်ကျန်ရှိတော့ကြောင်း သိရသည်။

ပလက်ဝမြို့၊ မြို့မရပ်ကွက်မှ ကိုတင်ထွန်းအောင်(၃၆ နှစ်)သည် ပလက်ဝမြို့နယ် ရုပ်ဝအခြေခံပညာစာသင်ကျောင်းမှ အထွေထွေဝန်ထမ်း ကိုတင်ဦးနှင့်အတူ ပလက်ဝအခြေစိုက် ခမရ ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား သတင်းဌာနတစ်ခုသို့ အင်တာဗျူးဖြေကြားခဲ့သည့်အတွက် တပ်မတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅(က)ဖြင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ဝ ရက်မှစတင်ကာ အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

၄င်းတို့နှစ်ဦးသည် ဒီဇင်ဘာလ ၂၈ ရက် ညနေ ၆ နာရီခန့်တွင် ရဲနှင့်စစ်တပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံခဲ့ရပြီး နောက်တစ်နေ့ညနေပိုင်းတွင် ကိုတင်ဦးသည် ပလက်ဝမြို့မရဲစခန်းမှ ခံဝန်ဖြင့် လွတ်မြောက်လာခဲ့သည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်သည် ပလက်ဝမြို့ ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းက တရားလိုပြုလုပ်ကာ ပလက်ဝမြို့နယ်တရားရုံးတွင် တရားစွဲဆိုခံနေရခြင်းဖြစ်သည်။

လက်ရှိတွင် ကိုတင်ထွန်းအောင်အား ပလက်ဝရဲစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5265444560134245

Leave a Reply

Your email address will not be published.