By Western News/ 2022 March 25
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ သယ်ယူပို့ဆောင်ရမလွယ်ကူခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးကာ တစ်ခြားမြို့ရွာဒေသများထက် ကုန်စျေးနှုန်းပိုမြင့်တက်မှုနှင့်ကြုံတွေ့ကြရပြီး လက်ရှိတွင်လည်း ဆန်စျေးနှုန်းမှာ တစ်လအတွင်း တစ်အိတ်ကို စျေးနှုန်း ၆၀၀၀၀ အထိမြင့်တက်နေပြီဖြစ်သည်ဟု ပလက်ဝဒေသခံများကပြောသည်။
မတ်လ အစပိုင်းလောက်တွင် ပေါ်ဆန်းမွှေးတစ်အိတ်ကို ၄၈၀၀၀ ကျပ်ရှိပြီး ထိုမှတစ်ဆင့်မြင့်တက်လာကာ လက်ရှိတွင် ၆၀၀၀၀ ကျပ်ခန့်ဖြစ်နေသည်မှာ နှစ်ပတ်ခန့်ရှိပြီဖြစ်သည်ဟု ပလက်ဝမြို့မှ ဆန်ရောင်းချသူ ဒေါ်မောက်တင်ကပြောသည်။
“ဒီလအစပိုင်းလောက်မှာ ပေါ်ဆန်းမွှေးတစ်အိပ်ကို ၄၈၀၀၀ လောက်ရှိတယ်။ အဲ့ကနေ ၅၀၀၀၀ ပြီးတော့ ၅၅၀၀၀ အဲ့လိုမြင့်တက်လာပြီး အခုနှစ်ပါတ်အတွင်းမှာတော့ ၆၀၀၀၀ လောက်ဖြစ်နေပြီ။ အိန္ဒိယဆန်ချေကလည်း အခု တစ်အိပ် ၃၈၀၀၀ အဲ့လောက်ရှိတယ်။ ကုန်တွေကကျောက်တော်ဘက်ကယူရတာဆိုတော့ အဲ့မှာစျေးတစ်ဆတက်ရင် ဒီမှာကတော့ပြောစရာမလိုတော့ဘူး” ဟုပြောသည်။
ပလက်ဝတွင် ဆန်သယ်ယူခွင့်ကို ပိတ်ထားဆဲဖြစ်သော်လည်း တစ်ချို့သယ်ယူခွင့်ရသူများလည်းရှိရာ ထိုသူများအတွက် အခွင့်အရေးတစ်ခုသဖွယ်ဖြစ်နေသည်ဟု ပလက်ဝဒေသခံတစ်ဦးကပြောသည်။
“ဆန်ကခုထိ အလွယ်တကူသယ်ယူခွင့်မရဘူး။ မသယ်ရဆိုလည်း ဘယ်သူမှမသယ်ရဘူးဆိုတော်သေးတယ်။ ခုဟာက သယ်ရတဲ့သူတစ်ချို့က သယ်ယူရတယ်ဆိုတော့ အဲ့ဒီလူတွေအတွက် အခွင့်အရေးတစ်ခုလိုဖြစ်နေတယ်။ ကျန်တဲ့လူတွေက သူတို့ချမှတ်တဲ့စျေးကို စောဒကတက်လို့မရတော့ဘူး” ဟုပြောသည်။
ပလက်ဝတွင် ဆန်၊ စက်သုံးဆီ၊ သံထည်ပစ္စည်းနှင့် ဘိလပ်မြေ၊ ဘိလပ်မြေစသည်တို့ကိုသယ်ဆောင်မည်ဆိုလျှက် ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံ၏ ခွင့်ပြုချက်ဖြင့်သာသယ်ယူခွင့်ပြုထားကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်မှုရှိခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုမှုမရှိခဲ့ပေ။
လက်ရှိတွင် ပလက်ဝမြို့နယ်၌ ဆန်စျေးအပြင် တစ်ခြား စားသောက်ကုန်များလည်း ဆက်တိုက်မြင့်တက်လျှက်ရှိပြီး ၁၀ ပိဿာ စားသုံးဆီတစ်ဗူးလျှင် ယခင် ၇ သောင်းကျော်ခန့်သာရှိခဲ့သော်လည်းလက်ရှိ ၁ သိန်းအထိ စျေးရှိနေသည်ဟု ဒေသခံများကပြောသည်။
ထိုသို့ စားသောက်ကုန်များစျေးမြင့်မှုကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများမှာ ပိုမိုခက်ခဲမှုကြုံနေရသည်ဟု ပလက်ဝဘောလုံးကွင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးရဲဒက်မောင်ကပြောသည်။
“အထောက်အပံ့တွေအနည်းအကျဉ်းရနေလို့ နည်းနည်းတော်သေးတယ်လို့ပြောရမယ်။ မဟုတ်ရင် စစ်ရှောင်တွေအနေနဲ့ စားသောက်နေထိုင်ဖို့မလွယ်ပါဘူး။ အလုပ်အကိုင်ဆိုတာလည်း မယ်မယ်ရရရှာလို့ရတဲ့အခြေနေမျိုးကလည်းမရှိဘူး။ ကိုယ့်အိမ်ကိုယ့်ယာမှာနေကြရတာလည်းမဟုတ်ဘူး။ ဒီကြားထဲ ကုန်စျေးတွေဆက်တိုက်တက်နေတာ တော်တော်ဆိုးပါတယ်” ဟုပြောသည်။
ပလက်ဝမြို့နယ်မှာ ချင်းပြည်နယ်ထဲရှိမြို့နယ်တစ်ခုဖြစ်သော်လည်း စားသောက်ကုန်၊ လူသုံးကုန်ဆိုင်ရာများအတွက် ရခိုင်ပြည််နယ် ကျောက်တော်မြို့မှသာသယ်ယူမှုရှိရာ လက်ရှိတွင် ကျောက်တော်ပလက်ဝရေလမ်းကြောင်းသွားသည့် ပုဂ္ဂလိကစက်လှေများမှာပြေးဆွဲခွင့်မရရှိဘဲ အစိုးရပိုင် ရေနယားယဥ်တစ်စင်းသာ ပြေးဆွဲလျှက်ရှိသည်။
https://www.facebook.com/westernnewsagency/posts/490008916138951