By Voice Of Westland (VOW)/ 2022 March 14
ခိုင်သဇင်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်က နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) နဲ့ဖမ်းဆီးတရားစွဲဆိုခံနေရတဲ့ ကိုဟန်မျိုးသူရိန်ကို လာမယ့် မတ်လ၂၁ ရက်နေ့ရုံးချိန်းမှာ လျှောက်လဲချက်နဲ့ စွဲချက်အမိန့်ကို တစ်ပြိုင်တည်းချမှတ်ဖို့ ရုံးချိန်းပေးလိုက်တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။
ဒီကနေ့ မတ်လ ၁၄ ရက်နေ့ရုံးချိန်းမှာ အမှုရဲ့နောက်ဆုံး တရားလိုပြသက်သေကိုစစ်ဆေးခဲ့ပြီး လာမယ့် မတ်လ၂၁ ရက်နေ့ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက်နဲ့ စွဲချက်အမိန့်ကို တစ်ခါတည်းချမှတ်သွားမှာဖြစ်တယ်လို့ ကိုဟန်မျိုးသူရိန်ရဲ့အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းကပြောပါတယ်။
“ကျွန်မတို့ဘက်ကဦးဆောင်ပြီးတော့ ဘာမှလည်းလုပ်ခဲ့တာမရှိဘူး။ ညှိနိူင်းပြီးတော့ပြည်သူကိုကူညီခဲ့တာဘဲရှိတယ်။ လာမဲ့ရုံးချိန်းမှာကျွန်မတို့ဘက်ကလဲ ပြုလုပ်ခံရသူဘက်ကသက်သေတွေတင်ပြသွားဖို့ရှိပါတယ်” လို့ မမျိုးတင်ဇာထွန်းက ပြောပါတယ်။
ကိုဟန်မျိုးသူရိန်ဟာ သံတွဲမြို့မှာ ပြီးခဲ့တဲ့၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမှုမှာဖမ်းဆီးခံရသူတစ်ယောက်ကို လွတ်မြောက်အောင်ကူညီပေးခဲ့တဲ့အတွက်ကြောင့် ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက််စေမှုပုဒ်မ-၅၀၅(ခ)နဲ့ ဖမ်းဆီးအမှုဖွင့်ခံခဲ့ရတာပါ။
“လိုပြသက်သေတွေဆီက သူတို့စွပ်စွဲထားတဲ့အတိုင်းမထွက်ဘူးပေါ့နော်။ ဦးကိုလေးဆိုတဲ့လူကိုရဲတွေကဖမ်းခေါ်သွားတဲ့အတွက် ကိုဟန်မျိုးသူရိန်ကတာဝန်ရှိအဖွဲ့တွေနဲ့ ဟိုဘက်ဒီဘက််ညှိနိူင်းပြီးတော့ လူအုပ်အဖွဲ့ကိုပြန်သွားအောင်ညှိနိူင်းပေးခဲ့တာဟုတ်သလားဆိုတော့ ဟုတ်တယ်လို့ဖြေပါတယ်”လို့ ကိုဟန်မျိုးသူရိန်ရဲ့အစ်မ မမျိုးတင်ဇာထွန်းက VOW သတင်းဌာနကိုပြောပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကကိုဟန်မျိုးသူရိန်ဟာ သူငယ်ချင်းတစ်ဦးဆိုင််ကယ်ပျောက်လို့ ရဲစခန်းမှာအမှုဖွင့်ဖို့ကိစ္စ ကူညီဆောင်ရွက်ပေးတဲ့အချိန် ရဲဝန်ထမ်းတစ်ဦးနဲ့ စကားကတောက်ကဆဖြစ်ပြီး ရဲဝန်ထမ်းက ကိုဟန်မျိုးသူရိန်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် စခန်းမှာအမှုဖွင့်တိုင်ကြားခြင်းပြုလုပ်တဲ့အခါမှာ ကိုဟန်မျိုးသူရိန်ကို ဂျိတ္တောရဲစခန်းကရဲဝန်ထမ်းနှစ်ယောက်ကလာရောက်ပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ အစ်မဖြစ်သူ မမျိုးတင်ဇာထွန်းက ပြောပါတယ်။
ကိုဟန်မျိုးသူရိန်ဟာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့အတူ လူအခွင့်အရေးသင်တန်းတွေပို့ချပေးပြီး လူမှုရေးလုပ်ငန်းတွေလုပ်ကိုင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။