ဒီမိုကရေစီယုံကြည်ချက်အပေါ် ခိုင်ခိုင်မြဲမြဲရပ်တည်လာသူ

By Boder News Agency (BNA) / 2022 March  17

(ဓာတ်ပုံ-ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု/BNA)

“သမီးတို့ထက် အရေးကြီးတာတွေကို (အဖေ)လုပ်နေရတယ်။အဲဒါကြောင့် သမီးတို့ကို ပြန်မကြည့်နိုင်ဘူး” ဆိုသော အဖေ၏စကားကြောင့် သမီးကြီးဖြစ်သော မကြည်ကြည်ဦး၏ စိတ်ထဲတွင် ထွေထွေထူး ထူးမခံစားရတော့ဟုဆိုသည်။

လွန်ခဲ့သော ၁၄ နှစ်အကြာ ၂၀၀၈ ခုနှစ် အင်းစိန် ထောင်တွင် ဖခင်ဦးညီပုထံသို့ ထောင်ဝင်စာသွားတွေ့ချိန်၌ ဖခင်ပြောခဲ့သောစကားကို မကြည်ကြည်ဦးကပြန်ပြောပြခြင်းဖြစ်သည်။ထိုစဉ်က ဖခင်၏ စိတ်ထဲတွင် မည်သို့ခံစားနေခဲ့ရသည်ကို မကြည်ကြည်ဦးမသိခဲ့။

ထိုအချိန်မှာ မကြည်ကြည်ဦး၏ ဖခင် ဦးညီပုမှာ ဦးသန်းရွှေလက်ထက် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး နိုင်ငံရေးပုဒ်မဖြင့် ထောင်ဒဏ်ကျခံနေရသော အချိန်ဖြစ်သည်။

ဦးညီပုမှာ အထွေထွေရွေးကောက်ပွဲသုံးဆက်တိုက် အစိုးရဖွဲ့နိုင်လောက်သည့် မဲအရေအတွက်ဖြင့် အနိုင် ရခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ထိပ်ပိုင်းခေါင်းဆောင်၊ ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲအပြီးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ် လာခဲ့သူဖြစ်သည်။

၎င်းမှာ ယခုလည်း ပုဒ်မပေါင်းများစွာဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သောအာဏာသိမ်းစစ်တပ်၏ တရားစွဲဆိုခြင်းကို ခံထားရပြီး စစ်တွေထောင်၌ အကျဉ်းကျခံနေသည်။

မကြည်ကြည်ဦးအတွက် ဖခင်ဖြစ်သူ၏ ဂရုစိုက်ခြင်းကို မခံရသည်မှာ ယခု မှ စသည်မဟုတ်။၂၀၀၈ မတိုင်မီ မကြည်ကြည်ဦးသိတတ်ခါစ ကလေးဘ၀ ကပင်ဖြစ်သည်။ယင်းကြောင့် ဖခင်ပြောသောစကားများကို မကြည်ကြည်ဦး စိတ်ထဲတွင် ပုံမှန်သာဖြစ်နေခဲ့ခြင်းဖြစ်သည်။

ထိုစကားအတွက် စိတ်မကောင်းမဖြစ်သည့်အပြင် ဖခင်အတွက် ဂုဏ်ပင်ယူသေးသည်ဟု မကြည်ကြည်ဦးက ဆိုသည်။ထိုသို့ပြောဆိုခြင်းမှာ အာဏာ သိမ်းစစ်ခေါင်းဆောင်များလက်ထဲ၌ ရှိနေခဲ့သော တိုင်းပြည်ကို ပိုမိုကောင်းမွန် လာစေရန် အလုပ်လုပ်နေရ၍သာဖြစ်ကြောင်း ၎င်းက ဖခင်ကိုယ်စား စကားဆိုသည်။

“အဲလိုမျိုးပြောဖူးတာ၊သူက သမီးတို့ထက်ပိုပြီးတော့ ကိုယ့်နိုင်ငံအတွက်ကို ဦးစားပေးပြီးတော့ လုပ်နေတာပေါ့ နော်။မိသားစုထက် သူက ပိုပြီးတော့ ဦးစားပေးတာပေါ့”ဟု မကြည်ကြည်ဦးက ပြောသည်။

မိသားစုစားဝတ်နေရေး၊သမီးငယ်၊သားငယ်များ ပညာသင်စရိတ်ဖူလုံရေးတို့အတွက် ခေါင်းထဲတွင် နေရာသိပ်မ ပေးခဲ့သော ဖခင်ဖြစ်သူ၏ မိသားစုအပေါ်ထားသည့် သဘောထားကို မကြည်ကြည်ဦးမှာကလေးဘဝကပင် ကိုယ်တိုင် နဖူးတွေ့၊ဒူးတွေ့ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

 “မိသားစုနဲ့ပတ်သက်ပြီးတော့ ဘာမှထွေထွေထူးထူး သူ့စိတ်ထဲမှာ မရှိပါဘူး။”ဟု ၎င်းက တည်တည်ငြိမ်ငြိမ်ဖြင့် ပင် ပြော၏။

သမီးကြီး မကြည်ကြည်ဦးကို မမွေးခင်ကတည်းက ဦးညီပုမှာ အိမ်မကပ်တော့ဘဲ နိုင်ငံရေးအလုပ်များကို စတင်လုပ်ကိုင်နေခဲ့ခြင်းဖြစ်ကြောင်း ဦးညီပု၏ ဇနီးအပါအဝင် ၎င်းနှင့်နီးစပ်သူများက ပြောကြသည်။

“ဒီမိုကရေစီ” ဆိုသော စကားလုံးကို နှုတ်မှ ဖွင့်ဟ ၍ပင် မပြောရဲလောက်အောင်အထိ စစ်ထောက်လှန်းရေးများကို ကြောက်ရသော၊အာဏာရှင်စစ်ခေါ င်းဆောင်များကို စိုးထိတ်ခဲ့ရသော ထိုကာလက ဦးညီပုမှာ ဒီမိုကရေစီတိုက်ပွဲအတွက် မိသားစုကိုပစ်ကာ ရုန်းကန်နေခဲ့သည်ဟု အင်းစိန်ထောင်၌ အတူနေခဲ့ရသော နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် တစ်ဦးက ပြောသည်။

ဦးညီပုတို့ ပါဝင်ခဲ့သော ၁၉၈၈ အရေးအခင်းဖြစ်ချိန်တွင် သမီးကြီး မကြည်ကြည်ဦးမှာ နှစ်နှစ်အရွယ်ကလေးသာ ရှိသေးသည်။ထိုအချိန်ကပင် အိမ်မက ပ်တော့သည့် ဖခင်ဖြစ်သူကို မကြည်ကြည်ဦး ကောင်စွာမမှတ်မိခဲ့။

မကြည်ကြည်ဦး မှတ်တတ်စအရွယ် လေးတန်းနှစ်လောက်တွင်တော့ ဦးညီပုမှာ ယုံကြည်ရာလုပ်ဖို့အ တွက် အိမ်မှ ထွက်သွားနှင့်ပြီ။နှစ်ကာလအချို့ကြာပြီး တခါတရံမှသာ ဇနီးဖြစ်သူနှင့် သမီးတို့ ကျန်နေခဲ့သော ရခိုင်ပြည်နယ်၊ဂွမြို့နယ်ကျေးလက်ရွာလေးမှ မိသားစုအိမ်သို့ ရောက်လာတတ်သည်ဟု မကြည်ကြည်ဦးက ပြောပြသည်။

“စပြီးတော့ ဒီအလုပ်ကိုပဲ သူလုပ်တေ့ာတာပေါ့။စလုပ်တာကတော့ ၈၈ ကတ ည်းက စလုပ်တာ၊ဒါပေမယ့်မယ့်လို့ ကိုယ်သိတဲ့အချိန်ပေါ့၊ကျွန်မလေးတန်းနှစ်လောက်ကပဲ အိမ်ကနေ ထွက်သွားတာ၊အဲဒီက နေ့စတာပေါ့”ဟု ၎င်း က ဆိုသည်။

၈၈ ဒီမိုကရေစီအရေးတော်ပုံအပြီးတွင်လည်း ဦးညီပုတို့မှာ လက်နက်ကိုင်လမ်းစဉ်မဟုတ်သော မြေပေါ်တော်လှန် ရေးလုပ်ငန်းများကို စစ်ထောက်လှမ်းရေးများ မျက်စိထောင့်ထောက် စောင့်ကြည့်နေသည့်ကြားမှ ပုန်းလျှိုးကွယ်လျှိုး လုပ်ကိုင်နေခဲ့သည်။

“ရန်ကုန်မြို့ထဲက ဘုန်းကြီးကျောင်းလေးတစ်ခုမှာ ပုန်းပြီးတော့ အလုပ်တွေလုပ်ခဲ့ကြတယ်။မိသားစုကို ပစ်ထားရတာပေါ့။ကိုယ်တောင်ပုန်းနေရတာကို။ ဒါနဲ့ပဲ ဘ၀တွေကို အချိန်ကုန်လွန်ခဲ့တာပေါ့”ဟု ထိုစဉ်က ရန်ကုန်မြို့တွင် ဦးညီပုနှင့် အတူ ရှိနေခဲ့သူတစ်ဦးက ပြောပြသည်။

ထိုကာလက မိသားစုကိုထောက်ပံ့နိုင်ဖို့မဆိုထားနှင့်၊သူကိုယ်တိုင်ပင် ငတ်ငတ်ပြတ်ပြတ်နှင့် ရန်ကုန်မြို့ထဲ အာဏာရှင်ဆန့်ကျင်ရေး၊ဒီမိုကရေစီတိုက်ပွဲအတွက် အလုပ်လုပ်နေခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဦးညီပုသည် ၈၈ အရေးအခင်းနှင့်အတူ ပေါ်ပေါက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်ဖြစ်လာပြီး ၁၉၉၀ အထွေထွေရွေး ကောက်ပွဲတွင် သူ့ဇာတိ ဂွမြို့နယ်မှ ဝင်ပြိုင်ရာ အနိုင်ရရှိခဲ့သည်။

ထိုအချိန်က စစ်အစိုးရသည် လွှတ်တော်ခေါ်ယူခြင်း၊အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးခြင်းတို့ ပြုလုပ်မပေးသည့်အပြင် ရွေးကောက်ခံလွှတ် တော်ကိုယ်စားလှယ်များကိုပင် ဖမ်းဆီးထောင်ချခဲ့သေးသည်။

ယင်းသို့ အဖမ်းခံရသည့်အထဲတွင် ဦးညီပုလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သ ည်။ယင်းနောက်ကာလများတွင်  ဦးညီပုမှာ မိသားစုနှင့် ပို၍ပင်ဝေးသွားခဲ့ရသည်။

ဦးညီပုတစ်ယောက် စစ်ထောက်လှမ်းရေးများစက် ကွင်းမှ တိမ်းရှောင်ရင်း နိုင်ငံရေးအလုပ်များအား ရဲဘော်ရဲဘက်များနှင့်အတူလုပ်နေစဉ် သမီးကြီးနှင့်သမီးလတ် မမိုးဆန်းစုကြည်တို့မှာ မိခင်နှင့်အတူ ဂွမြို့နယ်တောရွာလေးတွင် စားဝတ်နေရေးအတွက် အတူတကွ ရုန်းကန်နေခဲ့ကြရသည်။

မကြည်ကြည်ဦးနှင့် မမိုးဆန်းစုကြည်တို့ အတန်းငယ်စဉ်ကာလက သိပ်ပြီး အခက်အခဲမရှိခဲ့သော်လ ည်း ကျူရှင်ခတိုး၍တိုး၍ပေးလာရသော အတန်းကြီးများသို့ ရောက်လာသည်နှင့်အမျှ မိသားစုစားဝတ်နေရေးမှာလည်း ပို၍ပို ၍ ကြပ်တည်းလာခဲ့ကြောင်း မကြည်ကြည်ဦးက ပြောသည်။

“၇ တန်း၊၈ တန်း အဲဒီရဲ့နောက်ပိုင်းမှာ ခက်ခဲတာပေ့ါ။ အဲဒီအချိန်သူ့(ဦးညီပု) ကိုလည်း ဖမ်းလိုက်၊ ပြန်လွှတ်လိုက်၊ ဖမ်းလိုက်၊ ပြန်လွှတ်လိုက်နဲ့ပေါ့”ဟု ၎င်းကဆိုသည်။

မကြည်ကြည်ဦး လေးတန်းနှစ်က တည်းက အိမ်မှထွက်သွားသည့် ဖခင်ကိုလည်း ထိုစဉ်ကပင်အဆက် အသွယ်မရခဲ့ပေ။မကြည်ကြည်ဦး ရှစ်တန်းနှစ်သို့ ရောက်သည့်အခါမှသာ ဦးညီပုမှာ မိသားစုနေအိမ်သို့ ပြန်ရောက်လာခဲ့သည်ဟု ၎င်းက ပြန်ပြောပြသ ည်။ထိုသို့ ပြန်ရောက်လာသည်ဆိုသော်လည်း ခဏမျှ အလည်လာခြင်းသဘောမျိုးဖြစ်သည်။

မကြည်ကြည်ဦး ရှစ်တန်းအရောက်တွင် စားဝတ်နေရေးအကြပ်အတည်း၊ကျောင်းစရိတ်အခက်အခဲနှင့် ကြုံနေရ သည့်ဦးညီပုတို့ မိသားစုအခက်အခဲကို စာနာသော ရင်းနှီးခင်မင်သူတစ်ဦး ပေါ် လာခဲ့သည်။ထိုသူက မကြည်ကြည်ဦးကို နေစားစရိတ်၊ကျူရှင်ခတို့ ကုန်ကျခံပြီး ကျောင်းထားပေးမည်ဟု ဆိုလာသည်။

မကြည်ကြည်ဦးကလည်း တခြားကလေးငယ်များ ကျောင်းတက်သလို ကျောင်းတက်ချင်သည်၊ စာဆက်၍ သင်ချင်သေးသည်။ထို့ကြောင့် လိုက်သွားခဲ့သည်။သို့သော် မြွေပူရာကင်းမှောက်ဆိုသလိုပင်။စစ်အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်နေခဲ့သော၊တော်လှန်နေဆဲဖြစ်သော ဖခင်ဖြစ်သူ၏အ ရိပ်က မကြည ကြည်ဦးအနောက်သို့ ဆိုက်ဆိုက် မြိုက်မြိုက်ပင် ရောက်လာခဲ့၏။

မကြည်ကြည်ဦးကို ကျောင်းထားပေးမည်ဆိုပါက “အဖမ်းခံရမည်”၊“အလုပ်ပြုတ်မည်”ဟူ၍ အာဏာ ရှင်အသိုင်းအ ဝိုင်းက မကြည်ကြည်ဦးအား ကျောင်းထားပေးမည့် မိသားစုကို စတင်ခြိမ်း ခြောက်တော့သည်။

ကျောင်းစရိတ်ခက်ခဲနေသော မကြည်ကြည်ဦးတို့အပေါ် စာနာသည်ကတော့ ဟုတ်သည်။သို့သော် ကိုယ့်မိသားစုဝမ်းရေး၊ဘ၀ရှေ့ရေးကလည်း ရှိသေးသည့်အတွက် မကြည်ကြည်ဦးကို ကျောင်းထားပေးမည့် အစီအစဉ်ပျက်ခဲ့ရပြီး မကြည်ကြည်ဦးမှာလည်း မူလတောရွာလေးသို့ ပြန်လာခဲ့ရသည်။

“ဝန်ထမ်းဆိုတော့ အလုပ်ပြုတ်မှာစိုးတဲ့အခါ သူတို့က ကိုယ့်ကိုထားမပေးရဲဘူး။ပြန်ပို့ရတယ် အိမ်ကို အဲလိုမျိုး တွေပေါ့”ဟု မကြည်ကြည်ဦးက သူ့ဘဝခက်ခဲခဲ့ပုံကို ပြောပြသည်။

ယင်းသို့နှင့် မကြည်ကြည်ဦးမှာ အိမ်အလုပ်တဖက်၊ ကျောင်းတဖက်ဖြင့် ခက်ခက်ခဲခဲ ဆက်လက်ရုန်းက န်ခဲ့ရသည်။ဖခင်ဖြစ်သူမှာလည်း အလည်အပတ်သဘောမျိုးသာ အိမ်သို့ရောက် လာတတ်ပြီး သူ့၏မပြီးဆုံးနိုင်သော နိုင်ငံရေးအလုပ်များအတွက် ပြန် သွားခဲ့သည်။

“မေမေလည်း စျေးရောင်းရတယ်၊တဖက်က ကျော င်းတက်ရတယ်။အဲဒါဆိုတော့ သူများတက်သလို မတက်နိုင် ဘူး။သူများထားသလို မထားနိုင်ဘူးပေါ့။အဲဒီအခက်အခဲတွေ ရှိတာပေါ့”ဟု မကြည်ကြည်ဦးက ဆက်ပြောသည်။

ထိုသို့ဖြင့် မကြည်ကြည်ဦး ဆယ်တန်းရောက်လာသည်။ဘော်ဒါတက်နိုင်မှ စာမေးပွဲအောင်သည့်၊စာကောင်းကောင်းသင်ရသည့်ခေတ်တွင် မကြည်ကြည်ဦး ဆယ်တန်းကျသည်။အစိုးရကျောင်းတွင် စာကောင်းကောင်း သင်ရသည် ကားမဟုတ်။

နောက်နှစ်တွင်တော့ ဆရာတစ်ဦးက စေတနာဖြင့် အခမဲ့အနီးကပ်သင်ပေးခဲ့သည်။ထိုအခါ မကြည်ကြည်ဦး ဆယ်တန်းစာကို အနည်းငယ်နားလည်လာသည်။သို့သော်လည်း ထပ်ပြီးကျပြန်သေးသည်။

ကျောင်းဆက်တက်ချင်သည်၊ ဘော်ဒါ ဆောင်တွင် ဆရာ၊ဆရာမပြည်ပြည်စုံစုံဖြင့် ကောင်းကောင်းမွန်မွန် စာသင်ချင်သည်။ဆယ်တန်းအောင်ချင်သည်၊ တက္ကသိုလ် ဆက်တက်ချင်သည်။သို့သော် မကြည်ကြည်ဦးအတွက် ယင်းသို့အခြေအနေမပေး။ ဆန္ဒနှင့် လက်တွေ့ ဝေးကွာခဲ့ရသည်။

အသက်နှစ်နှစ်သာကွာသည့် သမီးလတ်ဖြစ်သော မမိုးဆန်းစုကြည်(ယခု နိုင်င်တော်အကြည်အညိုပျက်စေမှုဆို သော ပုဒ်မဖြင့် အာဏာသိမ်းစစ် တပ်၏ တရားစွဲဖမ်းဆီးခြင်းကို ခံနေရသူ)မှာ ဆယ်တန်းရောက်လာပြီ။ယင်းကြောင့် ညီမလေးကို ဦးစားပေးရအုံးမည်ဟု အစ်မကြီး မကြည်ကြည်ဦးက ပြောသ ည်။

နောက်ထပ် ညီမငယ်နှင့် မောင်အငယ်ဆုံးတို့ကလည်း အတန်းကိုယ်စီနှင့် ကျောင်းစတက်နေကြရပြီ။မတတ်သာသည့်အဆုံး မကြည်ကြည်ဦးကျောင်း ထွက်လိုက်ရသည်။ဖခင်ဖြစ်သူမှာ အိမ်သို့ရောက်မလာ။ကိုယ့်တိုင်းပြည်၊ကိုယ့်နိုင်ငံကောင်းစားရေးအ တွက် အလုပ်လုပ်နေသော ဖခင်အတွက် ဂုဏ်ယူရသော်လည်း တဖက်တွင် စိတ်မကောင်းဖြစ်မိသည်ဟု မကြည်ကြည်က ရင်ဖွင့်သည်။

“ဂုဏ်ယူတာကတော ဂုဏ်ယူရတာပေါ့။ တဖက်က ခံစားချက်ကတော့လည်း သူများတွေ တက်တော့ ကိုယ်လည်း တက်ချင်တာပေါ့။သူများတွေ အောင်တော့ ကိုယ်လည်းအောင်ချင်တာပေါ့။ ဒါပေမယ့် ကိုယ့်မှာ အခွင့်အရေးမှ မရတာ။”ဟု ၎င်းက ဆိုသည်။

ယင်းအချိန်မှာပင် ဒီမိုကရေစီရရှိရေး၊စစ်အာဏာ ရှင်ဆန့်ကျင်ရေးတောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသော ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်မှုကြောင့် ဦးညီပု ဖမ်းဆီးခံရပြီး ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံခဲ့ရသည်။ထိုအကြိမ်မှာ ဦးညီပု ပထမဆုံး အဖမ်းခံရခြင်း မဟုတ်ပေ။

ယခင်ကလည်း အလားတူဖမ်းဆီးခံခဲ့ရသည်ကို မကြည်ကြည်ဦးတို့ကိုယ်တိုင်ကြုံတွေ့ခဲ့၊ပူပန်သောကရောက်ခဲ့ရပြီးပြီ။စစ်ထောက်လှမ်းရေးများက ခဏလိုက်ခဲ့ပါဆိုပြီး တစ်လလောက် ဖမ်းထားသည့်ဖြစ် စဉ်မျိုး၊တစ်ညအိပ် လိုက်ခဲ့ပါဆိုပြီး တစ်ပတ်လော က်ချုပ်နှောင်ကာ အစာရေစာမကျွေးဘဲ ထားခြင်းမျိုးကို မိသားစုဝင်အားလုံးက မကြုံချင်အဆုံး ခဏ ခဏ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ထို့ကြောင့် စစ်အာဏာရှင်တို့ စရိုက်အတိုင်း ဖမ်းချင်တိုင်းဖမ်း၊စွပ်စွဲချင်သည့်ပုဒ်မဖြင့်စွပ်စွဲကာ ထောင်ချနေသည့် အပေါ် မည်သို့မျှ ခံစားမနေတော့ဟု မကြည်ကြည်ဦးက ခပ်ပြတ်ပြတ်ပြောသည်။

ရွှေဝါရောင်အရေးအခင်းတွင်ပါဝင်မှုကြောင့် ဦးညီပုသည် အင်းစိန်ထောင်၊ထိုမှတစ်ဆင့် မိသားစုနှင့် ဝေးလွန်းလှသည့် စစ်ကိုင်းတိုင်း၊ခန္ဓီးထောင်၊ယင်းမှတဆင့် ကရင်ပြည်နယ်၊ဘားအံထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။ထိုကာလက အကျဉ်းထောင်အတွင်း ဒုက္ခမျိုးစုံ၊ဖိ နှိပ်၊နှိပ်စက်မှုမျိုးစုံကို ခါးစည်းခံခဲ့ရကြော င်း အကျဉ်းထောင်အတွင်း အတူနေခဲ့ရသည့် နိုင်ငံ ရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“မိသားစုနဲ့ဝေးရာ၊ဝေးရာတွေကို အခက်အခဲဖြစ်စေနိုင်လောက်တဲ့နေရာမျိုးတွေ ဒီအာဏာရှင်တွေက ပို့တတ်တယ်လေ။မိသားစုတွေမှာ ထောင်ဝင်စာသွားတာ သိပ်အခက်အခဲရှိတယ်လေ။”ဟု ၎င်းက ဆိုသ ည်။

ရေရာသေချာသည့် စီးပွားရေးလုပ်ငန်းမျိုးမဟုတ်ဘဲ စျေးဆိုင်ရောင်းခြင်းဟူသော အလုပ်ကိုသာ လုပ် ကိုင်နေရစ်ခဲ့ကြသော ဦးညီပုတို့ မိသားစုအပါအဝင် စစ်အာဏာရှင်တို့၏ ဖမ်းဆီးအကျဉ်းချမှတ်ခြင်းကို ခံရသူတို့၏ မိသားစုဝင်များမှာ ထောင်ဝင်စာတစ်ခေါက်သွားတွေ့နိုင်ဖို့အရေး များစွာရုန်းကန်းခဲ့ကြရသည်။

“သားတွေ မယားတွေနဲ့လည်း ဝေးကွာပြီးတော့ နေရခဲ့ရတယ်။ထောင်ဝင်စာတခေါက် သွားတွေ့ဖို့အရေး မလွယ်ဘူး။”ဟု အင်းစိန်ထောင်တွင် ဦးညီပုနှင့် အတူနေခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

စစ်အာဏာရှင်စနစ်ကျရှုံးရေး၊ဒီမိုကရေစီရရှိရေး တော်လှန်တောင်းဆို၍ စစ်တပ်အစိုးရ၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ဦးညီပုတစ်ယောက် အကျဉ်းထောင်အတွင်း အလူးအလိမ့်ခံနေရချိန်တွင် ၎င်း၏ မိသား စုဝင်များမှာလည်း အလားတူပင်။ခက်ထန်လှသော လောကဓံ၏ ရိုက်ချက်များကို ဂွမြို့နယ်တော ရွာလေးတစ်ရွာတွင် သမီးသုံးဦး သားငယ်တစ်ဦးနှင့်အတူ ဦးညီပု၏ ဇနီးမှာ ကြံ့ကြံ့ခံခဲ့ရသည်။

“သားတစ်ယောက်၊သမီးသုံးယောက်နဲ့ အမေတစ်ယောက် ရုန်းကန်ခဲ့ရတာ ဘယ်လွယ့်ပါမလဲနော်”ဟု ဂွမြို့နယ်မှ ဦးညီပုတို့ မိသားစုအခြေအနေကို အနီး ကပ်တွေ့မြင်ခဲ့ရသည့် နီးစပ်သူတစ်ဦးက လွန်ခဲ့ သော ၁၄ နှစ်က အခြေအနေကို မြင်ယောင်ရင်း ပြန်ပြောပြသည်။

“ဒါပေမယ့် နိုင်ငံရေးနဲ့ ဒီမိုကရေစီယုံ ကြည်ချက်အ ပေါ်မှာ ခိုင်ခိုင်မြဲမြဲရပ်တဲ့အခါကျတော့ ဒါတွေကို စွန့်လွှတ်ပြီးတော့မှ လုပ်ရတာပေါ့”ဟု ၎င်းက ဆိုသ ည်။

အရပ်သားဒီမိုကရေစီအစိုးဟု ကြွေးကြော်ကာ စစ်ခေါင်းဆောင်များ အရပ်ဝတ်လဲပြီးတက်လာချိန်၊ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ဖေဖော်ဝါ ရီလတွင်မူ ဦးညီပု ပြန်လွှတ်လာခဲ့သည်။

ထိုအချိန်တွင် NLD ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့ကြပြီး ဦးညီပုလည်း ပါတီတွင်းလုပ်ငန်းများ ဆက် လက်လုပ် ဆောင်ခဲ့သည်။ထိုအချိန်တွင်မူ စစ်ထောက်လှမ်းရေးများစက်ကွင်းမှ ပုန်းရ၊ရှောင်ရ အခြေအနေမဟုတ်သော်လည်း ပါတီကိစ္စများ၊စည်းရုံးရေးကိစ္စများဖြင့် ဟိုပြေး၊သည်ပြေး အလုပ်ထပ်ရှုပ်နေခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လ စ်လပ်နေရာများ၌ NLD ပါတီကဝင်ပြိုင်ခဲ့ပြီး နေရာအများစု အ နိုင်ရရှိကာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လ ည်း NLD ပါတီက အစိုးရဖွဲ့နိုင်လောက်သည့်အရေ အတွက်ဖြင့် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့သည်။

ထိုအချိန် NLD ကိုယ်စားပြုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် ဦးညီပုမှာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပါတီဗဟို၏ ရွေးချယ်ခန့်အပ်ခြင်းကိုခံခဲ့ရသည်။သား၊သမီး၊ဇနီးမယားတို့ကိုပစ်ကာ ဒီမိုကရေစီရရှိရေးအတွက် ဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံပြီး တိုက်ပွဲဝင်လာခဲ့သော ဦးညီပုတို့ အောင်ပွဲရခဲ့သည်။အရပ်သားအစိုးရ တက်လာခဲ့ပြီ။ဦးညီပုကိုယ်တိုင် အစိုးရအဖွဲ့ဝင်ဖြစ်လာခဲ့ပြီ။

“စစ်မှန်သော ဒီမိုကရေစီနိုင်ငံထူထောင်ရန်”ဟူသော မူဝါဒကိုလက်ကိုင်ထား၍ ရွေးကောက်ပွဲဝင်လာသ ည့် ဦးညီပုတို့ NLD ပါတီသည် စစ်တပ်၏ လွှတ် တော်တွင်း ၂၅ ရာခိုင်နှုန်းအလိုအလျောက် ပါဝင်နေမှုကို လျှော့ချရန် လွှတ်တော်တွင်း ကြိုးစားခဲ့ကြသည်။သို့သော် ၂၀ ၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပေးထားချက်အရတပ်မတော်သားများပါဝင်နေသ ည့်အတွက် လိုအပ်သောထောက်ခံမဲမရဖြစ်ကာ မအောင်မြင်ခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲအလွန် နောက်သ က်တမ်းတွင် ကြိုးစားရန်အားယူသည်။ NLD ပါတီကပင် အစိုးရဖွဲ့၍ရသည့် အရေအတွက်ထက် ပိုမို၍အနိုင်ရရှိခဲ့သ ည်။ဇာတိဂွမြို့နယ်အတွင်း ဝင်ပြိုင်ခဲ့သည့် ဦးညီပုမှာလည်း ပြည်သူများ၏ ရွေးချယ်တင်မြှောက်မှုကို ခံခဲ့ရသည်။

ပြည်ထောင်စုလွှတ်တော်ခေါ်ရန် ပြင်ဆင်နေချိန် ၂၀ ၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က ရွေးကောက် ပွဲတွင် မဲစာရင်းမှားယွင်းမှုရှိသည်ဟုဆိုကာ အာဏာ သိမ်းခဲ့သည်။ထိုအချိန်မှစ၍ စစ်မှန်သောဒီမိုကရေနိုင်ငံတည်ဆောက်ရေးအတွက် ဦးညီပုတို့ အားယူခဲ့သမျှ ရေစုန်မျှောခဲ့ရတော့သည်။

စစ်တွေမြို့ဝန်ကြီးအိမ်ရာအတွင်း၌ ရှိနေသည့် ဦးညီပုအား ရဲနှင့်စစ်တပ်က လာဖမ်းတော့သည်။ပြီးတော့ ဝန်ကြီးချုပ်အဆောင်အယောင်များအား စွန့်ကာ ဂွမြို့နယ်အတွင်းက မိသားစုနေအိမ်လေးသို့ ပို့လိုက်ကြ၏။နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်ထားခဲ့ကြသည်။

ထိုအချိန်တွင် ဦးညီပု၏ အာဏာရှင်စနစ်တွန်းလှန်လိုသော စိတ်များတကျော့ပြန် နိုးထလာခဲ့ပြီး နေအိမ်အကျယ်ချုပ်၌ ရှိနေစဉ်မှာပင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှ တဆင့်ပြန်သူများသို့ ပန်ကြား ချက်ဟုဆိုကာ အာဏာရှင်ကို ဆန့်ကျင်ကြဖို့ တိုက်တွန်းသည့် ရုပ်သံဖိုင်အား ထုတ်လွှင့်ခဲ့သေးသည်။

ယင်းရုပ်သံဖိုင်တွင် ဦးညီပုက“ကျွန်တော့်ကို လူကိုချုပ်ထားလို့ရပေမယ့် စိတ်ဓါတ်ကိုတော့ ချုပ်ထားလို့ မရဘူး။ယုံကြည်ချက်ကို ချုပ်ထားလို့ မရဘူး။ဒါကြောင့်မို့လို့  ပြည်သူနဲ့အတူ အမြဲထာ၀ရရှိနေတယ်။ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီစနစ် ဒီနိုင်ငံမှာ ပေါ်ထွန်းရမယ်၊ပေါ်ပေါက်ရမယ်။ အာဏာ ရှင်စနစ် ကျဆုံးရမယ်ဆိုတာကို ယုံကြည်ပြီးသား” ဟူ၍ ပြောထားသည်။

ယင်းသို့ ထုတ်လွှင့်ပြီး မကြာခင်မှာပင် ဦးညီပုမှာ နေအိမ်အကျယ်ချုပ်မှထောင်အချုပ်သို့ ပြောင်းရွေ့ခြင်းကို ခံ ခဲ့ရသည်။ထို့နောက် ပုဒ်မပေါင်းများစွာ၊ စွပ်စွဲချက်ပေါင်းများစွာဖြင့် တရားစွဲ ဆိုခြင်းကိုလည်း တစ်ဆက်တည်း ခံရတော့သည်။

နာမည်ကြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုတည်းဟူသော ပုဒ်မ ၅၅၀ (ခ)၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပေဒပုဒ်မအပါအဝင် မဲသမာမှုပြုလုပ် သည်ဟုဆိုကာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်ခံရသည်။

ဦးညီပုသည် ဂွမြို့နယ်၊ဂုံသောင်းတန်ဖိုးနည်းမြေ ကွက်ဖော်ဆောင်ရာတွင် တင်ဒါစည်းမျည်း၊စည်း ကမ်းများကို မလို က်နာဘဲ ငွေအလွဲသုံးစားခြင်း အစရှိသော အဂတိမှုတို့ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အာဏာသိမ်းစစ်တပ်က အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပေဒပုဒ်မ ၅၅ ဖြင့် အမှုဖွင့်တရား စွဲဆိုခဲ့သည်။

လက်ရှိတွင် ဦးညီပုမှာ ပုဒ်မ ၅၀၅(ခ)ဖြင့်ထောင်ဒဏ် ၂ နှစ်၊အဂတိပုဒ်မ ၅၅ ဖြင့် ထောင်ဒဏ် ၉၊စုစုပေါင်း ထောင် ဒဏ် ၁၁ နှစ်ချမှတ်ခံထားရပြီးဖြစ်ကာ ထပ်ပြီးတော့လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပေဒပုဒ်မ ၁၃၀(က)ဖြင့် စစ်တွေထောင်တရားရုံးတွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်ကောင်စီက အဂတိပုဒ်မဖြင့် တရားစွဲဆိုအမိန့်ချမှတ်ခြင်းကို ခံထားရပြီဖြစ်သည့် ဦးညီပုမှာ ဝန် ကြီးချုပ်သက် တ မ်း ငါးနှစ်တာကာလတွင် အဂတိကင်းစွာဖြင့် အလုပ်လုပ်ခဲ့သူဖြစ်ကြောင်း ရခိုင်ပြည် နယ်အစိုးရအဖွဲ့တွင် ဦးညီပုနှင့်အတူ အနီးကပ်တွဲလုပ်ခဲ့သည့် အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောသည်။

“ခေတ်စားနေတဲ့ လာဘ်ပေးလာဘ်ယူပေါ့၊အဲလိုဟာမျိုး တစွမ်းတစမရှိအောင် နေနိုင်သွားတယ်ပေါ့။အဲဒါကိုက သူရဲ့ ရိုးသားတဲ့ဂုဏ်ပေါ့”ဟု အဆိုပါ အစိုးရအရာရှိက ပြောသည်။

သို့သော်လည်း ဦးညီပုမှာ သူတာဝန်ယူခဲ့စဉ်က ဝန်ကြီးချုပ်တစ်ဦးနှင့် ညီမျှသည့် လုပ်ရည်ကိုင် ရည်၊အရည်အချင်း မျိုး မရှိခဲ့၍ ပြီးမြောက်ရမည့်အလုပ်တာဝန်များကို မပြီးမြောက်ခဲ့ကြောင်း အစိုးရအဖွဲ့အတွင်း နီးကပ်စွာလုပ်ကိုင်ခဲ့သူများက မှတ်ချက်ပေးသည်။

“အုပ်ချုပ်ရေးပညာအရ သူ့ရဲ့အား နည်းချက်တွေကြောင့် လစ်ဟာမှုတွေရှိခဲ့တယ်။”ဟု အဆိုပါအရာရှိက ပြောသည်။ ယင်းကြောင့် ဦးညီပုသည် ရခိုင်ပြည်သူအများစု၏ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

“သူဟာ ဒီမိုကရေစီအရေးအတွက် အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့တဲ့သူရဲကောင်းဖြစ်တယ်။သူ့ပါတီအ တွက်တော့ ကောင်းခဲ့တယ်။ဒါပေမယ့် သူဝန်ကြီး ချုပ် ဖြ စ်တဲ့အချိန်မှာကျတော့ ရခိုင်ပြည်သူတွေအတွက် တာဝန်မကျေတဲ့ ရခိုင်လူ မျိုးတစ်ယောက်ဖြစ်ခဲ့တယ်”ဟု စစ်တွေမြို့မှ ကိုမင်းဦးက ၎င်း၏ အမြင်ကို ပြောသည်။

စစ်တပ်၏ အာဏာသိမ်းဖြစ်စဉ်အတွ င်း ဖမ်းဆီးခံရသူများထဲတွင် ဦးညီပုသာမက၊ဦးညီပု၏ သမီးလတ်ဖြစ်သော မမိုးဆန်းစုကြည်သည်လည်း အပါအဝင်ဖြစ်သည်။

NLD ပါတီ လူငယ်ခေါင်းဆောင် မမိုးဆန်းစုကြည်မှာ ဖခင်နည်းတူ နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မဖြင့် စစ်ကောင်စီ၏တရားစွဲဆိုမှုကို ခံထားရပြီး အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည်။

“သူတို့ လုပ်ချင်တိုင်း လုပ်နေတာပဲ၊ သိနေတာပဲ ဟုတ်တယ်မလား၊မဟုတ်မတရားနဲ့ လုပ်နေတာကို၊ ဘာမှမလုပ်လဲ သူတို့တပ်ချင်တဲ့အမှုတပ်တယ်၊ စွဲတယ်၊ အကုန်လုံးတစ်တိုင်း ပြည်လုံးလည်း သိနေတာပဲလေ”ဟု မမိုးဆန်းစု ကြည်၏ အစ်မကြီးဖြစ်သူ မကြည်ကြည်ဦးက အာဏာသိမ်းစစ်တပ်၏ လုပ်ရပ်နှင့်ပတ်သက်၍ ပြောသည်။

အကျဉ်းထောင်ပြင်ပ၌ ကျန်နေရစ်သော မိသားစုမှာ ဖခင်နှင့် ညီမငယ်တို့ကို ထောင်ဝင်စာပေးပို့နိုင်ဖို့ အ ရေး ထပ်မံရုန်းကန်နေကြရသည်ဟု ဆိုသည်။သမီးလတ်ဖြစ်သူနှင့် တွေ့ခွင့်ရသော်လည်း သွေးတိုး ရောဂါရှိပြီး အစာအိမ်မကောင်းသော အမျိုးသားဖြစ်သူနှင့်မူ အဖမ်းခံရပြီးကတည်းက တစ်နှစ်ကျော်ကြာသည်အထိ တစ်ကြိမ်မျှတွေ့ခွင့်ရမသေးကြောင်း ဦးညီပု၏ဇနီးက ပြောသည်။

ယင်းကြောင့် အသက်အရွယ်ရလာပြီဖြစ်ပြီး ကျန်း မာရေးမကောင်းသည့် အမျိုးသားအတွက် စိုးရိမ်မိသည်ဟု ဆိုသည်။ဦးညီပုမှာ ရှေ့လဆိုလျှင် အ သက် ၆၇ နှစ် တင်းတင်းပြည့်တော့မည်ဖြစ်သည်။

“တွေ့ခွင့်ရမယ်ဆိုရင်တောင် အခက်အခဲရှိတယ်၊သွားတဲ့လာတဲ့စရိတ်ရှိမယ်လေ။ညီမလေးရောရှိတယ်လေ။နှစ်ယောက်နောက်ကို လိုက်မယ်ဆိုရင် ငွေရေးကြေးရေးအခက်အခဲရှိတယ်”ဟု မကြည်ကြည်ဦးက ပြောသည်။

မဲစာရင်းမှားယွင်းသည်ဟုအကြောင်းပြ၍ အာဏာ သိမ်းယူခဲ့သော စစ်တပ်သည် ဦးညီပုတို့သားအဖအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊သမ္မတဦးဝင်းမြင့်တို့အပါအဝင် NLD ပါတီဝင်များ၊ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၊ဒီမိုကရက်တစ်အင်အားစုများ၊လူငယ်များ၊ သတင်းထောက်များကို ပုဒ်မအမျိုးမျိုး တပ်ကာ ဖမ်းဆီးချုပ်နှောင်ထားသည်။

စစ်တပ်သည် အာဏာသိမ်းယူခဲ့သည့်နေ့မှစ၍ ၂၀၂၂ မတ်လ ၄ ရက်အထိ လူပေါင်း ၉၅၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားပြီး ယင်းအထဲမှ ၈၂၀ ကျော်မှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ကောက်ယူထားသည့်စာရင်းတွင် ဖော်ပြသည်။

ထိုပြစ်ဒဏ်ကျခံရသူများထဲတွင် အသက် ၁၈ နှစ်အောက်ကလေး ၂ ဦးအပါအ ဝင် ၄၅ ဦးမှာ သေ ဒဏ်ချမှတ်ခံထားရ သည်ဟု AAPP က ဆိုသည်။ယင်းအပြင် လူပေါင်းနှစ်ထောင်းနီးပါးမှာလည်း ပုဒ်မအမျိုးမျိုးတပ်ကာ ၀ရမ်းထုတ်ခံထားရသည်။

ထို့အပြင် စစ်ကြောရေးအတွင်းသေဆုံးခြင်းအပါအ ဝင် အာဏာသိမ်းစစ်တပ်နှင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ၏လက်ချက်ကြောင့် အဏာသိမ်းချိန်မှ ယနေ့အထိ သေဆုံးသူပေါင်း ၁၆၀၀ ကျော်ရှိခဲ့ပြီဖြစ်သည်ဟု AAPP စာရင်းတွင် ဖော်ပြထားသည်။

အသက် ၆၈ နှစ်အရွယ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါ်နန်းခင်ထွေးမြင့်ဆိုလျှင်လည်း ထောင် ဒဏ် ၈၅ နှစ်ချမှတ်ခံထားရသည်။

နိုင်ငံ့ခေါင်းဆောင်များ၊ဒီမိုကရေစီအရေး ကြိုးပမ်းသူများအပေါ် ယခုကဲ့သို့ ဖိနှိပ်၊နှိပ်စက်နေသည့် အာဏာသိမ်းစစ်တပ်အပေါ် နိုင်ငံတကာအနေဖြင့် ပို၍ ဖိအားပေး၊အရေးယူရန် လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။

“ရာဇဝတ်မှုတွေကို ထပ်ခါတစ်လဲလဲ ကျူးလွန်နေတဲ့ စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထပ်ပြီးတော့ ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

သုံးကြိမ်တိုင် အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့သော မြန်မာ နိုင်ငံတွင် အာဏာသိမ်းမှုတိုင်း၌ ယခုကဲ့သို့ ဖမ်းဆီးခံရမှုများရှိခဲ့ပြီး ပြည်သူများဒုက္ခမျိုးစုံကြုံခဲ့ရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)မှ ဦးလှမြင့်က ပြောသည်။

ဦးညီပုအပါအဝင် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီး၊တရားစွဲဆိုခြင်းကို ခံနေရသူများကို ယင်းသို့ မကြုံစေချင်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့မကြုံစေရန်အတွက် အာမခံချက်ရှိသည့်စ နစ်တစ်ခုကို အကောင်အထည်ဖော်ရန်လိုအပ် ကြောင်းလည်း ဦးလှမြင့်က ထောက်ပြသည်။

 “အဲလိုမကြုံစေချင်တဲ့စနစ်တစ်ခုကို ဖော်ထုတ်နိုင်မယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေမယ်။မဟုတ်ရင် ဒီလိုအခြေအနေမျိုး အမြဲတမ်းဒီလိုကြုံနေရမှာပဲ”ဟု ၎င်းက ဆိုသည်။

မကြည်ကြည်ဦးတို့ ကလေးဘ၀ကပင် အိမ်မကပ်ဘဲ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ကာ အာဏာရှင်ကို တွန်းလှန်နေခဲ့သော ဦးညီပုမှာ ယခုအခါတွင်လည်း အာဏာရှင်လက်ထဲ ထပ်မံဖမ်းဆီးခံရပြန်သည်။ယခုအခါတွင်မူ ညီမငယ်တစ်ဦးပါ အဆစ်ပါလာသေး၏။

ယင်းအတွက် ဆယ်တန်းအောင်ခါစ ညီမငယ်လးတစ်ယောက်၊မောင်လေးတစ်ယောက်၊အမေတစ်ယောက်နှင့်အတူ မကြည်ကြည်ဦးတို့မိသားစု တစ်ကျော့ပြန်ခရောင်းလမ်းခရီး ပြန်လျှောက်လှမ်းကြရအုံးမည်။

“မြန်မြန်ဆန်ဆန် ကိုယ့်မြန်မာနိုင်ငံကြီး အေးချမ်းပြီးတော့ ပြည်သူတွေ အေးအေးဆေးဆေးနဲ့ အမြန်ဆုံးနေရရင်တော့ ကောင်းတာပေါ့။အဲဒါပဲ။ ကိုယ့်တစ်ယောက်တည်းအတွက် ခံစားချက်တော့ မရှိပါဘူး”ဟု မကြည်ကြည်ဦးက ၎င်း၏ဖခင်ချစ်ရသော မြန်မာပြည်အတွက် စကားဆိုသည်။

https://www.facebook.com/permalink.php?story_fbid=154032263705755&id=107469705028678

Leave a Reply

Your email address will not be published.