တံတားပြုပြင်မည်ဖြစ်၍ တောင်ကုတ်-မအီကားလမ်းပေါ်ရှိ ဆားပြင်တံတားမှ ယာဉ်ကြီးများဖြတ်သန်းခွင့်ကို ယာယီပိတ်မည်

By Development Media Group (DMG)/ 2022 March 09

ရခိုင်ပြည်နယ်အတွင်းရှိ ရန်ကုန်-ကျောက်ဖြူလမ်း (တောင်ကုတ်-မအီအပိုင်း)ပေါ်ရှိ ဆားပြင်တံတားကို ပြန်လည်ပြုပြင်မည်ဖြစ်သဖြင့် ယာဉ်ကြီးများဖြတ်သန်းခွင့်ကို ယာယီပိတ်ပင်ထားကြောင်း တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂)၊ တံတားအထူးအဖွဲ့(၈)မှ သိရသည်။

အဆိုပါတံတားအား ယခုနှစ်တွင် တံတား၏အပေါ်ထည် (Girder + Overlay)အား အသစ်လဲလှယ်ပြုပြင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရန်အတွက် တံတားပေါ်မှ ယာယီဘေလီတံတားတပ်ဆင်၍ ယာဉ်ကြီး၊ယာဉ်ငယ်များအား ဖြတ်သန်းခွင့်ပြုခဲ့ကာ တံတား၏ပထမခြမ်းကိုပြုပြင်ခဲ့သည်။

လက်ရှိတွင် တံတား၏ပထမအခြမ်းပြုပြင်ခြင်းလုပ်ငန်းများပြီးစီး၍ ယာယီတပ်ဆင်ထားသော ဘေလီတံတားကို ပြန်လည်ဖြုတ်သိမ်းရမည်ဖြစ်သဖြင့် မတ်လ (၁၀)ရက်နေ့မှ မတ်လ (၁၂)ရက်နေ့အထိ ယာဉ်ကြီးများအားဖြတ်သန်းခွင့်ကို ယာယီပိတ်မည်ဟု တံတားအထူးအဖွဲ့(၈)မှ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

“ဒီနှစ်မှာ တံတားကိုပြင်ထိန်းလုပ်နေတယ်။ တံတားအပေါ်ထည်ပြုပြင်နေတယ်။ အခု တံတားပထမအခြမ်းပြီးသွားတော့ ဒုတိယအခြမ်းကိုပြုပြင်ရမှာဖြစ်တဲ့အတွက် တပ်ဆင်ထားသော ယာယီဘေလီတံတားကိုဖြုတ်မှာပါ။ ယာဉ်ကြီးများဖြတ်သန်းခွင့်ပိတ်မှာကတော့ ဘေလီတံတားဖြုတ်မယ့်ရက် သုံးရက်ပါပဲ”ဟု တံတား အထူးအဖွဲ့(၈)မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားသည်။

သို့သော်လည်း (၂)တန်အောက်ယာဉ်များအတွက် ဆားပြင်ရွာထဲမှ သွားလာခွင့်ပြုထားမည်ဟု ၄င်းကဆက်လက်ပြောဆိုသည်။

ဆားပြင်တံတားအား ၂၀၂၂ ခုနစ် ဇန်နဝါရီလမှ စတင်ပြုပြင်ခဲ့ခြင်းဖြစ်ပြီး အရှည် ၁၆၀ ပေရှိသည့် သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ လက်ရှိတွင် ၆၀ ရာခိုင်နှုန်းကျော်ပြုပြင်ပြီးစီးနေပြီဟု သိရသည်။

ဆားပြင်တံတားမှာ တောင်ကုတ်မြို့နှင့်မိုင် ၂၀ ခန့်ဝေးပြီး အဓိကအချက်အချာကျသော တံတားတစ်ခုဖြစ်သည်။ ထိုတံတားကို ၂၀၂၂ ခုနစ် မတ်လအကုန်တွင် ပြုပြင်ခြင်းလုပ်ငန်းများအပြီးဆောင်ရွက်သွားမည်ဟု သိရသည်။

https://www.facebook.com/dmgnewsagency/posts/2242635985888800

Leave a Reply

Your email address will not be published.