By Narinjara / 2022 March 12
အေးမြတ်ခိုင်

ရခိုင်ပြည်နယ်အတွင်း တောင်ကုတ်မြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA)အား မထောက်ပံ့ရန်နှင့် မပတ်သက်ကြရန် စစ်တပ်က လာရောက်ပြောဆိုသတိပေးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
တောင်ကုတ်မြို့နယ်၊ ချောင်းသုံးခွကျေးရွာတွင် ၅၅ တပ်ရင်းက တစ်လလျှင်တစ်ကြိမ်စီလာရောက်ပြီး ရွာဘုန်းကြီးကျောင်းတွင်တည်းခိုကာ ရွာသားများကိုခေါ်ယူသတိပေးမှုများရှိကြောင်း ကျေးရွာလူကြီးတစ်ဦးက နိရဥ္စရာကို ပြောသည်။
“မဆက်သွယ်နဲ့ ဘာညာတော့ ရှိတာပေါ့လေ။ တရားမဝင် အဖွဲ့အစည်းတွေကို မထောက်ကူဖို့ အဲ့ဒါမျိုးတွေ ပြောတာ”ဟု ပြောသည်။
မာန်အောင်မြို့နယ်၊ ရဲကျွန်းဒေသတွင်လည်း ရက္ခိုင့်တပ်တော် (AA)နှင့်မပတ်သက်ရန် ယခုလအစောပိုင်းတွင် ကမူတောင်တပ်ရင်းက လာရောက် သတိပေးပြောဆိုခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ ခွင့်ပြုချက်မရဘဲ ဘယ်အဖွဲ့အစည်းကိုမှ လက်မခံဖို့၊ ရောက်လာရင်လည်း သူတို့ကို အကြောင်းကြားဖို့ပြောပါတယ်။ တရားမဝင်အဖွဲ့တွေကို မထောက်ပံ့ဖို့ မဆက်စပ်ဖို့ပေါ့လေ” ဟု ပြောသည်။
ရဲကျွန်းတွင် မူးယစ်ဆေးဝါးအသိပညာပေးဟောပြောမှုပြုလုပ်ရာတွင်ပါဝင်သူများကို AA နှင့် ဆက်စပ်သည်ဟုဆိုကာ အိမ်များကိုလာရောက် စစ်ဆေးခြင်းများရှိခဲ့ပြီး ရဲကျွန်းသို့လိုက်ပို့ပေးသည့် စက်လှေပိုင်ရှင်သည်လည်း တစ်ညဖမ်းဆီးစစ်ဆေးခံခဲ့ရသည်။
ယင်းနောက်ပိုင်းတွင် ရဲကျွန်းတွင် ယခုကဲ့သို့ လာရောက် သတိပေးခြင်းများရှိလာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရခိုင်တွင် ULA/AA က ရခိုင်ပြည်နယ် မြို့နယ်အများအပြားတွင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးကိစ္စများကို ချုပ်ကိုင်ထားပြီး မာန်အောင်၊ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ် စသည့်မြို့နယ်များတွင်လည်း AA ၏လွှမ်းမိုးမှုကို လျှော့ချနိုင်ရန်နှင့် အမျိုးသားရေးချဲ့ထွင်မှုများမဖြစ်လာစေရန် စစ်တပ်က နိုင်ငံရေးအရ လက်ဦးမှုယူထားခြင်းဖြစ်နိုင်ကြောင်း တောင်ကုတ်မြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)ဒုဥက္ကဋ္ဌ ဦးဝေသောင်းက သုံးသပ်သည်။
“အမျိုးသားလှုပ်ရှားမှုတွေမချဲ့ထွင်လာရအောင် ဒီဘက်ကလူတွေ နိုင်ငံရေး၊ အမျိုးသားရေးတွေ၊ ဒေသဖွံ့ဖြိုးရေးတွေအပေါ်မှာ စိတ်မတက်ကြွအောင် ကြိုတင်ချိုးနှိမ်ပြီး နိုင်ငံရေးအရ လက်ဦးမှုယူထားတဲ့အခြေနေတစ်ခုလည်း ဖြစ်နိုင်တယ်ပေါ့။ အကြောက်တရားနဲ့ ထိ်န်းချုပ်တားဆီးတာမျိုးတွေလုပ်တယ်လို့ပဲ သုံးသပ်တယ်” ဟု ပြောသည်။
မတ်လ ၅ ရက်နေ့က ပထဆုံးအကြိမ်ပြုလုပ်သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲတွင် ULA/AA အနေဖြင့် တရားစီရင်ရေး၊ ဒေသအုပ်ချုပ်ရေး၊ ကိုရိုနာရောဂါကာကွယ်တားဆီးရေး၊ တိုက်ပွဲနောက်ဆက်တွဲဆိုးကျိုးများကို ကုစားရေးအပါအဝင် ပြည်သူ့လိုအပ်ချက်များကို မရပ်မနား လုပ်ဆောင်နေကြောင်း ဦးခိုင်သုခက ပြောခဲ့သည်။
https://www.facebook.com/narinjara.info/posts/5290178857660815