By Western News/ 2022 March 02

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက်တွင် ဆောက်လုပ်ထားသည့် မိဘဂုဏ် ၃ စက်သုံးဆီဆိုင်အား လူနေအိမ်များနှင့် နီးကပ်ရာ အန္တရာယ်များသည့်အတွက် အဆိုပါနေရာတွင် ဆောက်လုပ်ရောင်းချခြင်းမပြုရန် ဒေသခံများမှကန့်ကွက်နေကြသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က ဒေသခံများစုဝေး၍ လူနေအိမ်များအနီး စက်သုံးဆီဆိုင်ဆောက်လုပ်ရောင်းချမှုအား တောင်ကုတ်မြို့အတွင်းလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြသော်လည်း ထူးခြားမှုရှိမလာခဲ့ပေ။
လူနေအိမ်အနီး စက်သုံးဆီဆိုင် ဆောက်လုပ်မှုအား ကန့်ကွက်ရာတွင် ဦးဆောင်ပါဝင်သူ ကိုသက်နိုင်က ဆန္ဒပြမှုကြောင့် ထူးခြားမှုမရှိလာသည့်အတွက် ဝန်ကြီး ဦးသန်းထွန်းထံသို့ လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာတင်ရန် လုပ်ဆောင်နေသည်ဟု ပြောသည်။
“ဆီဆိုင်ကတော့ အန္တရာယ်ရှိတဲ့အတွက် ဆောက်လုပ်ရောင်းချတာမလုပ်ဖို့ ကန့်ကွက်မှုတွေလုပ်ပေမယ့်လည်း ထူးခြားလာတာမရှိပါဘူး။ နောက်ထပ်တစ်ခုအနေနဲ့တော့ လက်မှတ်ထိုးပြီး ဝန်ကြီး ဦးသန်းထွန်းဆီကို တင်ပြတာလုပ်ဖို့တော့ စီစဉ်နေပါတယ်” ဟုပြောသည်။
တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက် လူနေအိမ်များအနီးတွင် လက်ရှိ ဆောက်လုပ်ရောင်းချနေသည့် စက်သုံးဆီဆိုင်ဆောက်လုပ်ခွင့်တင်ပြချက်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့၌ သံယွဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်ထောင်စု သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ တင်ပြပေးမှုရှိခဲ့သည်။
ထိုသို့ လူနေအိမ်နီး ဆီဆိုင်ဆောက်လုပ်မှုအား ကန့်ကွက်မှုရှိသည့် ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် သံယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းအား Western News မှမေးမြန်းခဲ့ရာ မကျေနပ်သူတစ်ချို့မှ ကန့်ကွက်နေမှုမှအပ ထူးခြားမှုမရှိသည့်အတွက် ဆောက်လုပ်ရောင်းချမှု ရပ်တန့်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
တောင်ကုတ်မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည်ပိုင်းခန့်က ဖုန်ညိုကျေးရွာအနီးရှိ စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွားပြီး ကျပ်ငွေ ၆ သိန်းခန့်ဆုံးရှုံးမှုရှိခဲ့ကြောင်း တောင်ကုတ်မြို့ မီးသတ်ဦးစီးဌာနကပြောသည်။
စက်သုံးဆီဆိုင်မှာ မီးအန္တရာယ်ကျရောက်ရန် လွယ်ကူသည့်အတွက် လူနေအိမ်များအနီး စက်သုံးဆီဆိုင်ဆောက်လုပ်ခွင့်ကို ပိတ်ပင်သင့်ကြောင်း တောင်ကုတ်မြို့ရှိ ရပ်ဖိရပ်ဖနှင့် တာဝန်ရှိသူများက အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ ဆုံးဖြတ်ခဲ့ကြပြီး အာဏာပိုင်များကလည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အရေးယူလုပ်ဆောင်မှုတို့ရှိခဲ့သည်။
https://www.facebook.com/westernnewsagency/posts/475464320926744