တရားမျှတမှုအတွက် အရှက်တရားကို မငဲ့ကွက်ခဲ့သည့် အနွမ်းပန်း

By Development Media Group (DMG)/ 2022 March 14

ဒဏ်ရာပြင်းထန်စွာရရှိထားသည့် လူတစ်ဦးကဲ့သို့ ဒေါ်ခင်ခင်(အမည်လွှဲ)၏ ဝေဒနာများမှာလည်း အနာမကျက်သေးပေ။ ဒဏ်ရာဒဏ်ချက် များပြားလွန်းသောကြောင့် အတိတ်ဖြစ်ရပ်ဆိုးများက ခြောက်လန့်နေသည်။ ယခင်ဖြစ်ရပ်ဆိုးများကို တွေးကြည့်မိတိုင်း ရင်နာရသဖြင့် မတွေးမိအောင် ကြိုးစားသော်လည်း ဖြစ်ရပ်ဆိုးများက ရုပ်လုံးတဖြည်းဖြည်းပေါ်လာသည်။

အနီးအနားကျေးရွာများမှာ တိုက်ပွဲများဖြစ်ပွားလျက်ရှိသဖြင့် စိုးရိမ်ကြောက်လန့်၍ တိတ်ဆိတ်စွာ နေထိုင်နေသော်လည်း ရုတ်တရက်သေနတ်ပစ်ပေါက်သံများကြားရသောကြောင့် တစ်ရွာလုံး ဆောက်တည်ရာမရ ဖြစ်သွားသည်။ ကျည်ဆံထိမှန်မည်ကိုစိုးရိမ်နေသည့် အသက်သုံးဆယ်ကျော်အရွယ် ဒေါ်ခင်ခင်(အမည်လွှဲ)သည်  သူမ၏ကလေးများနှင့် မိသားစုဝင်များကိုခေါ်ယူ၍ ပုန်းခိုနေခဲ့သော်လည်း မလွတ်မြောက်ခဲ့ပေ။

“နေအိမ်မှာ လူရှိသလား၊ တံခါးဖွင့်၊ အကုန်လုံးထွက်ခဲ့”ဟု တပ်မတော်သားများ၏ အမိန့်ပေးသံကြောင့် ထိုအမျိုးသမီးနှင့်မိသားစုတို့သည် စိုးရိမ်ထိတ်လန့်စွာဖြင့်ထွက်လာခဲ့ရာမှ ခါးသီးစရာဇာတ်လမ်းများနှင့် ကြုံတွေ့ခဲ့ရကာ ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ရသည့် အဖြစ်အပျက်များနှင့်ရင်ဆိုင်ခဲ့ရသည်။

ထိုအဖြစ်အပျက်သည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ၂၀၂၀ ခုနှစ်၊ ဇွန်လက ရသေ့တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာသို့ တပ်မတော်စစ်ကြောင်းတစ်ခု သေနတ်ပစ်ဖောက်ဝင်ရောက်လာရာမှာ အသက် ၃၆ နှစ်အရွယ် ဒေါ်ခင်ခင်(အမည်လွှဲ)သည် စစ်သားများ၏မုဒိမ်းကျင့်မှုခံခဲ့ရသည့် ရင်နင့်စရာ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည်။

ဇွန်လ ၂၉ ရက်နေ့ ညနေ ၆ နာရီတွင် ဦးဂါကျေးရွာသို့ စစ်သားများဝင်ရောက်လာပြီး တစ်အိမ်တက်ဆင်း စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထို့ကြောင့် က‌လေး(၄)ယောက်၏မိခင် အသားဖြူဖြူ၊ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးရှိသည့် ထိုအမျိုးသမီးသည် ဆွေမျိုးများကိုခေါ်ယူပြီး လုံခြုံစိတ်ချရမည်ဟုယူဆသည့် နေအိမ်တစ်အိမ်တွင် တံခါးပိတ်ကာ ပုန်းခိုနေခဲ့သည်။ အမှောင်ကြားထဲတွင် ပုန်းခိုနေကြစဉ် ဒေါ်ခင်ခင်၏မြေး မွေးကင်းစကလေး၏ ငိုသံ ရုတ်တရက်ထွက်ပေါ်ခဲ့သည်။

ကလေးငိုသံမရပ်တန့်မီမှာပင် စစ်သားများ နေအိမ်ရှေ့သို့ရောက်လာပြီး တံခါးဖွင့်ရန်အမိန့်ပေးခဲ့သည်။ ကြောက်လန့်တုန်လှုပ်နေသည့် ဒေါ်ခင်ခင်တို့မိသားစုသည် မည်သို့မျှမတတ်နိုင်တော့ဘဲ တံခါးဖွင့်ပေးခဲ့ရသည်။ စစ်သားများသည် မိသားစုတစ်ဦးချင်းစီကို အမည်၊ အသက်၊ မှတ်ပုံတင် စသည်များကိုစစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထိုမိသားစုတွင် ဒေါ်ခင်ခင်မှလွဲလျှင် မည်သူတစ်ဦးတစ်ယောက်မှာမျှ မှတ်ပုံတင်မရှိပေ။ သို့သော် မှတ်ပုံတင်ရှိသည့် ဒေါ်ခင်ခင်ကို ထပ်မံစစ်ဆေးစရာရှိသည်ဟုဆိုကာ တခြားနေအိမ်တစ်အိမ်သို့ခေါ်ယူရန် ပြင်ဆင်ကြတော့သည်။

ကြောက်လန့်၍ပုန်းခိုနေသည့် ဒေါ်ခင်ခင်လည်း ယခုပုန်းခိုနေသည့်နေအိမ်မှအပ မည်သို့နေရာကိုမှ မသွားရဲ။ သားသမီး၊ မြေးနှင့် ဆွေမျိုးများကိုလည်း ပစ်ထားကာမသွားရဲ။ စစ်ဆေးစရာရှိလျှင် ယခုနေအိမ်တွင် စစ်ဆေးဟု ဆိုသော်လည်း သေနတ်ကိုယ်စီလွယ်ထားသည့်စစ်သားများက “ကျွန်မ,မသွားပေမယ့် ဆွဲခေါ်သွားတယ်” ဟု ဒေါ်ခင်ခင်က ဝမ်းနည်းစွာပြောပြသည်။

စစ်ဆေးမည့်နေအိမ်သို့ရောက်လျှင် စစ်သားများသည် ဒေါ်ခင်ခင် မှတ်ပုံတင်ကိုကြည့်ရှုပြီး မှတ်ပုံတင်တွင် မသင်္ခါစရာရှိသည်ဟုဆိုပြီး အပြစ်ယူချင်လျှင်ယူလို့ရကြောင်း စစ်သားများကပြောသည်။ ယင်းနောက် တယ်လီဖုန်းများဖြင့် တစ်စုံတစ်ဦးကို ဆက်သွယ်မှုများရှိသလားဟု မေးမြန်းခဲ့သည်။ သို့သော် တယ်လီဖုန်းမရှိသော ဒေါ်ခင်ခင်မှာ မည်သူ့ကိုမျှ မဆက်သွယ်ဟု ကောင်းကောင်းဖြေဆိုနိုင်ခဲ့သော်လည်း စစ်သားများသည် ဉာဏ်နီဉာဏ်နက်များကြသည်။ ငရဲလမ်းတွင် လျှောက်လှမ်းနေရသည့် ဒေါ်ခင်ခင်ကို ခြိမ်းခြောက်စကားများ၊ ရာဇသံများပေးကြသည်။

“အမကို အချက်နှစ်ချက်ပေးမယ်။ ထွက်ပြေးရင် သူပုန်လို့သတ်မှတ်ပြီး ပစ်မယ်။ သတ်မယ်။ မပြေးရင် ကျနော်တို့လိုလားချက်ကို ပေးရမယ်”ဟု စစ်သားများကခြိမ်းခြောက်သည်။ မည်သည့်လိုလားချက်ကို တောင်းဆိုသနည်းဟု ဒေါ်ခင်ခင်ကမေးမြန်းတော့ “အမရဲ့ ခန္ဓာကိုယ်ကို”ဟု စစ်သားများက တင်းမာစွာ တုန့်ပြန်သည်။

ထိုသို့စကားသံကြောင့် ကလေး (၄)ယောက်၏မိခင် ဒေါ်ခင်ခင်သည် တုန်လှုပ်သွားသည်။ စစ်သားများနှင့် ဝေးရာသို့ ထွက်ပြေးရန်ကြံဆသည်။ သို့သော် စစ်သားတစ်ဦးသည် အပြင်ကစောင့်ဆိုင်းနေပြီး တခြားစစ်သားနှစ်ဦးမှာ ဒေါ်ခင်ခင်ကို အတင်းအားဓမ္မလဲချပြီး “သေနတ်နဲ့ပစ်မယ်၊ ဓားနဲ့ထိုးမယ်လို့ ခြိမ်းခြောက်ပြီး” တစ်ဦးပြီးလျှင်တစ်ဦး မုဒိမ်းကျင့်ခဲ့ကြသည်။

ယင်းနောက် အပြင်တွင်စောင့်ဆိုင်းနေသည့် စစ်သားတစ်ဦးသည်လည်းဝင်လာကာ ဒေါ်ခင်ခင်ကို မုဒိမ်းကျင့်ခဲ့ သေးသည်။ စစ်သားများသည် အမျိုးသမီးကို လူမဆန်စွာမုဒိမ်းကျင့်ပြီးနောက် တပ်ကြပ်ဟုယူဆရသူတစ်ဦးထံ ခေါ်သွားသည်။ ထိုသူသည် ဒေါ်ခင်ခင်ကို ငွေကျပ်(၂)သောင်းပေးသည်။ ဒေါ်ခင်ခင်က ပိုက်ဆံမယူဟု ငြင်းသော်လည်း အတင်းပေးကာ “ဒီသတင်းမပေါက်ကြားစေနဲ့၊ ပေါက်ကြားရင် အမတို့တစ်မျိုးတစ်ဆွေလုံးကို မီးရှို့မယ်၊ ပစ်မယ်”ဟု တပ်ကြပ်က ခြိမ်းခြောက်လိုက်သည်။

သေနတ်များကိုင်ဆောင်ထားသည့် စစ်သားများရှေ့တွင်ရောက်နေသည့် ဒေါ်ခင်ခင်အဖို့ ရွေးစရာမရှိတော့ပေ။ “သတင်းမပေါက်ကြားစေရဘူး”ဟု  အာမခံခဲ့ကာ မိမိပုန်းခိုနေသည့်နေအိမ်သို့ သွားရောက်ခဲ့သည်။ အချိန်ကား ညဥ့် (၁)နာရီထိုးနေပြီ။ ဒေါ်ခင်ခင်သည် နေအိမ်သို့ရောက်ရှိသော်လည်း ကြုံတွေ့ခဲ့ရသည့်ဖြစ်ရပ်ဆိုးများကို မိသားစုဝင်များအား မပြောပြတော့ပေ။ တစ်ညတာကို မိသားစုဖြင့် အေးအေးချမ်းချမ်းဖြတ်ကျော်မည်ဟု စိတ်ကူးလိုက်သည်။

သို့သော် ဒေါ်ခင်ခင်စိတ်ကူးကား အိပ်မက်တစ်ခုသာဖြစ်သည်။ သူလိုလားတောင့်တသလို ဖြစ်မလာ။ ကြမ္မာဆိုးတစ်ခု ထပ်မံရောက်လာသည်။ ကလေးမွေးဖွားထားသည်မှာ (၆)ရက်ခန့်သာရှိသေးသော ဒေါ်ခင်ခင်၏သမီးကြီးကို စစ်သားများက “စစ်ဆေးစရာ”ရှိသည်ဟုဆိုကာ ထပ်မံခေါ်ယူရန်ရောက်လာသည်။ အသက်(၁၉)နှစ်မျှသာရှိသေးသော သမီးကြီးကိုမခေါ်ယူရန် မည်သို့ပင်ပြောပြော စစ်သားများသည် အတင်းဆွဲခေါ်သွားကြသည်။

ဒေါ်ခင်ခင်သည် သမီးကြီး သူ့လိုကြုံတွေ့ရမည်ကို အလွန်စိုးရိမ်သွားသည်။ ထို့ကြောင့် ယောက္ခမဖြစ်သူနှင့် အစ်မတစ်ဦးကို စစ်သားများလက်ထဲတွင် သူကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ဆိုးများကိုပြောပြပြီး သမီးကြီးကို သွားခေါ်ရန်တောင်းဆိုသည်။ ယောက္ခမဖြစ်သူတို့ နှစ်ကြိမ်ဆက်တိုက်သွားခေါ်မှုကြောင့် သမီးကြီးမှာ စစ်သားများ ပြန်လွှတ်ပေးလိုက်ရသည်။

“ကျွန်မသမီးလေးကိုလည်း ကျွန်မလိုပဲ ဓားထောက်၊ သေနတ်ထောက်ပြီး ခြိမ်းခြောက်ပြီး အားဓမ္မပြုကျင့်ဖို့ ကြံစည်ခဲ့တယ်”ဟု ဒေါ်ခင်ခင်က သမီးကြီးကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်များကို ပြောပြသည်။

စစ်သားများသည် ထိုမိန်းကလေးကို ပြန်လွှတ်ပေးလိုက်ရသောကြောင့် မကျေနပ်ပေ။ ထို့ကြောင့် နောက်နှစ်ကြိမ်ရောက်ရှိလာပြီး မိန်းကလေးကိုဆွဲထုတ်ကြသည်။ သို့သော် မိခင်ဖြစ်သူဒေါ်ခင်ခင်က ရှေ့မှာကာဆီး၍ လွှတ်ပေးရန် တောင်းပန်စကားများဆိုသည်။ သို့သော် စစ်သားများ အလျှော့မပေးကြပေ။

“ကျွန်မယောက္ခမကလည်း ဒေါသထွက်ပြီး နင်တို့ပဲ စစ်မျိုးနွယ်မဟုတ်၊ ငါတို့လည်း စစ်မျိုးနွယ်၊ ငါ့မှာလည်း စစ်သားတစ်ယောက် နေပြည်တော်မှာရှိတယ်လို့ပြောတယ်။ ဒါပေမယ့် သူတို့နားမလည်။ သူတို့လိုချင်တာ တစ်ခုပဲသိတယ်။ အကုန်လုံးသတ်မယ်။ အကုန်လုံးပစ်မယ်လို့ ခြိမ်းခြောက်တယ်”ဟု စစ်သားများနှင့် ရင်ဆိုင်ခဲ့ရပုံကို ဒေါ်ခင်ခင်ကပြောပြသည်။

မည်သို့ပင်ပြောဆိုသော်လည်း စစ်သားများမလွှတ်ပေးသောကြောင့် ဒေါ်ခင်ခင်က “မောင်လေးတို့ လိုချင်တာကို ကျွန်မအကုန်လုံးကို ဖြည့်ဆည်းပေးထားပြီ။ ကျွန်မသမီးဆီက ဘာလိုလားချက်ရှိသေးလဲ”လို့ မေးခွန်းထုတ်လိုက်သည်။ ယင်းနောက် အပြင်တွင်စောင့်နေသည့် တပ်ကြပ်ဟုယူဆရသူက စစ်သားများကို ခေါ်ထုတ်သွားပြီးနောက် ထပ်ရောက်မလာကြတော့ပေ။

သို့သော်လည်း တစ်ညတာကို အေးဆေးဆေးဆေးမအိပ်ရဘဲ ခြိမ်းခြောက်နှောင့်ယှက်မှုကို ခံနေရသောကြောင့် ဒေါ်ခင်ခင်တို့မိသားစုသည် ထိုနေအိမ်တွင်နေထိုင်ရန် စိတ်ကူးမရှိတော့ စစ်တွေမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာရသည်။ စစ်တွေမြို့တွင်မူ ထိုမိသားစုကို အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက် အဖွဲ့အစည်းများက ဝိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြသည်။

“အမျိုးသမီးတွေရဲ့လုံခြုံရေးက စိတ်ချမရတဲ့အခြေအနေမှာ ဦးဂါရွာက အမျိုးသမီးရဲ့အဖြစ်အပျက်ဟာ ကြေကွဲ ဝမ်းနည်းစရာပါပဲ။ သူဟာ တော်တော်လေးကြောက်ရွံ့ထိတ်လန့်တဲ့စိတ်တွေ၊ သူ့ရဲ့စိတ်ထဲမှာ ယူကျုံးမရတဲ့ စိတ်တွေ ပင်ကိုယ်အားကလည်း အားနည်းချက်ရှိနေတဲ့အပြင် တော်တော်လေးကိုစိတ်ဒဏ်ရာရသွားတယ်” ဟု ယခင်ကအခြေအနေကို ဒေါ်ညိုအေးကပြောပြသည်။

ဒေါ်ညိုအေးသည် စစ်တွေမြို့အခြေစိုက် ရခိုင်အမျိုးသမီးကွန်ရက်၏ ဥက္ကဋ္ဌဖြစ်ပြီး ဦးဂါရွာမှအမျိုးသမီးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူများအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး အမျိုးသမီးအရေးဆောင်ရွက်နေသည့် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည်။

ဒေါ်ခင်ခင်သည် စစ်တွေမြို့သို့ရောက်ရှိလာပြီးနောက်တွင် ၄င်းအားကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများ၏ အကူအညီများဖြင့် စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းတွင် မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးနှင့် တပ်ကြပ်တစ်ဦးတို့ကို အမှုဖွင့်ခဲ့သည်။

ထိုသို့ဦးဂါရွာကအမျိုးသမီးအား မုဒိမ်းမှုကျူးလွန်ခဲ့ခြင်းမရှိကြောင်းနှင့် လုပ်ကြံဖန်တီးသည့် သတင်းသာဖြစ်ကြောင်း တပ်မတော်ကထုတ်ပြန်ခဲ့သည်။ သို့သော်လည်း နှစ်လကျော်အကြာတွင် တပ်မတော် သားသုံးဦးက မုဒိမ်းမှုကျူးလွန်ခဲ့သည်ဟုဝန်ခံခဲ့ကာ အရေးယူအပြစ်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မုဒိမ်းမှုကျူးလွန်ခဲ့သည့် တပ်မတော်သားသုံးဦးကို စစ်‌တွေမြို့ တပ်မတော်စစ်ခုံရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ်နှစ်(၂၀)စီ ချမှတ်ခဲ့သည်။ သို့ရာတွင် ပိုက်ဆံ နှစ်သောင်းပေးပြီး ခြိမ်းခြောက်ခဲ့သည့်တပ်ကြပ်ကိုမူ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမရှိပေ။

“တစ်ဘက်ကကြည့်လိုက်မယ်ဆိုရင် (သူ)လည်းပါပါတယ်။ ကျွန်မကို အားဓမ္မပြုကျင့်တာမှာမပါပေမယ့် သူက အားပေးအားမြောက်ပါပဲ။ သူဟာသိပေမယ့် သူ့တပည့်သုံးယောက်ကို မထိန်းချုပ်နိုင်ခဲ့တဲ့အတွက် သူကိုယ်တိုင်က အမှုကြီးပါတယ်”ဟု ဒေါ်ခင်ခင်(အမည်လွှဲ)က မချိတင်ကဲဆိုသည်။

အမှုများပြီးမြောက်ပြီ ဆိုနိုင်သော်လည်း ဆင်းရဲဒုက္ခများကိုခံစားနေရသည့် ဒေါ်ခင်ခင်သည် အိပ်မက်ဆိုးများရှိရာ မိမိ၏ဇာတိမြေဦးဂါကျေးရွာသို့ ပြန်မသွားလိုတော့ပေ။ ထိုနေရာနှင့်ဝေးရာ စစ်တွေမြို့တွင်သာ နေထိုင်တော့မည်ဟုဆုံးဖြတ်ထားသည်။ သို့သော်လည်း ကုန်စျေးနှုန်းမြင့်တက်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် မြို့ပေါ်အရပ်တွင်နေထိုင်ရန် သူမအတွက်မလွယ်ကူပေ။ ထို့ကြောင့် ပြီးခဲ့သည့်နှစ်ဆောင်းဦးကာလက မိမိဇာတိရပ်ရွာသို့ ပြန်လည်ခြေချခဲ့ကြသည်။

၄င်းမှာ သားသမီးလေးဦးရှိသည့်အနက် အကြီးဆုံးသမီးဖြစ်သူမှာ အိမ်ထောင်ကျသွားပြီဖြစ်သဖြင့် အိမ်ခြားနေသည်။ လက်ရှိတွင် ၁၈ နှစ်အောက်သားနှစ်ဦး၊ ငါးနှစ်အရွယ်သမီးနှင့်အတူ ကြုံရာကျပန်းလုပ်ကိုင်ရင်း နေထိုင်နေကြသည်။ လင်ယောက်ျားဖြစ်သူမှာလည်း ဇနီးဖြစ်သူ၏အဖြစ်ဆိုးများကို ကြားရ၍တစ်ဖုံ၊ ကျောက်ကပ်၊ အစာအိမ်ရောဂါဝေဒနာများကိုခံစားရ၍တစ်မျိုးဖြင့် လွန်ခဲ့သည့်ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ၌ ကွယ်လွန်သွားသည်။

လင်ယောကျ်ားမရှိတော့သည့် သားသမီးလေးယောက်၏မိခင်သည် အဖအရာ၊အမိအရာ နှစ်ခုစလုံးကိုခံယူပြီး သားသမီးများကို အလုပ်ကြမ်းများကိုလုပ်ကိုင်၍ ရှာဖွေကျွေးမွေးလျက်ရှိနေသည်။ ကားလမ်းလုပ်လျှင် သဲ၊ ကျောက်၊ ဘိလပ်မြေများသယ်ခြင်းအပြင် ဆန်၊စပါးသယ်ခြင်းတို့ဖြင့် လုပ်ကိုင်စားသောက်နေသည်ဟုဆိုသည်။

ရင်နင့်စရာဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့သည်မှာ အချိန်အတန် ကြာမြင့်နေပြီဖြစ်သော်လည်း ကြောက်လန့်မှုရှိကာ “စိတ်မလုံခြုံမှုလည်းရှိတယ်”ဟု ဒေါ်ခင်ခင်ကဆိုသည်။ တစ်ဖက်တွင်လည်း ရွာသူ၊ရွာသားတစ်ချို့၏ ထိုဖြစ်ရပ်ဆိုးများကိုအကြောင်းပြုကာ စောင်းမြောင်းပြောဆိုဆက်ဆံမှုဒဏ်ကိုလည်း ခံရသည်ဟုဆိုသည်။ သို့သော်လည်း စိတ်ဓာတ်မာကျောလှသည့်ဒေါ်ခင်ခင်သည် ထိုသို့ပြောဆိုခြင်းကို မမှုတော့ဘဲ ရခိုင်အမျိုးသမီးများ တရားမျှတမှုရရှိရေးအတွက် အရှက်သိက္ခာကို ပဓာဏမထားဘဲ ထုတ်ဖော်ပြောကြားရင်း ကာကွယ်ခဲ့ခြင်းဟု ဆိုလေသည်။

“ကိုယ့်ရခိုင်အမျိုးသမီးလေးတွေ ကျွန်မလိုမဖြစ်စေဖို့ တရားမျှတမှုအတွက် ကာကွယ်ခဲ့တာပါ”

(အဓမ္မကျူးလွန်ခံရသူ အမျိုးသမီး၏ ကိုယ်ကျင့်သိက္ခာအတွက် အမည်ရင်းကိုမဖော်ပြဘဲ ဒေါ်ခင်ခင်ဟု အမည်လွှဲဖြင့် ဖော်ပြထားခြင်းဖြစ်သည်။)

နေမျိုးလင်း ရေးသည်။

https://www.facebook.com/dmgnewsagency/posts/2246147882204277

Leave a Reply

Your email address will not be published.