By Western News/ 2022 March 06
ရခိုင်ပြည်နယ်ဒေသအလိုက် ULA/AA ၏ တရားစီရင်ရေးအုပ်ချုပ်ရေးပိုင်းတို့ကိုလုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များတွင် တစ်ချို့မှာ ၎င်းတို့ရရှိထားသည့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစားလုပ်နေမှုများရှိကြောင်း လူမှုကွန်ရက်နှင့် နေရာဒေသတစ်ချို့တွင် သတင်းများထွက်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ULA ၏ တရားရေးဌာနအချို့၏ တရားစီရင်ဆုံးဖြတ်မှုတစ်ချို့နှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြောင်းများကို Western News သို့လာရောက်သတင်းပေးပို့ချက်အရ သိရှိခဲ့ရသည်။
အဆိုပါအမှုများမှာ စပါးလိမ်လည်ခံရမှုအားတိုင်ကြားထားရာ အခက်အလက်များအစုံအလင်ပေးပို့သော်လည်း တရားခံအားဖမ်းဆီးရမိခြင်းမရှိသေးမှုနှင့် မုဒိမ်းမှုအတွက် တရားရင်ဆိုင်ရာတွင် ကျူးလွန်သူတရားခံအား အပြစ်မရှိဟုဆိုကာ လွှတ်ပေးလိုက်မှုတို့အား ကာယကံရှင်များမှ ကျေနပ်မှုမရှိကြောင်း ပြောဆိုလာကြခြင်းဖြစ်သည်။
မတ် ၅ ရက်နေ့တွင်ပြုလုပ်သည့် ULA/AA ၏ သတင်းစာရှင်းလင်းပွဲ၌ လုပ်ပိုင်ခွင့်များအလွဲသုံးစားလုပ်နေမှုများကြားသိနေရသည့်အတွက် အဆိုပါလူများအား မည်သို့အရေးယူဆောင်ရွက်မှုတို့ပြုလုပ်ကြောင်း မေးမြန်းရာတွင် ရက္ခိုင့်တပ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စနစ်တကျလေ့ကျင့်ထားသည့်ဝန်ထမ်းများမဟုတ်ခြင်းကြောင့် လုပ်ပိုင်ခွင့်အလွဲသုံးစားလုပ်မှုတို့ရှိသော်လည်း အဆိုပါလူများအား အပြစ်ပေးမှုတို့ရှိသည်ဟု ပြောသည်။
“အာဏာပါဝါပြတယ်ဆိုတာက သေချာလေ့ကျင့်ထားတဲ့ ဝန်ထမ်းတွေမဟုတ်တာရယ်၊ တစ်ချို့က စကားပြောဆိုတာတွေ ချောချောမွေ့မွေ့မရှိတာတွေရှိတတ်ပါတယ်။ အဓိကတော့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ရင် အပြစ်ပေးတာတွေရှိပါတယ်။ ဆက်ပြီးရှိလာရင်လည်း တိတိကျကျသတင်းပေးပို့ကြပါ။ နောက်ပိုင်းကျရင်အခြေအနေလိုအပ်ချက်အရ ဘယ်သူ့ကိုဘယ်လိုအရေးယူကြောင်း ပြည်သူတွေကိုတတ်နိုင်သလောက် အသိပေးဖို့ရှိပါတယ်” ဟုပြောသည်။
လက်ရှိတွင် တရားစီရင်ရေးလုပ်ငန်းများကို ယခင်ထက်ပိုမိုဂရုတစိုက်လုပ်ဆောင်လာသည့်အတွက် ပြဿနာများအနည်းငယ်လျော့ကျလာသည်ကိုတွေ့ရပြီး ပြည်သူများအနေဖြင့်လည်း အကြောင်းအရာအချက်အလက်မပြည့်စုံဘဲ ပြောဆိုမှုများကို စိစစ်ပြီးယုံကြည်ကြရန်နှင့် မှားယွင်းမှုများကိုတည့်မတ်ရန်စေတနာရှိပါက အချက်အလက်အပြည့်အစုံဖြင့် သတင်းပေးပို့နိုင်သည်ဟု ခိုင်သုခက ဆက်ပြောသည်။
၂၀၂၁ ခုနှစ်အတွင် ULA၏ တရားစီရင်ရေးဌာနသို့ အမှုတိုင်တန်းမှုပေါင်း ရာဇဝတ်မှုပေါင်း ၁၈၄၆ မှုရှိပြီး တရားမမှု ၁၉၉၁ မှုရောက်ရှိခဲ့ပြီး ရာဇဝတ်မှုဖြင့် ၁၂၀၅မှုဖြေရှင်းခဲ့ကာ တရတရမှု ၈၇၅ မှုဖြေရှင်းခဲ့ပြီး ရာဇဝတ်မှု ၈၁၁မှုနှင့် တရားမမှု ၁၁၁၇ မှုအားဖြေရှင်းနိုင်ခြင်းမရှိသေးဟု သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။
https://www.facebook.com/westernnewsagency/posts/477887900684386