By Irrawaddy / 2022 March 05

ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများကို တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်နေသော်လည်း အားနည်းချက်များ ရှိကြောင်း ULA/ AA ပြန်ကြားရေးဝန်ခံ ဦးခိုင်သုခက ဝန်ခံပြောကြားလိုက်သည်။
တပ်ဖွဲ့ဝင်များ အနေဖြင့် လုပ်ထုံး၊ လုပ်နည်းပိုင်းဆိုင်ရာများကို စနစ်တကျ လေ့ကျင့်ထားခြင်း မဟုတ်သည့်အတွက် အရည်အချင်းပိုင်ဆိုင်ရာ အားနည်းခြင်း၊ လူသားအရင်းအမြစ် ရှားပါးခြင်း၊ အကျင့်ပျက်ခြစားခြင်း စသည့် အလေ့အကျင့်များ ပါဝင်လာသည့် အတွက်ကြောင့်ဟုလည်း ၎င်းက ဆိုသည်။
ယနေ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ပထမဆုံးအကြိမ်အဖြစ် အွင်းလိုင်းမှတဆင့် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ ULA/ AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပေါ် ဝေဖန်မှု ရှိနေခြင်းနှင့် ပတ်သက်ပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဦးခိုင်သုခက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဦးခိုင်သုခက “ကျနော်တို့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးမှာ အားနည်းချက်တချို့ ရှိပါတယ်။ အဲဒါကိုလည်း ကျနော်တို့ ပြုပြင်နေပါတယ်။ တပ်ဖွဲ့ဝင်တွေ လုပ်ထုံး၊ လုပ်နည်းပိုင်ဆိုင်ရာ အရည်အချင်း အားနည်းချက် ရှိတယ်။ ခေတ်အဆက်ဆက် အကျင့်ပျက်၊ ခြစားတဲ့ အလေ့အကျင့်တွေလည်း ပါဝင်လာတာ ရှိတယ်။ လာဘ်စားမှု၊ ခြစားမှုတွေကို စုံစမ်းဖော်ထုတ် တွေ့ရှိရင်လည်း ကျနော်တို့ အပြစ်ပေးအရေးယူမှုတွေ လုပ်သွားပါမယ်” ဟု ပြောသည်။
ထိုသို့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင် အားနည်းချက်များ ရှိမှုနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ် အမှန်တဝက်၊ အမှားတဝက်ဖြင့် ဝေဖန်တိုက်ခိုက်ခြင်းထက် အချက်အလက် ခိုင်မာစွာဖြင့် အပြုသဘောဆောင်ကာ ထောက်ပြရန် လိုအပ်ပြီး တတ်သိနားလည်သည့် လူငယ်များ အနေဖြင့်လည်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ကဏ္ဍများတွင် တာဝန်လာယူကြရန် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဖိတ်ခေါ်ခဲ့သည်။
၂၀၂၁ အတွင်း ရက္ခိုင့်အမျိုသားအဖွဲ့ချုပ် ULA/ AA ပြည်သူ့တရားစီရင်ရေးဌာနသို့ ရာဇဝတ်မှု ၁၈၀၀ ကျော်နှင့် တရားမမှု ၁၉၀၀ ကျော် စုစုပေါင်း အမှု ၃၈၀၀ ကျော် လက်ခံရရှိပြီး ယင်း အမှုများအား ၅၀ ရာခိုင်နှုန်း ဖြေရှင်းပေးသွားပြီဖြစ်ကာ ကျန်အမှုများကိုလည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သတင်စာရှင်းလင်းပွဲတွင် ဦးခိုင်သုခက ပြောကြားခဲ့သည်။
https://www.facebook.com/theirrawaddyburmese/posts/5467496623294445