By Western News/ 2022 March 13
ဆင်းရဲနွမ်းပါးသူများနှင့် စစ်ဘေးရှောင်ကျောင်းသားများကို အခမဲ့ပညာသင်ကြားပေးနေသည့် ဘူးသီးတောင်မြို့နယ်၊ သီရိမင်္ဂလာရွာမဘုန်းတော်ကြီး ပညာဒါနကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများ စားရေးသောက်ရေးအခက်အခဲဖြစ်နေကြသည်။
အဆိုပါကျောင်းတွင် ဆယ်တန်းကျောင်းသား၂၅ ဦး၊ ကိုးတန်းကျောင်းသား၂၅ ဦးရှိပြီး တခြားအတန်းတက်နေသော ကျောင်းသား ကျောင်းသူများအပါအဝင် စုစုပေါင်း၇၂ ဦးရှိသည်။
ယင်းကျောင်းတွင် အထက်တန်းအဆင့် စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူများနှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ကျောင်းသူများအား အခမဲ့ပညာသင်ပေးနေခြင်းဖြစ်ကြောင်း သီရိမင်္ဂလာရွာမကျောင်းတိုက် ဆရာတော်အရှင်ဝိစက္ခဏ မိန့်သည်။
“ပထမဆုံးခါတော့ ဖြစ်သလို ကျွေးထားရတာပါ။ စာမေးပွဲကာလထဲမှာဆိုရင်တော့ ကလေးတွေကို နည်းနည်းပါးပါးကောင်းကောင်းမွန်မွန်၊ ခွန်အားဗလဖြစ်စေတဲ့ အစားအစာတွေ ကျွေးချင်တဲ့အတွက်ကြောင့် ဆရာတော်က ထမင်းတစ်နပ်အတွက် ငွေတစ်သိန်းလောက် လှူပေးဖို့ တိုက်တွန်းထားတာတွေရှိပါတယ်။ ၉ တန်း၊ ၁၀ တန်းတွေ စာမေးပွဲဖြေတဲ့ကာလမှာ ထမင်းကျွေးမယ် အလှူရှင်တွေရှိစေချင်တယ်”ဟုပြောသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများသည် ဘူးသီးတောင်မြို့ အထက (၁) ကျောင်းတွင် ပညာသွားသင်ကြပြီး အားလပ်ချိန်များ၌ သီရိမင်္ဂလာရွာမဘုန်းတော်ကြီးကျောင်းတွင် ဆက်လက်ပညာသင်ကြားနိုင်ရန် ဆရာ၊ ဆရာမများက လာရောက်သင်ကြားပေးလျက်ရှိသည်။
ယခင်က ဆရာ၊ ဆရာမများရရှိသည့် ထောက်ပံ့ကြေအနည်းငယ်ကို ခက်ခဲသည့် ကာလဖြစ်၍ မထောက်ပံ့နိုင်ဘဲ တစ်ချို့ ရရှိသည်ငွေများကို ကျောင်းသားများအတွက် ပြန်လည်ထောက်ပံ့ပေးနေကြသည်ဟု ဆရာတော်က ဆက်လက်မိန့်သည်။
အဆိုပါကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများမှာ စာအုပ်၊ ဘောပန်များနှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများလည်း လိုအပ်နေသည်ဟု ဘူးသီးတောင်မြို့နယ်၊ စည်တောင်ကျေးရွာမှ ဆယ်တန်းကျောင်းသူ မလှမြဝင်းက ပြောသည်။
“Myammar Exam စာအုပ်တွေ ဝယ်ဖို့အတွက်ကလည်း ပိုက်ဆံမရှိလို့ မဝယ်ရဘူး။ စာမေးပွဲကလည်း နီးလာပြီဖြစ်တဲ့အတွက် သမီးတို့လေ့လာဖို့လိုအပ်တဲ့ စာအုပ်တွေကို အလှူရှင်တွေအနေနဲ့ အမြန်ဆုံးလှူဒါန်းပေးစေချင်တယ်။ နောက်ပြီးတော့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကလည်း လုံလောက်မှုမရှိဘူး။ ကိုယ့်ဟာကို ဝယ်ပြီးတော့ သုံးနေရတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကစ၍ ဆင်းရဲနွမ်းပါးသူကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် အဆိုပါကျောင်းအား ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများမှာ ရသေ့တောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်တို့မှ စစ်ဘေးရှောင်ကျောင်းသား၊ ကျောင်းသူများနှင့် ဆင်းရဲနွမ်းပါးသော ကျောင်းသား၊ ကျောင်းသူများ ပါဝင်ကြောင်းသိရသည်။
၎င်းကျောင်းတွင် ဆယ်တန်းပညာသင်ကြားနေသော ဘူးသီးတောင်မြို့နယ်၊ တောင်ကြီးရင်းကျေးရွာမှ မောင်မျိုးသူရကျော်က “ဆယ်တန်းအောင်ချင်တယ်။ ဒါပေမဲ့ မေမေတို့ကလည်း မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကျောင်းမှာလာပြီးတော့ ပညာသင်ကြားနေရတာပါ”ဟုပြောသည်။
ယခု ၂၀၂၂ ခုနှစ်မှာ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရခိုင်ပြည်နယ် ရသေ့တောင် ပုဏ္ဏားကျွန်း၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်စသည့် မြို့နယ် ၆ မြို့နယ်မှ စာစစ်ဌာန ၂၀ ခုကို မြို့ပေါ်ကိုပြောင်းရွေ့ ၍ စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ မြို့နယ် ၆ မြို့နယ်မှာရှိသည့် နယ်စာစစ်ဌာန တစ်ချို့မှာ ရဲစခန်းများ မရှိတော့သည့်အတွက် စာမေးပွဲမေးခွန်းလုံခြုံရေးအတွက် မြို့ပေါ်ကို ပြောင်းရွေ့စစ်ဆေးရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ်ပညာရေးမှူးက ပြောဆိုထားသည်။
https://www.facebook.com/westernnewsagency/posts/482466616893181