By Western News/ 2022 March 14

ရက္ခိုင့်တပ်တော် AA နှင့်မြန်မာစစ်တပ်တို့ကြား ၂ နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် စစ်ပွဲများဒဏ်ခံခဲ့ရသည့် ရခိုင်ဒေသရှိ လယ်ယာလုပ်ကိုင်သူများမှာ လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းမြင့်တက်မှုအခြေနေများကြောင့် လယ်ယာမြေများအား ပုံမှန်ထွန်ယက်စိုက်ပျိုးရန် ခက်ခဲမှုရှိလာကြသည်။
တိုက်ပွဲဖြစ်ပွားသည့် ကာလများတွင်လည်း နယ်မြေမတည်ငြိမ်မှုတို့ကြောင့် လယ်ယာမြေအများအပြားလုပ်ကိုင်နိုင်မှုမရှိခဲ့ဘဲ လယ်သမားအချို့တွင် လယ်ယာသုံး ကျွဲနွားအများအပြားလည်း ဆုံးရှုံးမှုနှင့်ကြုံခဲ့ကြရသည်။
လက်ရှိ အာဏာသိမ်းမှုနောက်ပိုင်း တစ်နိုင်ငံလုံးနီးပါးဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းမြင့်တက်မှုအခြေနေများကြောင့် လယ်ယာလုပ်ငန်းအသုံးအဆောင်များလည်း ထိုနည်းတူစွာမြင့်တက်လျှက်ရှိရာ နဂိုရှိရင်းစွဲလယ်ယာများကိုပင် ထွန်ယက်နိုင်ခြေမရှိတော့ဟု မြောက်ဦးမြို့နယ်မှ လယ်သမား ဦးမောင်အေးကျော်က ပြောသည်။
“ခုအခြေအနေက လယ်လုပ်ဖို့ဆိုတာ အရမ်းခက်ခဲတဲ့အခြေနေမှာရှိနေပြီ။ လယ်သမားတော်တော်များများ ဒီနှစ်မိုးစပါးမစိုက်တော့မယ့်သူခပ်များများရယ်။ ကျနော့်သားဆို ရှိတဲ့လယ်တွေ ကျနော်ဆီပုံထားပြီး နိုင်ငံခြားထွက်သွားပြီ။ အရင်နှစ်တုန်းက မြေဆီဈေးတွေကြောင့် လယ်တွေထဲမြေဆီကောင်းကောင်းမသုံးနိုင်တော့ အထွက်နှုန်းကတော်တော်ကျသွားတယ်။ ဒီနှစ်က ဈေးပိုမြင့်နေတော့ လုပ်နိုင်ခြေကသိပ်မရှိဘူး။ ကျနော်တောင် ဒီလယ်တွေနဲ့ ဘယ်လိုစခန်းသွားရမှန်း စဉ်းစားမရသေးဘူး” ဟုပြောသည်။
တိုက်ပွဲကာလအတွင်း ကျွဲနွားများဆုံးရှုံးခဲ့ရမှုကြောင့် ထွန်ယက်ရာတွင် လယ်ထွန်စက်ကိုသာအသုံးပြုနေရသည့်အတွက် စက်သုံးဆီးဈေးနှုန်းမြင့်တက်နေသည့် လက်ရှိအခြေနေတွင် ခက်ခဲမှုရှိနေရပြီး ရှိသည့် လယ်ဧကအစုံပင် ထွန်ယက်နိုင်မည်မဟုတ်ဟု ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင်စခန်းဆွင် ခိုလှုံနေသူ သာစည်မှ လယ်သမား ဦးမောင်ကျော်လှက ပြောသည်။
“ကျနော်တို့လယ်သမားတွေကတော့ အဖက်ဖက်ကဒုက္ခမှန်သမျှခံနေရတာပါပဲ။ တိုက်ပွဲဖြစ်တုန်းကလဲ လယ်တွေယာတွေစွန့်ပစ်ပြီးပေးခဲ့ရတယ်။ ဒီတော့ ကျွဲနွားတွေလည်းစွန့်ပစ်ခဲ့ရတော့ ဆုံးရှုံးခဲ့ရတယ်။ အခုလယ်ထွန်မယ်ဆိုရင် ထွန်စက်ကိုဘဲအားကိုနေရတော့တယ်။ ဒီကြားထဲ ဆီဈေးတွေမြင့်လာတော့ အတော်အခက်တွေ့နေပါတယ်။ ရှိတဲ့ လယ် ၈ ဧကကို အပြည့်အဝထွန်နိုင်မယ်မထင်ဘူး။ မိသားစု စားဝတ်နေရေးဖူလုံမှုလောက်ပဲ လုပ်နိုင်မယ်ထင်ပါတယ်” ဟုပြောသည်။
ရခိုင်ဒေသတွင် ထွက်ရှိသည့် စပါးအသားတင်အထွက်နှုန်းမှာ တင်းသိန်းပေါင်း ၃၈၀ ဝန်းကျင်ထွက်ရှိပြီး ပြည်တွင်းဖူလုံမှုအပြင် ပြည်မဖက်ကိုတင်ပို့မှုရှိပြီး ယခု ၃ နှစ်တာကာလအတွင်း လယ်ယာလုပ်ကိုင်သူများ လျော့နည်းမှုရှိလာသည်ဟု ရခိုင်ပြည်နယ် တောင်သူလယ်သမားသမဂ္ဂမှ ဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။
“ရခိုင်မှာတော့ တစ်နှစ်အတွင်း စပါးအသားတင် တင်းသိန်းပေါင်း ၃၈၀ ဝန်းကျင်ထွက်တယ်။ ဒါကပြည်တွင်းဖူလုံမှုအပြင် ပြည်မဖက်တွေကိုတင်ပို့မှုတော့ရှိတယ်။ အခု ၃ နှစ်အတွင်းမှာတော့ လယ်ယာလုပ်ကိုင်သူတွေ နည်းလာတယ်” ဟုပြောသည်။
ရခိုင်ဒေသတွင် စိုက်ပျိုးမြေဧကပေါင်း ၁၂ သိန်းကျော်ရှိပြီး ယခင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်ကျော်ကာလအတွင်းတွင်လည်း ဧက ၈ သောင်းခွဲလောက်သာ ထွန်ယက်မှုပြုလုပ်နိုင်ခဲ့ပြီး လက်ရှိနယ်မြေငြိမ်သက်မှုရှိနေသော်လည်း ကုန်ဈေးမြင့်တက်မှုအခြေနေများကြောင့် စိုက်ပျိုးစရိတ်ကြီးမားလာကာ လယ်ယာလုပ်ကိုင်ရန်ခက်ခဲမှုရှိလာကြခြင်းဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/482902143516295