By Western News/ 2022 March 08

ယခု ၂၀၂၂ ခုနှစ်မှာ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရခိုင်ပြည်နယ် ရသေ့တောင် ပုဏ္ဏားကျွန်း၊ အမ်း၊ မြေပုံ၊ မင်းပြား၊ ကျောက်တော်စသည့် မြို့နယ် ၆ မြို့နယ်မှ စာစစ်ဌာန ၂၀ ခုကို မြို့ပေါ်ကိုပြောင်းရွေ့ ၍ စစ်ဆေးသွားမည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။
အဆိုပါ မြို့နယ် ၆ မြို့နယ်မှာရှိသည့် နယ်စာစစ်ဌာန တစ်ချို့မှာ ရဲစခန်းများ မရှိတော့သည့်အတွက် စာမေးပွဲမေးခွန်းလုံခြုံရေးအတွက် မြို့ပေါ်ကို ပြောင်းရွေ့စစ်ဆေးရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က Western News ကို ပြောသည်။
“မြို့နယ် (၆) မြို့နယ်က စာဖြေဌာနက ၂၀ ကို သက်ဆိုင်ရာမြို့နယ်အလိုက် မြို့ပေါ်တွေကို ပြောင်းရွေ့ပြီးစစ်မယ်။ မေးခွန်းလုံခြုံမှု အတွက် အခုလို လုပ်တာဖြစ်တယ်။ နယ်ဘက်တွေမှာ ရဲစခန်းတွေ မရှိတဲ့အတွက် အခုလို ပြောင်းရွေ့တာ ဖြစ်တယ်” ဟု ပြောသည်။
ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၂၈ ခုဖွင့်လှစ်၍ ကျင်းပသွားမည့်အထဲမှာ စာစစ်ဌာန ၂၀ ကို ယခုလို မြို့ပေါ်ပြောင်းရွေ့ လိုက်ရခြင်းဖြစ်သည်။
ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်မှာ ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင်လည်း နယ်မြေအခြေအနေ မတည်ငြိမ်မှုများကြောင့် နယ်ဘက်တွေမှ စာစစ်ဌာနများကို မြို့ပေါ်ပြောင်းရွေ့စစ်ဆေးမှုများ ရှိခဲ့သည်။
ယခုလို မြို့ပေါ်ကိုသွားရောက်၍ စာမေးပွဲ ဖြေဆိုရမည့် အပေါ် အခက်အခဲတွေ ရှိနိုင်သည်ဟု ကျောင်းသားမိဘများက ပြောသည်။
“အရင်ကဆို ကိုယ့်ရွာက ကျောင်းမှာပဲ တက်တယ်။ရွာက ကျောင်းမှာပဲ စာမေးပွဲဖြေရတာဆိုတော့ ကလေးတွေအတွက် အဆင်ပြေတယ်။ အခု မြို့ပေါ်ကို သွားပြီးစားမေးပွဲ သွားဖြေရမှာဆိုတော့ ကျွန်မတို့မှာ သွားလာရ အခက်အခဲတွေရှိတယ်။ နောက်တစ်ခုက စာမေးပွဲကာလ တစ်လျှောက်လုံး မြို့ပေါ်မှာ နေရမှာဆိုတော့ နေဖို့အိမ်အခက်အခဲတွေရှိတယ်။ ငွေကြေး အကုန်အကျတွေများနိုင်တယ်” ဟု ရသေ့တောင်မြို့နယ် မှ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ်မှာ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးမှာ မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/479180943888415