စပါးခွံမှ လျှပ်စစ်ထုတ်ရန်နှင့် ဖွဲနုမှ စားသုံးဆီထုတ်ရန် နည်းပညာနှင့်ချေးငွေများ ကူညီပေးမည်ဟု ဆန်စပါးအသင်းချုပ်ဆို

By Development Media Group (DMG)/ 2022 March 18

Photo – greenwaymyanmar

ဆန်စပါးကြိတ်ခွဲမှုလုပ်ငန်း၏ စွန့်ပစ်စပါးခွံမှ လျှပ်စစ်ထုတ်လုပ်နိုင်ရန်နှင့် ဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုမှ စားသုံးဆီ ထုတ်လုပ်ရန်အတွက် နည်းပညာအကူအညီနှင့်ချေးငွေရရှိရန် အကူအညီပေးအပ်မည်ဖြစ်၍ ဆက်သွယ်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

လျှပ်စစ်မီးများ မကြာခဏပြတ်တောက်နေမှုများကြောင့် လျှပ်စစ်မီးပုံမှန်ရရှိစေရန်အတွက် စွန့်ပစ်စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး မဟာဓာတ်အားကွန်ယက်နှင့်ချိတ်ဆက်ကာ စွမ်းအင်ထုတ်နိုင်ရန်နှင့် Bolier Turbine Power Generation စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အစီအစဉ်ရှိသည့် ဆန်စပါးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအနေဖြင့် ဆက်သွယ်နိုင်သည်ဟု မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“စိတ်ဝင်စားတယ်ဆိုရင် လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ၊ ဆန်စပါးလုပ်ငန်းရှင်တွေအနေနဲ့ လိပ်စာအပြည့်အစုံကို ကျွန်တော်တို့အသင်းချုပ်ဆီကို စာတင်ထားရမယ်။ နည်းပညာဆိုတဲ့ခေါင်းစဉ်အောက်မှာ အများကြီးကျယ်ပြန့်တယ်။ ကျန်တဲ့အကူအညီဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း အများကြီးပဲ”ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက DMG သို့ပြောသည်။

ထို့အပြင် ဆန်ကြိတ်ခွဲရာမှ ဘေးထွက်ပစ္စည်းဖြစ်သည့် ဖွဲနုမှလည်း စားသုံးနိုင်သည့် ဖွဲနုစားသုံးဆီထုတ်လုပ်ရန် ယင်းကဲ့သို့ အကူအညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့နည်းပညာနှင့် ချေးငွေအကူအညီပေးမည့်ကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်အတွင်း ဆန်စက်လုပ်ငန်းများနှင့် ဆွေးနွေးရအုံးမည်ဟု ရခိုင်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းရွေက DMG သို့ပြောသည်။

“ကျွန်တော်ဆီကိုတော့ စာမရောက်သေးဘူး။ ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင် ကျွန်တော်တို့က ဆန်စက်ပိုင်ရှင်တွေ၊ ဆန်လုပ်တဲ့ သူတွေကိုမေးကြည့်ရမယ်။ သူတို့က ပူးပေါင်းမယ်ဆိုရင် မြန်မာနိုင်ငံဆန်စပါးအသင်းက နည်းပညာဆိုရင် စက်ပေးမှာလား၊ ဘယ်လိုလုပ်မှာဆိုလဲဆိုတာကို ဆွေးနွေးရအုံးမယ်”ဟု ၎င်းကဆိုသည်။

ဆန်စပါးလုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် စပါးခွံမှ လျှပ်စစ်ထုတ်လုပ်ရန်နှင့် ဖွဲနုမှစားသုံးဆီထုတ်ရန် နည်းပညာနှင့် ချေးငွေများအကူအညီရရှိရန် မတ်လ ၃၁ နေ့နောက်ဆုံးထား၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

https://www.facebook.com/dmgnewsagency/posts/2249329081886157

Leave a Reply

Your email address will not be published.