စစ်အာဏာသိမ်းပြီးနောက် တဟုန်ထိုးတက်လာသောကုန်ဈေးနှုန်းနှင့်လက်လုပ်လက်စားဘဝများ

By Boder News Agency (BNA) / 2022 March  26

(ဓာတ်ပုံ-စစ်တွေမြို့တွင် နေအိမ်ဖျက် ဆီးခံရသူများ ၏ ယာယီနေရာ/BNA)

ဘေးတစ်ဖက်သို့စောင်းကာ ယိုင်နဲ့နေသောဓနိမိုး၊ဓနိချပ်ကာထားသည့် အိမ်ကလေး၏အဖီ(အယပ်)မီးဖို ချောင်တွင် အသက်လေးဆယ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး ဆောင့်ကြောင်ထိုင်၍ ငိုင်နေသ ည်။ထို့နောက် သွပ်ရောင်အိုးဖာတိပ်(သွပ်အိုးများ ပေါက်သွားလျှင် ဖာထေးသည့်တိပ်)ရာများစွာနှင့် ဟောင်းနွမ်းနေပြီဖြစ်သော သွပ်အိုးတစ်လုံးကို ဆပ်ပြာမပါ၊ရေအတိဖြင့် ဆေးနေ၏။

အချိန်၏ထုထောင်းခြင်းဒဏ်ကို မည်မျှလောက် ခံရပြီးသည်မသိသော ထိုသွပ်အိုးမှာ အိုးဖာတိပ်ရာမှလွှဲ၍ ကျန်နေရာများတွင် သွပ်ရောင်မရှိတော့ချေ။ မီးခိုးငွေ့ကြောင့် မှိုင်းများကပ်၍ မည်းနက်ထူထဲနေပြီ။သွပ်အိုးအဝနှင့်အဖုံးတို့တထပ်တည်းမကျတော့ဘဲ ယွဲ့စောင်းနေပြီဖြစ်သော အိုးမဲရောင် သွပ်အိုးငယ်နောက်တစ်လုံးကလည်း ဘေးတွင်ရှိနေသည်။ထိုအမျိုးသမီးမှာ သွပ်အိုးငယ်နှစ်လုံးကို ဆေးကြော ရင်း ပါးစပ်မှလည်း တတွတ်တွတ်ပြောနေ၏။ သူ့မျက်နှာတွင်မူ ရွှင်လန်းမှုဟူ၍ ရှာမတွေ့၊ပူပန်မှုအတိကိုသာ အထင်သား တွေ့ရသည်။

“ဒီအတိုင်းဆိုရင် ငတ်တော့မယ်၊ငတ်ပြီး သေရဖို့ပဲ ရှိတော့တယ်။”ဟု ထိုအမျိုးသမီးက ပြောနေသည်။

ထိုအမျိုးသမီးမှာ ရခိုင်ပြည်၊ပေါက်တောမြို့အနီး ကျေးလက်ရွာလေးတစ်ရွာမှ ဒေါ်မသန်းဖြစ်သည်။ဒေါ်မသန်းမှာ ခင်ဗွန်းဆုံးပြီးနောက် ကျန်နေခဲ့သော လသားအရွယ်သမီးငယ်နှင့် သားကြီးတို့အား နီးစပ်ရာချောင်းနား၊တောင်နား ဟင်းရှာခူး၍ ကျေးမွေးပြုစုလာခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီ။

ရွာအနီးချောင်းစပ်မှ မှိုဟင်း(ငှက်ကြီး တောင်)ခူး၍ မြို့ပေါ်စျေးသို့ သွားရောင်းသည်။ငွေသုံးထောင်ရသည့်နေ့ရှိသလို လေးထောင်ရသည့်အခါလည်း ရသည်။တစ်ခါတစ်ရံ နေ့စားအလုပ်ခေါ်ကြလျှင် သွားလုပ်လိုက်သည်။ငါးထောင်၊ခြောက်ထောင်ဝန်းကျင်ရသည်။

ယင်းဝင်ငွေဖြင့် ဒေါ်မသန်းတို့ မိသားစု ဝမ်းရေးဖူ လုံအဆင်ပြေနေခဲ့သည်။အသားဟင်း၊ငါးဟင်း နေ့တိုင်းမစားရ သ ည်ကလွှဲ၍ စိုစိုပြေပြေရှိခဲ့သည်။သမီးငယ် မုန့်စားစရိတ်၊ကျောင်းစရိတ်အတွက်လ ည်း လောက်ငှခဲ့၏။မကျန်းမမာရေးအတွက် အရေးပေါ် ဆေးခန်းပြစရိတ်အတွက်ပါ ပိုကျန်ခဲ့၏။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ဒီရေအလားတဟုန်ထိုးတက်လာနေသည့် ကုန်စျေးနှုန်းကြော င့် ဒေါ်မသန်းပူပန်နေရပြီ။ဆင်းရဲထမင်း၊ဆင်းရဲဟင်းကို အေးအေးချမ်းချမ်းစားသောက်နေ ထိုင်လာခဲ့သည့် ဒေါ်မသန်းဘ၀မှာ ယခင်ကလို မအေးချမ်းတော့ပေ။

နေ့စဉ်စားသုံးနေရသည့် အခြေခံစားသောက်ကုန်များမှာ ယခင်နှစ်ကထက် သုံးဆကျော်၊လေးဆနီး ပါးတက်နေပြီ။ ပဲဆီစျေးဆိုလျှင်မတို့ရဲ၊မထိရဲလောက်ပင်တက်နေသည်။

စစ်တပ်ကအာဏာမသိမ်းမီ လွန်ခဲ့သည့် တစ်နှစ်ကျော် ၂၀ ၂၁ နှစ်ဆန်းပိုင်းက ၁၂၀၀ ဝန်းကျင်သာ ရှိခဲ့သော စားဆီတစ်လီတာကို ယခု ၅၀၀၀ နီးပါးပေးဝယ်နေရပြီ။လေးဆတက်သွားပြီ။ဆန်ဆိုလျှင်လည်း ထိုန ည်းတူ၊ကြက်သွန်၊ငရုတ်၊ဆား၊အချို မှုန့်တို့ကလည်း အလားတူ။ယင်းကြောင့် ဒေါ်မသန်းတို့ ဆီမပါဘဲ ဟင်းချက်စားနေလာခဲ့သည်မှာ နှစ်လလောက် ရှိပြီ။

“ဘာပဲချက်ချက် ဆီမပါဘဲချက်စားနေတာကြာပြီ။ဆီဝယ်လိုက်ရင် တခြားဟာတွေဝယ်ဖို့ ပိုက်ဆံကျန်တော့ မှာမဟုတ်ဘူး။ကလေးတွေနဲ့ အငတ်မခံနိုင်ဘူးလေ။ဆီမပါဘဲစားလို့ သေမှမသေတာ။ အရသာတော့ မရှိဘူးပေါ့။”ဟု ဒေါ်မသန်းက သူ့ကိုယ်သူနှစ်သိမ့်စကားဆို ၏။

အကျဘက်မရှိဘဲ အတက်ဘက်ကို ခုန်တက်နေသော ကုန်စျေးနှုန်းများကြား တိုးမလာဘဲလျှော့လာနေသည့်ဝင်ငွေက ဒေါ်မသန်းအားပို၍ စိတ်သောက ရောက်စေသည်။

ဒေါ်မသန်းတို့ နေ့တဒူ၀ဝယ်စားနေရသည့် စား သောက်ကုန်များ စျေးတက်နေသော်လည်း ဒေါ်မသန်းရောင်းချနေသည့် မှိုဟင်းမှာမူ စျေးတက်မလာ၊ယခင်အတိုင်းသာဖြစ်၏။စျေးတိုးတောင်း၍ မရ။စျေးပိုတောင်း၍မရသည့်အပြင် ယခင်ကလောက်ကဲ့သို့ပင် ရောင်းမကောင်း၊မရောင်းရဟု ဒေါ်မသန်းက ညည်းသည်။

“ကျွန်မတို့ ရောင်းတာတွေ စျေးမတက်ဘူး။ဝယ်စားရတာက ဟိုးအမြင့်ဆုံး တ က်သွားတော့၊ငတ်ဖို့ပဲ ရှိတော့တယ်။” ဟု၎င်းက တိုးညှင်းသောအသံဖြင့် ပြောကာ သက်ပြင်းတစ်ချက်ချသည်။

ယခင်က ဒေါ်မသန်း မြို့ပေါ်စျေးသို့ ကယ်ရီဖြင့် သွားသည်။ယခုတော့ မိုးထိအောင်မြင့်တက်နေပြီဖြစ်သော ဓါတ်ဆီစျေးကြောင့် အငှားဆိုင်ကယ်စီးခများမှာလည်း စျေးတက်ကုန်ပြီ။ယခင်ထက်တစ်ဆ ပိုသွားပြီ။စစ်တပ်၏ အာဏာမသိမ်းမီက တစ်လီတာကို ၇၀၀ ဝန်းကျင်သာရှိခဲ့သော ဓါတ်ဆီစျေးမှာ ယခု ၃၀၀၀ နီးပါးဖြစ်သွားပြီ။

ယင်းကြောင့် ဒေါ်မသန်းကို ကယ်ရီစီးဖို့ အခွင့်မပေးတော့ပေ။နှစ်မိုင်ကျော်(အ သွားအပြန်ငါးမိုင်ဝန်းကျ င်)ဝေးသောခရီးကို ရက်စက်လှသော တပေါင်းလနွေပူအောက်တွင် ခြေကျင်လျှောက်ရတော့သည်။စျေးသို့အသွား မနက်ပိုင်းတွင် နေရောင်မထွက်သေး၍ အနည်းငယ်သာမျှ သက်တောင့်သက်သာရှိသေးသည်။

သို့သော် စျေးရောင်းပြီး၍ အပြန်တွင်မူ နေမင်းကြီးက ခေါင်းပေါ်ရောက်နှင့်နေပြီ။နွေပူပူအောက် ဦး ခေါင်းတွင် အမိုးမပါ ခြေဗလာနီးပါး (ဒေါ်မသန်းနှင့်အတူ လောကဓံ၏ နှိပ်စက်မှုဒဏ်ကို အတူခံလာရသော သူမ၏ သားရေဖိနပ်မှာ ဖနှောင့်နေရာများတွင် ပါးလျှပ်ပေါက်ပြဲနေပြီ။ ခြေမနှင့် ခြေချောင်းကလေးများနေရာသည်လည်း ပိတ်စပမာ ပါးလျှပ်စွာပင် ပေါက်လုနီးနီး ဖြစ်နေပြီ။)နှင့် လမ်းလျှောက်လာရသည့် ဒေါ်မသန်းမှာ နေမင်းကြီး၏ နှိပ်စက်ခြင်းဒဏ်ကိုခံရတော့သည်။

နေပူဒဏ်ကြောင့် ဒေါ်မသန်း ခေါင်းကိုက်တတ်သ ည်။သို့သော် ဒေါ်မသန်းနား၍မရ။သုံး၊လေးဆတက်နေသည့် စားသောက်ကုန်စျေးက ဒေါ်မသန်းကို နားခွင့်မပေး။(ယခင်ကဆိုလျှင် တစ်ပတ်မှာ တစ်ရက်လောက် ဒေါ်မသန်း နား၍ရသည်။ယင်းသို့ နားလို က်၍ ဒေါ်မသန်းတို့ ဝမ်းရေးကို မထိခိုက်။) နော က်ရက်တွင် ထမင်းအိုးသို့ ဆန်ရောက်လာဖို့ အရေး ကြီးသည်။ထိုင်နေ၍ ဖြစ်မလာ။ထို့ကြောင့် စျေးမှအပြန် ထမင်း၊ဟင်းစားပြီးသည်နှင့် မှိုဟင်းရှာဖို့ ထွက်ရတော့သည်။

“ခေါင်းတွေ အရမ်းကိုက်ရင် အိပ်ပစ်လိုက်ချင်တ ယ်။ဒါပေမယ့် အဲလိုနားလိုက်ရင် အိုးထဲ ဆန်ရောက်လာမှာမဟုတ်ဘူး။ဗိုက်မှောက်ပြီးနေရမှာ။ ကျွန်မက နေလို့ရပေမယ့် ကလေးတွေ ရှိတယ်လေ၊ သူတို့မျက်နှာကိုကြည့်ပြီး သွားရတာပါပဲ”ဟု ဒေါ်မသန်းက ပြောသည်။

မိုးထိအောင်တက်နေသော ကုန်စျေးနှုန်းနှင့်အတူ ကပ်ပါလာသည့် လူမှုဒုက္ခအဖုံဖုံကို တနင့်တပိုး ခံစားကြရသူများမှာ ဒေါ်မသန်းတစ် ယောက်တည်း မဟု တ်ပေ။မြန်မာနိုင်ငံ၏ ဒုတိယအဆင်းရဲဆုံးဖြစ်သော ရခိုင်ပြည်မှ လက်လုပ်လက်စားအခြေခံလူတန်းစားများစွာမှာလည်း အလားတူပင်၊ဝမ်းတစ်ထွာအတွက် နဂိုကထက် ပို၍ရုန်းကန်နေကြရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် မဲစာရင်းမှား ယွင်းသည်ကို အကြောင်းပြ၍ စစ်တပ်ကတိုင်းပြည် အာဏာကိုသိမ်းယူခဲ့သည်။ယင်းမှစ၍ ကိုဗစ်ကပ်ရောဂါကြောင့် စျေးတက်ခဲ့ပြီး ပြန်ကျခါစရှိသေးသော အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းမှာ တစ်ဖန်ပြန်၍ ဦးမော့လာခဲ့ခြင်းဖြစ်သည်။

အခြေခံစားသောက်ကုန်များနှင့်အတူ စက်သုံးဆီ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင် အလုံးစုံသော ကုန်ပစ္စည်းတို့၏ စျေးနှုန်းမှာလည်း ညီညီညာညာပင် လိုက်တက်လာခဲ့ကြ၏။

၂၀၂၁ နှစ်ကုန်ပိုင်းမှစ၍ အရှိန်ပြင်းပြင်းဖြင့် တဟုန်ထိုးတက်လာနေခဲ့သည့် ထိုကုန်စျေးနှုန်းမှာ ယခုတွင်မူ လွန်ခဲ့သည့်တစ်နှစ်ကျော် အာဏာမသိမ်းမီကထက် သုံးဆကျော်၊လေးဆဖြစ်သွားခဲ့ပြီ။

ကိုဗစ်နှင့်စစ်တပ်၏အာဏာသိမ်းဂယက်ကြောင့် ပြည်သူများ အလုပ်ပြုတ်(နား)ရချိန်၊အလုပ်လက်မဲ့ဖြစ်သွားရ ချိန်၊မိသားစုဝင်ငွေနည်းပါးကာ စီးပွား ရေးယိုယွင်းနေကြချိန် ကုန်စျေးနှုန်းများ ဒုန်းစိုင်းတက်လာကြခြင်းဖြစ်သည်။

နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုကြောင့် ယခုကဲ့သို့ ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာရခြင်းဖြစ်ပြီး အလွှာပေါင်းစုံမှ ပြည်သူတို့မှာ ထိခိုက်မှုကို ခံစားကြရကြောင်း စီးပွားရေးဆိုင်ရာလေ့လာသူများက ပြောကြသည်။

စစ်တပ်၏အာဏာသိမ်းဂယက်ကြောင့် တက်လာသ ည့် ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်ကို အလူးအလိမ့်ခံရသူများထဲတွင် ဒေါ်မသန်းတို့လို အခြေခံလူတန်းစာများက ထိပ်ဆုံးကပါဝင်ခဲ့သည်။

“အလွှာစုံက ထိခိုက်ခံစားရတယ်ဆိုပေမယ့် အခံရဆုံးကတော့ အခြေခံလူတန်စားတွေပါပဲ။ပြောစရာမလိုအောင်ကို ခံကြရတယ်။”ဟု ရခိုင်စီးပွားရေးဦး ဆောင်အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ဦးခင်မောင်ကြီးက ပြောသည်။

ယင်းသို့ ကုန်စျေးနှုန်းမြှင့်တက်မှုဒဏ်ကို အလူးအ လိမ့်ခံရသူများထဲတွင် ဒေါ်မသန်းတို့လို ဟင်းခူး၊ငါးရှာကာ ဘ၀ ကို ရုန်းကန်နေသူများအပြင် နှစ်ဘီးဆို င်ကယ်၊ဘေးတွဲဆိုင်ကယ် မောင်းသူများ၊မြို့ပေါ် ဆ င်ခြေဖုံးရပ်ကွက်များမှ ကုန်တင်၊ကုန်ချ၊ပန်းရံ၊လ က်သမားအစရှိသော ကျပန်းလုပ်ကိုင်သူများ ပါဝင်သည်ဟု စားရေးသောက်ရေးအခက်ကြုံနေရသည့်အခြေခံလူတန်းများအား အစားအသောက်ကူညီပေးနေသည့် Food Not Booms – Rakhine အဖွဲ့မှ လူငယ်တစ်ဦးက ပြောသည်။

ယခင်က တစ်ရက်လျှင်ငွေငါးထောင်မှ တစ်သောင်းကြားဝင်ငွေရခဲ့ရာမှ ယခုအခါငွေငါးထောင်ရဖို့အတွ က်ပင်မလွယ်ကူတော့ကြောင်း စစ်တွေမြို့မှဘေးတွဲဆိုင်ကယ်မောင်းသူ ကိုစိုးက ပြောသ ည်။ငါးထောင်ရသည်ထားအုံး၊ဆီဖိုးဖယ်ရအုံးမည်။ယခင်ကထက် လေးဆ တက်နေသည့်ဆီဖိုးကို ဖယ်လိုက်လျှင် ကိုစိုးဝင်းတို့မိသားစု ထမင်းစားစရိတ်ပင် မလောက်မငှဖြစ်ရသည်ဟုဆိုသည် ။

“တစ်ရက်နေလို့ တစ်ထောင်တန်တကြောင်းပဲ ရတဲ့နေ့တောင်ရှိတယ်။ကုန်စျေးနှုန်းတွေကလည်း အဲလောက်တက်နေတာ၊ဘယ်လိုထမင်းစားရတော့မလဲဗျာ။”ဟု ကိုစိုးက ညည်းသည်။

အစစအရာရာ စရိတ်ထောင်းနေသည့် အတွက် အ ခြေခံလူတန်းစားမဟုတ်သော လူလတ်တန်းစား ဝန် ထမ်းအချို့မှာလည်း အသုံးစရိတ်များကို လျှော့ချချွေတာ၍ သုံးစွဲနေကြရကြောင်း ဆိုကြသည်။ယခင်က စျေးသို့အငှား ဘေးတွဲဆိုင်ကယ်စီး၍ နေစဉ်ပုံမှန်သွားနေခဲ့သော်လည်း ယခုတွင်မူ လမ်းလျှောက်၍ သာ စျေးသွားဝယ်နေပြီဟု စစ်တွေမြို့ မှ ဒေါ်စန္ဒာက ပြောသည်။

“အရင်ဆို စျေးသွား၊စျေးပြန် နေ့တိုင်း ဘေးတွဲနဲ့သွားတယ်လေ။အခုက စျေးဖိုးတွေရော အကုန်လုံးပိုကုန် နေတော့ လမ်းလျှောက်ပြီးပဲ စျေးဝယ်တော့တယ်။”ဟု ၎င်းက ဆိုသည်။

စျေးအတက်ဆုံးသော အခြေခံခံစားသောက်ကုန်များထဲမှ တစ်ခုဖြစ်သည့် စာအုန်းဆီးစျေးကြောင့် ကိုစိုးတို့လို ဝမ်းရေးအခက်ကြုံနေရသူများလည်း ရှိနေသည်။ယင်းအထဲတွင် သံတွဲမြို့မှ အကြော်ရော င်းသည့် မနီလည်း ပါဝင်၏။

စာအုန်းဆီတစ်ပိဿာကို ၁၉၀၀ စျေး ပေးဝယ်ခဲ့ရသည့် မနီမှာ ယခု ၈၅၀၀ ပေးဝယ်ရမည့်အချိန်တွင် မတတ်သာ အဆုံး သူ၏အကြော်ဆိုင်လေးအား ပိ တ်လိုက်ရတော့သည်။မနီအကြော် မရောင်းတော့ သည်မှာ သုံးလခန့်ရှိပြီ။

ဝမ်းရေးက ရှိနေသေးတော့ ဆီများများစားစား မသုံးရသည့် မုန့်တီပြောင်း၍ ရောင်းသည်။သို့သော် မနီတို့နည်းတူ အဘများစုမှာ အဆင်ပြေကြသူတွေ မ ဟုတ်တော့ ဝယ်စားမည်သူအနည်းငယ်သာရှိသည်ဟု ဆိုသည်။ယင်းကြောင့် မနီတို့ အိမ်နောက်ဖေးတွင် စိုက်ထားသည့် စိုက်ပျိုးရေးကန်ဇွန်းရွက်များကို ရေလောင်းပေါင်းသင် ပြန်လုပ်ပြီး ခူးရောင်းသည်။သို့သော် ဆီနှင့်ကြော်စားရန်သာ ပိုသင့်တော်သည့် ထိုကန်ဇွန်းရွက်ကိုလည်း ဝယ်ယူနည်းသည်။

“အရင်လို ဝင်ငွေမရှိတော့ မလောက်မငှဖြစ်ပြီး အ ကြွေးတွေ တင်တာပေ့ါကွ ယ်။”ဟုမနီကပြောသည်။

တဟုန်ထိုးတက်နေသော ကုန်စျေးနှုန်းကြောင့် စစ်တွေမြို့ကုန်တန်း၊မီးလောင်ကွင်းရပ်ကွက်မှ အမျိုး သမီးတစ်ဦးကလည်း မီးဖိုချောင်အသုံးစရိတ်က လေးရနိုးဖြင့် ဖွင့်လှစ်ထားသော ၎င်း၏ကုန်ခြောက် ဆိုင်ကလေးကို ပိတ်လိုက်ရပြီဟုဆိုသည်။ဝယ်ယူရသည့် ကုန်စျေးနှုန်းက အလွန်မြင့်တော့ ပြန်ရောင်းသည့်အခါ တွက်ခြေမကိုက်တော့ဟု ဆိုသည်။

“အဲဆိုင်လေးမရှိတော့ အခက်အခဲဖြစ်ရတာပေ့ါ။” ဟု ယင်းအမျိုးသမီးက ပြောသည်။

ဘိလပ်မြေအပါဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၏စျေးနှုန်းမြှင့်တက်နေမှုကလည်း အ ခြေခံလူတန်းစားတို့ စားဝတ်နေရေးအကြပ်အတ ည်းကို ဖြစ်စေသည်။ယင်းပစ္စည်းများ စျေးတက်နေသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းအချို့ ရပ် နားထားရကြောင်း၊ယင်းသို့ရပ်ထားရသည့်အတွက် ပါဝင်လုပ်ကိုင်နေခဲ့သော ပန်းရံအလုပ်သမားများမှာ အလုပ်အကိုင်ဆုံးရှုံးကြရသည်ဟု ရခိုင်မှဆောက် လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အဲဒီပန်းရံဆိုဒ်တွေကို မှီခိုပြီး စားနေကြတာလေ။အခု ရပ်လိုက်တော့ သိပ်အခက်အခဲဖြစ်တာပေါ့။” ဟု ၎င်းက ဆိုသည်။

ယခင်က နေ့တိုင်းနီးပါးအလုပ်လုပ်ခဲ့ရသော်လည်း ယခုအခါ ပုံမှန်အလုပ်မလုပ်ရသည်မှာ ကြာပြီဖြစ်ကြောင်း နယ်မှလာ၍ စစ်တွေမြို့တွင် မိသားစုလိုက်နေထိုင်ပြီး ပန်းရံအလုပ်လုပ်ကိုင်သည့် ကိုထွန်းဝင်းက ပြောသည်။

“ကလေးတွေရော ရှိတယ်လေ။အလုပ်မလုပ်ရတော့ ဒုက္ခရောက်တာပေါ့။ချေးငှားပြီး စားနေရတာပေါ့။” ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးအခြေအနေတရပ်ကြောင့် ဖြစ်လာရသော ကုန်စျေးနှုန်းမြင့်တက်မှု၏ နောက်ဆက်တွဲအနေ ဖြင့် စားဝတ်နေရေးကြပ်တည်းနေကြသည့်အခြေခံ လူတန်းစားများကို ကူညီပေးကြရန် Food Not Booms – Rakhine မှ လူငယ်တစ်ဦးက တိုက်တွန်းသည်။

ပြီးခဲ့သည့် ကိုဗစ်ကပ်ရောဂါကာလ၊ပြီးခဲ့သည့် သ င်္ကြန်ကာလတို့တွင် ဝမ်းရေးအခက်ကြုံနေရသူများကို Food Not Booms – Rakhine  အဖွဲ့မှ ဆန်၊ ဆီ၊ ဆား၊ကြက်ဥတို့ ကူညီလှူဒါန်းခဲ့ကြသ ည်။ယခုအခါတွင်လည်း ၎င်းတို့ကူညီပေးရန် ဆန္ဒပြင်းပြနေသည်ဟု ဆိုသ ည်။

သို့သော် ယခင်ကိုဗပ်ကပ်ရောဂါကာလတုန်းက အ သုံးပြုခဲ့သည့် ရန်ပုံငွေပမာဏမျှဖြင့် အဆင်မပြေ။ယင်းအချိန် အိမ်ထောင်စုတစ်စုစာအတွက် ငွေကျပ် ၇၀၀၀ ဝန်းကျင်ခန့်သာ ကုန်ကျခဲ့သည် ။(ထိုကာလက ငွေကျပ်တစ်ထောင်ဖိုး ကြက်ဥ ၁၂ လုံးရသည်။ယခု ငွေကျပ်တစ်ထောင်ဖိုး ကြက်ဥ ၆ လုံးသာ ရတော့သည်။)ယခုစျေးနှင့် တွက်ကြည့်သော် ၂၀၀၀၀ ကျော် ကုန်ကျမည်ဟု ၎င်းက ဆိုသည်။ယင်းကြောင့် ခေတ္တရ ပ်ဆိုင်းထားရသည်ဟု ဆိုသည်။

“ဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာကို ပြန်သွားကြရင် ကျွန်တော်တို့နေတဲ့ တိုင်းပြည်နဲ့လည်းသက်ဆိုင်တယ်လေ။အဲဒါကို ဘယ်သူလုပ်ထားတာလဲ၊ဘယ်သူက ဦးစီးပြီးလုပ်နေတာလဲ။”ဟု လူငယ်တစ်ဦးက မေးခွန်းထုတ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအ တွင်း ဆောက်လုပ်ရေးအလုပ်သမား သုံးသိန်းခွဲ (၃၅၀၀၀၀)အပါအဝင် အလုပ်သမားပေါင်း ၁၆ သိန်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)က ၂၀ ၂၂ ဇန်နဝါရီလအတွင်းက ထုတ်ပြန်ချက်က ဆိုသ ည်။

ယင်းသို့သော အလုပ်လက်မဲ့ပြဿနာမှသည် နိုင်ငံတစ်ဝန်းမလုံခြုံမှုနှင့်ဆင်းရဲ နွမ်းပါးမှုများတိုးလာမည့် အခြေအနေ ဆီသို့ ဦးတည်သွားနိုင်ကြောင်း ILO ၏ ထုတ်ပြန်ချက်က ပြောသည်။

ယင်းအပြင် စစ်တပ်၏အာဏာသိမ်းမှုကြောင့် ယခု ၂၀၂၂ နှစ်ဆန်းပိုင်းမှစ၍ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ဖြစ်သော ၂၅ သန်းခန့်သည် ဆင်းရဲငတ် မွတ်မှုဘေးကို ကြုံရမည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)က ၂၀၂ ၁ ခုနှစ်၊နှစ်ကုန်ပိုင်းက ကြိုတင်ခန့်မှန်းထုတ်ပြန်ခဲ့သည်။

အလုပ်အကိုင်အခွင့်အလမ်းရှားပါးပြီး ဖွံ့ဖြိုးမှုညွှန်းကိန်းအရ အနိမ့်ကျဆုံးပြ ည်ဟုဆိုနိုင်သော ရခိုင်ပြည်အတွင်းမှ ပြည်သူများမှာ အဆိုပါငတ်မွတ်မှုဒဏ်ကို နဖူးတွေ့၊ဒူးတွေ့ ရင်ဆိုင်နေကြရပြီဖြစ် သည်။

“မငတ်ရုံတမယ် ဖြစ်နေပြီလေ။”ဟု စစ်တွေမြို့တွင် ပန်းရံလုပ်နေသည့် ကိုထွန်းဝင်းက ပြောသည်။

ရခိုင်ပြည်အတွင်း ၂၀၁၂ ပဋိပက္ခကြောင့် လူပေါင်းတစ်သိန်းကျော်မှာ ဒုက္ခသ ည်စခန်းများမှာခိုလှုံနေကြသကဲ့ ၂၀၁ ၈ ခုနှစ်က စတင်ဖြစ်ပွားခဲ့သည့် လက်န က်ကိုင်ပဋိပက္ခကြောင့် စစ်ဘေးရှောင်သိန်းနှင့်ချီပြီး ယာယီစခန်းများတွင် ခိုလှုံနေကြရသည်။

ထိုဒုက္ခသည်သုံးသိန်းကျော်မှာ လူသားချင်းစာနာထောက်ထားသည့်အဖွဲ့များနှင့် အရပ်ဖက်အဖွဲ့အ စည်းတချို့၏ ကူ ညီထောက်ပံ့မှုဖြင့်သာ စားဝတ် နေရေးပိုဖြေရှင်းနေကြရသည်။

”အရင်လိုလာရောက်ကူညီလှူဒါန်းသူတွေက မရှိတော့သလောက်ပါ။ခုကစား ဝတ်နေးရေး တအားခက်ခဲလာနေပါတယ်။တရက်တလေဆိုရင် ထမင်းကို ဆားနဲ့ပဲစားရပါတယ်။” ဟု ဘူးသီးတောင်မြို့ နယ်၊မြောင်းနားစစ်ဘေးရှောင်စခန်းနေ ခမီလူမျိုးစစ်ဘေးရှောင်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုမှအစပြု၍ဖြစ်လာသောနိုင်ငံရေး မတည်ငြိမ်မှု၊နိုင်ငံခြားငွေစျေး(ကန်ဒေါ်လာ)နှုန်း မြှင့်တက်မှု၊ ပြည်တွင်း စီးပွားရေးသမားများ၏ အမြတ်ရလိုမှုတို့ကြောင့် ဖြစ်နေရသည့် ကုန်စျေးနှုန်းအဆမတန်မြှင့်တက်မှု ပြဿနာကို ဖြေရှင်းရန်မှာ မလွယ်ကူကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီမှ ဦးခင် မောင်ကြီးက ထောက်ပြသည်။

စစ်တပ်ကအာဏာမသိမ်းမီ ၂၀၂၁ နှစ်ဆန်းပိုင်း အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ရာမှ ယခုအခါ ၂၀၀၀ နီးပါးရှိသွားပြီဖြစ် သည်။

ယင်းကြောင့် နိုင်ငံခြားငွေဖြင့် ဝယ်ယူရသည့် စားအုန်းဆီ၊စက်သုံးဆီအမျိုးမျိုးတို့မှာလည်း သူ့အလို လိုပင်စျေးတက်နှင့်ပြီးသား ဖြစ်သွားရသည်။ပြည်တွ င်းသို့ ရောက်လာသည့်အခါတွင်လည်းပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊သယ်ယူစရိတ်ကြီးမားမှုတို့ကြောင့် တဖန်ပြန်၍ စျေးထပ်တက်ရပြန်သည်။

“နိုင်ငံပြန်ပြီးတည်ငြိမ်ဖို့ အလားအလာမရှိသေးဘူး။နိုင်ငံရေးမတည်ငြိမ်မှုတွေ ကြုံသရွေ့ ကုန်စျေးနှုန်းတွေက တက်နေမှာပဲ။” ဟု ဦးခင်မောင်ကြီးက သူ၏ အမြင်ကို ပြောသည်။

ယင်းကြောင့် ရခိုင်ပြည်တွင်းရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ပြည်ပအပါအဝင် ပြည်မဘက်မှ တင်သွင်းနေရသည့်ထုတ်ကုန်များကို လျှော့ချရန် လိုအပ်လာပြီဖြစ်ကြာင်း ဦးခင်မောင်ကြီးက အကြံ ပြုသည်။

ရန်ကုန်ကိုဗဟိုပြု၍ ပြည်ပမှတင်သွင်းရသည့်ပစ္စ ည်းများနှင့် ရန်ကုန်ကိုဗဟိုပြု၍ ပြည်မဖက်မှတင်သွင်းရသည့် ပစ္စည်းများကို ရခိုင်ပြည်အတွင်း အပြ ည့်အ၀ထုတ်လုပ်နိုင်ရန် ကြိုးစားကြရမည်ဟု ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံခြားမှတင်သွင်းရသ ည့်ထုတ်ကုန်မျိုးဆိုလျှင်လည်း ရန်ကုန်ကို ဗဟိုပြုခြင်းမျိုးမဟု တ်ဘဲ ရခိုင်နှင့် နီးကပ်စွာတည်ရှိသော ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့နှင့် ချိတ်ဆက်တင်သွင်းရန် လိုအပ်သည်ဟု ပြောသည်။

“သူများကို အားကိုးနေရတဲ့ ကုန်သွယ်ရေးလမ်း ကြောင်း၊စီးပွားရေးလမ်းကြောင်း၊ကုန်ထုတ်လုပ်မှုလမ်းကြောင်းတွေ ကိုယ့်ရခိုင်ပြည်နယ်ထဲမှာ တတ်နို င်သမျှ ထုတ်လုပ်ကြဖို့လိုတယ်။”ဟု ဦးခင်မောင်ကြီးက သူ့အမြင်ကို ပြောသ ည်။

ရခိုင်ပြည်အတွင်းမှာပင် စိုက်ပျိုး၊ထုတ်လုပ်၍ရသ ည့် ကုန်ပစ္စည်းများကို ရန်ကုန်မှတဆင့် ပြည်မဒေသများဖက်မှ ဝယ်ယူစားသုံးနေကြရကြောင်း မင်းပြားမြို့မှ တနိုင်တပိုင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်ဦးက ပြောသည်။

ဂေါ်ဖီပွင့်၊ဂေါ်ဖီဖူး၊ငရုတ်သီးစိမ်း၊ခရမ်းသီး၊ရုန်းပဒီသီးအစရှိသော ဟင်းသီးဟင်းရွက်ကအစ အသား စားကြက်၊ဥစားကြက်တို့အပါအဝင် နေ့တဒူ၀စားသုံးနေရသည့် ကုန်ပစ္စည်းပေါင်းများစွာကို ပြည်ပဘက်မှ ကုန်တင်ကားကြီးများဖြင့် ရခိုင်ပြည်တွင်းသို့ နေ့စဉ်တင်သွင်းနေရကြောင်း ၎င်းက ဆိုသည်။

“ဒါတွေကို ကိုယ့်ရခိုင်ပြည်ထဲမှာထုတ်ပြီး သင့်တင့်တဲ့စျေးနဲ့ရောင်းနိုင်ရင်တော့ အကောင်းဆုံးပေါ့။အဲလိုဖြစ်ဖို့အတွက် ပိုက်ဆံတတ်နိုင်တဲ့သူတွေ နည်းပ ညာအား၊ငွေအားကူညီပေးဖို့လိုပါတယ်။”ဟု ကိုကျော်ဦးက ပြောသည်။

ယင်းကဲ့သို့ မိမိတို့ပြည်နယ်အတွင်း မထုတ်လုပ်နိုင်သရွေ့၊နိုင်ငံရေးတည်ငြိမ်မှု မရသရွေ့ကုန်စျေးနှုန်းများကတော့ တက်မြဲ၊တက်ဆဲသာ ဖြစ်နေအုံးမည်ဟု ဦးခင်မောင်ကြီးက ပြောသည်။

နေ့တဒူ၀ စားသုံးရန်လိုအပ်သောအခြေခံစားသော က်ကုန်တို့၏ စျေးနှုန်းများ မကျသရွေ့၊ဝင်ငွေရလ မ်းနည်းပါးရင်းနည်းပါးလာနေသည့်၊အလုပ်အကိုင် ရှားပါးပြီးရင်း ရှားပါးလာနေသည့် ဒေါ်မသန်းအပါ အဝင်အခြေခံလူတန်းစားတို့မှာ မိသားစုထမင်းဝိုင်းလေး နေ့တိုင်းပြင်ခွင့်ရဖို့အရေး ရုန်းကန်နေကြရအုံးမည်ဖြစ်သည်။

တိုးပြီးရင်း တိုးလာနေသာ ကုန်စျေးနှုန်းများအ ကြား ဝင်ငွေလျှော့လာနေသည့် ဒေါ်မသန်းမှာ အိုးကလေးသို့ ဆန်ရောက်မလာနိုင်တော့မည့်နေ့တွေကို ကြိုတွေးရင်း ကလေးငယ်များမျက်ကွယ်၌ တိတ်တိတ်ကလေး ငိုနေရပြီဟု ဆိုသည်။

“ဒီအတိုင်းဆို ငတ်မယ့်ရက်တွေက နီးလာပြီ”ဟု ဒေါ်မသန်းက မျက်ရည်အိမ်ထဲမှ စီးကျလုနီးပါး မျက်ရ ည်စကိုမျက် တောင်တချက်ခတ်၍ ထိန်းလိုက်ကာ တိုးညှင်းစွာ ပြော၏။

https://www.facebook.com/permalink.php?story_fbid=155975923511389&id=107469705028678

Leave a Reply

Your email address will not be published.