By Narinjara / 2022 March 09
သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မီးရထားလမ်းဧရိယာရှိ အိမ်ခြေ ၁ဝဝ ခန့်သည် ဖယ်ရှားခံလိုက်ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြသည်ဟု သိရသည်။
စစ်တွေမြို့၊ ဝေသာလီအားကစားကွင်းအနီးမှ စစ်တွေတက္ကသိုလ်အနီးရှိ မီးရထားလမ်းတစ်လျှောက်ရှိ ရထားလမ်းဧရိယာအတွင်းဝင်ရောက်နေထိုင်သည့် နေအိမ် ၁ဝဝ ခန့်ကို ရဲ၊ စစ်တပ်နှင့် ထွေအုပ်ဝန်ထမ်းတို့က ယနေ့ မတ်လ ၉ ရက်နံနက်တွင် စတင်ဖယ်ရှားလိုက်သည့်အတွက် နေစရာမရှိဖြစ်နေကြခြင်းဖြစ်သည်ဟု ဖယ်ရှားခံလိုက်ရသူများက ပြောသည်။
ပလက်ဝမြို့နယ် စိမ့်စင်းကျေးရွာမှ စစ်ဘေးရှောင် ဒေါ်ကြိုင်ရှင်ဖြူက “ဒီနေရာမှာ အိမ်လာဆောက်ပြီးနေတဲ့သူတွေက ဒုက္ခသည်တွေပဲ။ ကျူးကျော်မြေဆိုပြီး စာလည်းမကပ်ထားဘူး။ ခုဖြိုသွားတော့ ကျမတို့မှာ နေစရာ အိပ်စရာမရှိတော့ဘူး။ ဒုက္ခသည်က ဒီနေရာမှာထပ်ပြီး ဒုက္ခထပ်ရောက်တယ်။ ကလေးတွေဆိုရင်လည်း စာမသင်ပေးနိုင်ဘူး။ ရေသန့်ဘူးခွံ ကောက်ပြီး ထမင်းစားကြရတာ”ဟု နိရဥ္စရာကိုပြောသည်။
ဖယ်ရှားခံလိုက်ရသူများတွင် စစ်ဘေးကြောင့် အနယ်နယ် အရပ်ရပ်မှ ထွက်ခွာပြီး စစ်တွေတွင် အိုးမဲ့အိမ်မဲ့ဘဝဖြင့် ကြုံရာကျဘန်းအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြရသူများဖြစ်သည်ဟု ဆိုကြသည်။
ယခုကဲ့သို့ဖြိုဖျက်မည်ဆိုပါက သက်ဆိုင်ရာအစိုးရက ၎င်းတို့အတွက် သတ်မှတ်ထားသော နေရာတစ်ခုချပေးရန်လိုကြောင်း စစ်တွေမြို့ခံ ဦးကျော်ထွန်းမောင်က ပြောသည်။
“သူတို့က ဒီနေရာမှာ ကျူးကျော်ဆိုတဲ့ဆိုင်းဘိုးတွေမထောင်ထားဘူး။ သူတို့က အနယ်နယ်အရပ်ကနေ ဒုက္ခဖြစ်ပြီး လာနေကြတာ။ တကယ်လို့ ဒါက အစိုးရပိုင်မြေ ဖြိုရမယ်ဆိုရင် သူတို့အတွက် နေရာတစ်ခုတော့ ချပေးသင့်တယ်”ဟု ပြောသည်။
ယခုဖြိုဖျက်ခံရသောအိ်မ်များတွင်နေထိုင်သူများမှာ ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့မှ စစ်ရှောင်မိသားစုများနှင့် စစ်တွေမြို့ပေါ်မှ မိသားစုအချို့လည်း ပါဝင်သည်ဟု သိရသည်။
၄င်းတို့ကို ရထားလမ်းပိုင်ဧရိယာအတွင်းကျူးကျော်ဝင်ရောက်နေထိုင်သည်ဟုဆိုကာ မတ်လ ၁ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် သက်ဆိုင်ရာက သတိပေးစာကပ်ကာ အသိပေးထားခဲ့သည်ဟု သိရသည်။
လက်ရှိတွင် စစ်တွေ-ပြည်တော်သာ-ရေချမ်းပြင် ရထားလမ်းပိုင်းကို မကြာမီပြန်လည်ပြေးဆွဲရန် ပြည်နယ်ကောင်စီက ပြင်ဆင်နေသည့်အတွက် ရထားလမ်းဧရိယာအတွင်း ဝင်ရောက်နေထိုင်သူများကို ယခုကဲ့သို့ရှင်းလင်းခြင်းဖြစ်သည်ဟုလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/5281430668535634