စစ်တွေ-နေပြည်တော် တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲပေးနေ

By Narinjara / 2022 March  05

နွေဦးမေ

ရခိုင်ပြည်နယ် စစ်တွေမြို့မှ နေပြည်တော်သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်ကို စတင်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါခရီးစဉ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ပြေးဆွဲနေခြင်းဖြစ်သည်ဟု Star wave လေယာဉ်လက်မှတ်အရောင်းဌာနမှ ဝန်ထမ်းတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ခုဆိုရင် နေပြည်တော်ကို တိုက်ရိုက်တစ်ခါတည်း သွားနိုင်တော့ အဆင်ပြေသွားတာပေါ့” ဟုပြောသည်။

အဆိုပါခရီးစဉ်လိုင်းကို မြန်မာ့လေကြောင်းလိုင်းမှလေယာဉ်ဖြင့် အပတ်စဉ် သောကြာနေ့တွင်ပြေးဆွဲနေပြီး တစ်ခါတလေ တစ်ပတ်လျှင် ၂ ကြိမ်နှုန်းဖြင့်ပြေးဆွဲနေသည်ဟုလည်း ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ရခိုင်သို့ ဖေဖော်ဝါရီလအစောပိုင်းကရောက်ရှိခဲ့သည့် နစကကောင်စီဝင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ပြည်သူတို့တောင်းဆိုချက်အရ ယခုကဲ့သို့ပြေးဆွဲနေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ယခင်က ရခိုင်တွင် စစ်တွေ-နေပြည်တော်တိုက်ရိုက်ခရီးစဉ်မရှိခဲ့ဘဲ ရန်ကုန်မှတဆင့်သွားလာနေရခြင်းကြောင့် အချိန်ကုန်ငွေကုန်ပြီး ယခုကဲ့သို့ တဆင့်တည်းဖြင့်တိုက်ရိုက်သွားနိုင်၍ ခရီးသည်များအတွက်အဆင်ပြေသည်ဟု မင်းပြားမြို့မှ လေယာဉ်စီးခရီးသည် ဦးစိုးမင်းက ပြောသည်။

“အရင်က လေယာဉ်နဲ့ နေပြည်တော်ကို သွားမယ်ဆိုရင် ရန်ကုန်ကနေ တစ်ဆင့် သွားရတယ်။ ခုတိုက်ရိုက်သွားနိုင်ပြီဆိုတော့ အချိန်ကုန်လည်းသက်သာတယ်။ ငွေကြေးလည်းသက်သာတော့ ပိုအဆင်ပြေတာပေါ့”ဟုပြောသည်။

စစ်တွေ-နေပြည်တော်ခရီးစဉ်အတွက် လက်မှတ်တစ်စောင်လျှင် ၆၃,၀၀၀ ကျပ်ရှိကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5271041032907931

Leave a Reply

Your email address will not be published.