By Narinjara / 2022 March 18
မြထွီးသျှင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အာကျိတ်တော်ကုန်းသုသာန်မှ နေအိမ်ဖယ်ရှားခံလိုက်ရသည့် မိသားစု ၁ စုလျှင် ရခိုင်လူမှုကယ်ဆယ်ရေးအသင်းကော်မတီ(မလေးရှား)က ငွေကျပ် ၅ သောင်းစီကို ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂမှတဆင့် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသည့် အိမ်ထောင်စု ၈၄ စုကို ယာယီနေရာချထားသော စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်မှ သီရိဝေလာဘုန်းတော်ကြီးကျောင်းအနီး သချုႋင်းကုန်းဒုက္ခသည်စခန်းသို့ ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂက ယနေ့ မတ်လ ၁၈ ရက်၊ နေ့လယ်ပိုင်းတွင် သွားရောက်ထောက်ပံ့ခဲ့သည်။
ရက္ခိုင်ပြည်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက “အစိုးရကနေပြီးတော့ တာဝန်မကျေပေးတဲ့အတွက် ပြည်သူကနေပြည်သူကို ထောက်ပံံ့ရခြင်းဖြစ်ပါတယ်။ ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အစိုးရဖြစ်ကြောင််းကို အလုပ်နဲ့သက်သေပြပေးဖို့ ကျနော်တို့ကျောင်းသားထုကိုယ်စားတောင်းဆိုလိုက်ပါတယ်” ဟုပြောသည်။
အဆိုပါသချုႋင်းကုန်းဒုက္ခသည်စခန်းတွင် လူဦးရေ ၃၁ဝ ရှိသည်ဟု သိရသည်။
လက်ရှိတွင် သူတို့အတွက် အခြားလူမှုကယ်ဆယ်ရေးအဖွဲ့များကလည်း ဆန်၊ ဆီ၊ ငါးခြောက်နှင့် ငွေကြေးအထောက်အပံ့တို့ကို ကူညီေထောက်ပံ့လျက်ရှိသည်ဟု သိရသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသည့် ပေါက်တောမြို့နယ်မှ မခင်အေးဝင်းက “အဆင်မပြေဘူးနေရတာ၊ စားရတာက ကလေးတွေကလည်း ဝမ်းနေမကောင်းလို့ ထမင်းမစားတာ နှစ်ရက်သုံးရက်ရှိပြီ။ မကြာခင်ဆို မိုးရာသီရောက်တော့မှာဆိုတော့ ကလေးတွေနေရေးထိုင်ရေးအခက်အခဲဖြစ်မှာ စဉ်းစားစိတ်ပူနေရတယ်” ဟုပြောသည်။
အာကျိတ်တော်ကုန်းသုသာန်မှ နေအိမ် ၂ဝဝ ခန့်သည် ပြီးခဲ့သည့်မတ်လ ၁၀ ရက်တွင် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခံခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြရသည်။
အလားတူ စစ်တွေမြို့ ဝေသာလီအားကစားကွင်းနောက်ဘက်မှ စစ်တွေတက္ကသိုလ်အနီး ရထားလမ်းဘေးတလျှောက်ဝင်ရောက်နေထိုင်သည့် နေအိမ် ၁ဝဝ ခန့်သည်လည်း မတ်လ ၉ ရက်တွင် အာဏာပိုင်များ၏ဖယ်ရှားရှင်းလင်းခြင်းကို ခံခဲ့ရသည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေရသည်ဟု သိရသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသူများတွင် မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များဘက်မှ ပါဝင်ပြီး စစ်ဘေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတို့ကြောင့် ယခုကဲ့သို့ လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5306616806017020