By Western News/ 2022 March 15
စစ်တွေမြို့ ဝေသာလီကွင်းမီးရထားလမ်း တစ်လျှောက် အနီးဝန်းကျင်နှင့် အာဂျိတ်တော်ကုန်းသုသာန်မြေနေရာအတွင်း နေအိမ်များဖြိုဖျက်ခံလိုက်ရသည့် အိမ်ထောင်စု (၁၀၀) ကျော်မှ လူဦးရေ (၄၀၀) နီးပါးကို ပရဟိက လူငယ်များ ဦးဆောင်ပြီး မတ်လ (၁၄) ရက် နှင့် (၁၅) ရက်နေ့ တို့တွင် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးခဲ့သည်။
စစ်တွေမြို့မှ နေအိမ်များ ဖြိုဖျက်ခံလိုက်ရပြီး ပြည်သူများ အခက်အခဲများ ဖြစ်နေသည်ကိုမြင်တွေ့ရသည့်အတွက် လာရောက်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ဦးဆောင်သူ ပရဟိတလူငယ် ကိုညီခိုင်သွီး မှပြောသည်။
‘’ကျွန်တော်တို့ စစ်တွေမြို့မှာ အခုလိုကျူးကျော် နေအိမ်တွေ ဖြိုဖျက်ခံလိုက်ရပြီး ပြည်သူတွေအခက်အခဲတွေ ဖြစ်နေတယ်ဆိုတာ သိရတဲ့အတွက် ကူညီချင်တဲ့စိတ်ကြောင့် ကိုယ်တိုင်မတည်ငွေ ထည့်ပြီး ကျောင်းသား၊ ကျောင်းသူတွေ၊ သူငယ်ချင်း မိတ်ဆွေတွေရဲ့ အကူအညီ တွေနဲ့ အခုလို ကူညီ ထောက်ပံ့ပေးတာ ဖြစ်ပါတယ်” ဟုပြောသည်။
အဓိက အနေဖြင့် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန် ၊ ဆီ၊ ကြက်ဥ ၊ ဆား၊ လက်ဖက်ရည်ထုတ် နှင့် ဓာတ်ဆားများ ထောက်ပံ့ပေးခဲ့ပြီး သက်ကြီးရွယ်အို တစ်ချို့ကိုလည်း ငွေများ ထောက်ပံ့ပေးခဲ့သည်။
စစ်တွေမြို့ အာဂျိတ်တော်ကုန်း သုသာန်မြေနေရာနှင့် ဝေသာလီကွင်း ရထားလမ်း တစ်လျှောက် အနီးဝန်းကျင်မှာ နေထိုင်သည့် ကျူးကျော်နေထိုင်သည်ဟုဆိုကာ နေအိမ်များ ကို မတ်လ (၉) ရက်နှင့် (၁၀) ရက်နေ့ တို့တွင် ဖြိုဖျက်ခံလိုက်ရခြင်းဖြစ်ပြီး လက်ရှိမှာ ၎င်းတို့သည် နေထိုင် စားသောက်ရေး အခက်အခဲများ ကြုံတွေ့လျက်ရှိသည်။
https://www.facebook.com/westernnewsagency/posts/483548920118284