By Western News/ 2022 March 27

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့ ညပိုင်းတွင် လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက နေအိမ်သို့ လာရောက်ပြီး အရပ်သားတစ်ဦးကို ရိုက်နှက်ကာ နေအိမ်တံခါးများကို ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ဓညဝတီ(ခ)ရပ်ကွက်ရှိ နေအိမ်ကို လူ ၃၀နှင့် လက်နက်ကိုင်ဆောင်ထားသည့် အရပ်ဝတ်လူဖြင့် လူ ၅ ဦးခန့်တို့က နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုအပါအဝင် နှောက်ယှက်ဖျက်စီးမှုများပြုလုပ်ခဲ့သည်ဟု နှောက်ယှက်ခံရသူ ကာယကံရှင်များမှ ပြောသည်။
အခင်းဖြစ်ပွါးခဲ့သည့်နေအိမ်နှင့် ခြံချင်းကပ် ဘေးအိမ်မှ မွေးနေ့ပွဲတွင် ဆောင်းဘောက်အား ကျယ်လောက်စွာဖွင့်ထားရာ အိမ်တွင်း နေထိုင်မကောင်းသူရှိနေ၍ ဆောင်းဘောက်အား အသံနှိမ့်ဖွင့်ရန်တောင်းဆိုရာမှ မကျေနပ်ဖြစ်ကာ စတင်ခဲ့ခြင်းဖြစ်ကြောင်း နှောက်ယှက်ဖျက်စီးခံရသူ ကာယကံရှင်က ပြောသည်။
အဆိုပါနေအိမ်သည် ရခိုင်ပြည်နယ် စစ်တွေအခြေစိုက် နိရဉ္စရာသတင်းဌာနမှ အကြီးတန်းသတင်းထောက် မချစ်အိလှိုင်၏ မိသားစုနေအိမ်ဖြစ်ပြီး အခင်းဖြစ်ပွါးခဲ့စဉ်မှာ ရိုက်နှက်ခံရသူမှာလည်း ၎င်း၏ မောင်လေးနှင့် မိခင်ဖြစ်သူလည်း ပါဝင်သည်။
နေအိမ်အတွင်းနေထိုင်သူများကို ကိုယ်ထိလက်ရောက်ရိုက်နှက်ပြီး ဒူးထောက်ရှိခိုးတောင်းပန်ခိုင်းခဲ့သည်ဟု အဆိုပါနေအိမ်မှ မိသားစုဝင်တစ်ဦးဖြစ်သူ မချစ်အိလှိုင်က Western News ကိုပြောသည်။
“ဖြစ်တာက တစ်ဖက်အိမ်က ဆောင်းဘောက်အသံအကျယ်ကြီးဖွင့်ထားတာကို အိမ်ကအမေကသိပ်နေမကောင်းလို့ ကျမမောင်လေးကအသံနှိမ့်ဖွင့်ပေးဖို့သွားပြောတာ။ ခါတိုင်းလည်းဖွင့်နေကျပါပဲ။ ကျမတို့ဘာမှပြောခဲ့တာမဟုတ်ဘူး။ အခုကနေမကောင်းတဲ့လူရှိနေလို့ ကျန်တဲ့လူတွေကတော့မခံနိုင်ရင် နားပိတ်ထားကြတာပါ။ အဲ့လိုသွားပြောတာကို မပိတ်ဘဲ အသံချဲ့ပြီးဖွင့်လိုက်တယ်။ ဒီတော့ ကျမမောင်လေးက မကျေမနပ်နဲ့ ဒီဖက်ကပြောတာကို ကြားတာနဲ့ ပြန်ပြောကြတယ်။ ပြီးတော့ အုပ်စုလိုက်လာပြီး အိမ်တံခါးတွေကိုချိုးဖျက် ကျမမောင်လေးကိုချုပ်ပြီး ပါးရိုက်တယ်။ ရှိခိုးခိုင်းတယ်။ အမေလည်းရှိခိုးလိုက်ရတယ်” ဟုဆိုသည်။
စစ်တွေမြို့ ဓညဝတီ (ခ) ရပ်ကွက်ရှိ ကားဝတ်ရှော့ လုပ်ကိုင်သော ဦးဟန်သိန်းဦးဆောင်သည့် အဖွဲ့မှာ လူအယောက် ၃၀ ခန့်သည် လက်နက်ကိုယ်စီ၊ သံတုတ်ကိုယ်စီ ကိုင်ဆောင်ပြီး နေအိမ်တံခါးများအား ရိုက်ချိုး ဖျက်စီးခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ စခန်းသို့ ခေါ်ဆောင်၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ရိုက်နှက်ခံရသည့် မိသားစုများက Western News ကို ပြောသည်။
ယင်းအပြင်အဆိုပါ ရိုက်နှက်ခံရသည့် မိသားစုဝင်တွင် အသက် ၆ နှစ်အရွယ် ကလေးတစ်ဦးမှာ ကျန်းမာရေးမကောင်း၍ နားမှ မကြာခဏ သွေးများထွက်လေ့ရှိကာ ယင်းနေ့ဖြစ်စဉ်တွင် ဆောင်ဘောက်မှ ထွက်လာသည့် ဆူညံသံကြောင့် နားမှသွေးများစီးကျနေကြောင်း မချစ်အိလှိုင်က ဆိုသည်။
“ခြံထဲမှာရော ခြံပြင်မှာရော လူအယောက် ၄၀ နီးပါးလောက်ရှိတယ်။ အဲ့ဒီမှာ သေနတ်ကိုင်ထားတဲ့သူ ၅ ယောက် ၆ ယောက်ပါတယ်။ ပစ္စတို သေနတ်ကိုင်ထားတဲ့သူက သေနတ်ကို ပြတယ်။ ကျမမောင်လေးကို စခန်းဖမ်းခေါ်သွားမယ်ဆိုပြောတယ်” ဟု မချစ်အိလှိုင်က ပြောသည်။
ယခုဖြစ်စဥ်နှင့်ပတ်သက်၍ ကိုယ်ထိလက်ရောက်ရိုက်နှက်မှုအပါအဝင် နှောက်ယှက်ဖျက်စီးခံရမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိကြောင်း တရားမျှတမှုရရှိရန်လိုလားပြီး သက်ဆိုင်ရာများမှ စုံစမ်းစစ်ဆေးစေလိုကြောင်း မိသားစုဝင်များမှ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သည်ကို Western News က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆက်လက်ဖော်ပြသွားမည်ဖြစ်သည်။
https://www.facebook.com/westernnewsagency/posts/491295409343635