စစ်တွေတွင် ရထားလမ်းဘေးနှင့် သုသာန်မြေအတွင်းရှိ အိမ်ယာမဲ့များကိုဖယ်ရှားနေမှုကြောင့် အမျိုးသမီး ၁ ဦး အဆိပ်သောက်သေဆုံး

By Narinjara / 2022 March  11

သ ဉ္ဇာနွယ်

ဓာတ်ပုံ – သေဆုံးသွားသူအမျိုးသမီးနှင့် သူမ၏မိသားစုအားတွေ့ရစဉ်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရထားလမ်းဘေးနှင့် သုသာန်မြေအတွင်း ဝင်ရောက်နေထိုင်ကြသည့် အိမ်ယာမဲ့များကို အစိုးရက ဖယ်ရှားနေမှုကြောင့် အိမ်ယာမဲ့အမျိုးသမီး ၁ ဦး အဆိပ်သောက်သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မြောက်ဦးမြို့နယ်၊ အလယ်စုကျေးရွာမှ အသက် ၃၄ နှစ်အရွယ် မအေးထွီးယဉ်ဖြစ်ပြီး စစ်တွေတက္ကသိုလ်ရှေ့ ရထားဘူတာအနီး ရထားလမ်းဘေးတွင် မိသားစုနှင့်အတူ ဝင်ရောက်နေထိုင်သူဖြစ်သည်ဟု သိရသည်။

သူမသည် ၎င်းတို့နေထိ်ုင်သည့်အိမ်အား ဖြိုဖျက်ရန် ဖိအားပေးခံရမှုကြောင့် မတ်လ ၃ ရက်နေ့တွင် မြက်သတ်ဆေးသောက်ခဲ့ပြီး စစ်တွေဆေးရုံတွင် ၂ ရက်ခန့် ဆေးကုသမှုခံယူခဲ့ပြီးနောက် မတ်လ ၅ ရက်နေ့တွင် ဆေးရုံ၌သေဆုံးသွားခဲ့သည်ဟု ခင်ပွန်းဖြစ်သူ ဦးထွန်းကျော်ဦးက နိရဥ္စရာကိုပြောသည်။

“သူက ကျနော့်ကို အဲ့ဒီဖြိုရမယ့် စာရွက်ရတဲ့နေ့ကတည်းက ငါ့မှာ ဒီအိမ်ဖြိုလိုက်ရင် နေစရာအိမ်မရှိတော့ဘူး။ အဆိပ်သောက်သေတော့မယ်လို့ မကြာခဏပြောခဲ့တယ်။ ဒါပေမယ့် ကျနော်က သူနောက်နေတယ်ထင်ပြီး အလေးအနက်မထားခဲ့ဘူး။ ကျနော် အရမ်းခံစားရတယ်။ မျက်လှည့်ပြသလိုမျိုးပဲ။ သူထွက်သွားတာ။ ဒီနေ့အထိ မယုံနိုင်သေးဘူး။ ကျနော်တို့က လုပ်ကိုင်စားသောက်စရာမရှိလို့ နယ်ကလာပြီး ဒီနေရာမှာ တန်ဖိုးအနည်းနဲ့ ဝယ်ပြီးနေတာ။ ခုလိုဖြိုဖျက်တာတွေက တရားမမျှတဘူးထင်တယ်”ဟုပြောသည်။

သေဆုံးသူအမျိုးသမီးတွင် ခင်ပွန်းနှင့်အတူ ၂ နှစ်အရွယ်သားငယ်လေးနှင့် သားအကြီး ၂ ဦးကျန်ရှိခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ ဘေးတွဲဆိုင်ကယ်မောင်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

သူတို့မိသားစုသည် အဆိုပါရထားလမ်းဘေးတွင် နေထိုင်လာသည်မှာ တစ်နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

သူတို့မိသားစုနေအိမ်အပါအဝင် စစ်တွေမြို့ ဝေသာလီဘောလုံးကွင်းအနီးမှ စစ်တွေတက္ကသိုလ်အနီးရှိ မီးရထားလမ်းဧရိယာတစ်လျှောက်ဝင်ရောက်နေထိုင်ကြသည့် အိမ်ခြေ ၁ဝဝ ခန့်ကို ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် ရဲ၊ စစ်တပ်နှင့် ထွေ/အုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားရှင်းလင်းခဲ့သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

၄င်းတို့ကို ရထားလမ်းဧရိယာအတွင်းကျူးကျော်ဝင်ရောက်နေထိုင်သည်ဟုဆိုကာ မတ်လ ၁ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရန် ပြီးခဲ့သည့်ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် သက်ဆိုင်ရာက သတိပေးစာ လာရောက်ကပ်ပြီးနောက် အဆိုပါအမျိုးသမီး အဆိပ်သောက်သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ခင်ပွန်းဖြစ်သူဦးထွန်းကျော်ဦးက ပြောသည်။

အလားတူ စစ်တွေမြို့ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အာကျိတ်တော်ကုန်းသုသာန်မြေနေရာတွင်ဝင်ရောက်နေထိုင်ကြသည့် နေအိမ် ၂ဝဝ ခန့်ကိုလည်း ယမန်နေ့ မတ်လ ၁ဝ ရက် နံနက်တွင် ရဲ၊ စစ်တပ်နှင့် လဝကတို့က ဖယ်ရှားရှင်းလင်းခဲ့သည့်အတွက် လူဦးရေ ၈ဝဝ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု သိရသည်။

ယခုကဲ့သို့ အိမ်ယာမဲ့များကိုဖယ်ရှားရှင်းလင်းနေမှုနှင့်ပတ်သက်၍ စစ်တွေရှိ ဝိဘဇ္ဇဝါဒီဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးစက္ကိန္ဒက အစိုးရအနေဖြင့် မရှိဆင်းရဲသားများကို ယခုကဲ့သို့ ကစဉ့်ကလျားနေထိုင်စေခြင်းမဟုတ်ဘဲ တန်ဖိုးနည်းသော မြေနေရာများကို အရစ်ကျစနစ်ဖြင့်ဖြစ်စေ နေရာတစ်ခုချပေးသင့်သည်ဟု မိန့်သည်။

“နေရာတိုင်းကိုကြည့်လိုက်ရင် ကျူးကျော်တွေများတယ်။ ဒါတွေကလည်း နယ်က ပိုက်ဆံအခက်ခဲ၊ အလုပ်အကိုင်မရှိတာကြောင့် ကြုံရာနေရာမှာ နေကြတယ်။ ဝမ်းစာအတွက် မြို့ပေါ်ကို လာရောက်ခိုလှုံကြတယ်။ တကယ်လို့ အဲ့လိုမျိုးမဖြစ်စေချင်ရင် ဒီမရှိဆင်းရဲသားတွေနေထိုင်မှုဘဝတွက် ကစဉ့်ကလျားမဖြစ်စေဘဲ သတ်မှတ်ထားတဲ့နေရာတစ်ခု ချပေးသင့်တယ်။ တန်ဖိုးနည်းအိမ်ရာဖြစ်ဖြစ်။ ပြီးတော့ ဒီလိုမျိုး အိမ်ဖယ်ရှားခံရလို့ အဆိပ်သောက်သေဆုံးသွားတယ်ကြားရတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်”ဟု မိန့်သည်။

လက်ရှိတွင် သေဆုံးသွားသည့်အမျိုးသမီးတွင်ကျန်ရစ်ခဲ့သူ သားအဖ ၄ ဦးသည် အာကျိတ်တော်ကုန်း အနောက်ဘက် ရွာသာယာရွာသစ်ရှိ သူငယ်ချင်းတစ်ဦး၏နေအိမ်တွင် နေထိုင်လျက်ရှိပြီး သားသမီးများ၏ ပညာရေး၊ စားဝတ်နေရေးအတွက် ဖခင်တစ်ယောက်အနေဖြင့် ကြိုးစားသွားမည်ဟု ဦးထွန်းဦးကျော်က ပြောသည်။

https://www.facebook.com/narinjara.info/posts/5287720287906672

Leave a Reply

Your email address will not be published.