By Narinjara / 2022 March 15
သဥ္ဇာနွယ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နေအိမ်ဖြိုဖျက်ခံလိုက်ရသည့်နေရာ၌ ကျောတခင်းစာနေရာ ပြန်လိုချင်သည်ဟု နေအိမ်များဖယ်ရှားခံလိုက်ရသူများက ပြောသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသူ မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာမှ မသန်းသန်းဌေးက “ရွာပြန်ရင်လည်း ဗုံးတွေကြောက်ရတယ်။ ကျမတို့ ဒီနေရာမှာပဲ အဆင်ပြေတယ်။ ဒီနေရာလေးမှာပဲ ကျောတခင်းစာလောက်ဖြစ်ဖြစ် ပြန်လိုချင်တယ်” ဟု နိရ ဉ္စရာကို ပြောသည်။
၄င်းတို့အပါအဝင် နေအိမ် ၂ဝဝ ခန့်သည် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ သုသာန်မြေတွင် ခြုံနွယ်များကိုရှင်းလင်း၍ ဝင်ရောက်နေထိုင်ပြီး ဗူးခွံ၊ ပုလင်းခွံများရှာဖွေကောက်ကာ ဝင်ငွေရှာနေရသူများဖြစ်သည်ဟု ဆိုသည်။
“ဒီသချႋုင်းမြေမှာ ဘယ်သူက နေချင်မှာလဲ။ ဒါပေမယ့် ဒီနေရာမှာဆိုရင် ဗူးခွံကောက်ပြီး လုပ်ကိုင်စားသောက်တယ်။ တစ်ရက်ကို နှစ်ထောင် သုံးထောင်ရတယ်။ အပြင်မှာ နေရင်လည်း အိမ်လစာက မတတ်နိုင်ဘူး”ဟု ပြောသည်။
လက်ရှိတွင် အဆိုပါနေရာမှ နေအိမ် ၂ဝဝ ခန့်နှင့် စစ်တွေ ဝေသာလီအားကစားကွင်းနောက်မှ စစ်တွေတက္ကသိုလ်ရှေ့ရှိ ရထားလမ်းဧရိယာအတွင်းဝင်ရောက်နေထိုင်သည့် နေအိမ် ၁ဝဝ ခန့်တို့ကို မတ်လ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် စစ်တပ်၊ ရဲနှင့် ထွေအုပ်ဝန်ထမ်းတို့က အင်အားသုံးဖယ်ရှားခဲ့သည့်အတွက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြသည်ဟု သိရသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသည့် မြောက်ဦးမြို့နယ် လေးစူးပြားရွာမှ ဦးမောင်လှက “ခုလို့ဖြိုဖျက်ခံလိုက်ရတာက တဘက်သက်ဆန်တယ်လို့ ခံစားရတယ်။ ခုဆို နေပူပြင်းလာပြီ။ သောက်ရေတွေလည်း မရှိဘူး။ ကလေးတွေလည်း နေမကောင်းဖြစ်ကြတယ်”ဟု ပြောသည်။
လက်ရှိတွင် အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြပြီးနောက် ဖြစ်သလိုနေနေရသည့်၄င်းတို့အတွက် လူမှုအဖွဲဲ့အစည်းအချို့နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့က သောက်သုံးရေနှင့် စားနပ်ရိက္ခာအချို့တို့ကို ကူညီထောက်ပံ့လျက်ရှိသည်ဟု သိရသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသူများတွင် မြောက်ဦး၊ ပေါက်တောနှင့် ရသေ့တောင်မြို့နယ်များဘက်မှ ပါဝင်ပြီး စစ်ဘေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုတို့ကြောင့် ယခုကဲ့သို့လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု သိရသည်။
စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကမူ သုသာန်မြေတို့တွင် အစိုးရဘတ်ဂျက်ဖြင့် ခြံစည်းရိုးကာရံထားသော်လည်း ဝင်ရောက်နေထိုင်ကြသည့်အတွက် ယခုကဲ့သို့ ဖယ်ရှားရှင်းလင်းရခြင်းဖြစ်သည်ဟု နိရဥ္စရာကိုပြောဆိုထားသည်။
“နောက်ဆို သူတို့အပိုင်ဆိုပြီး ယူကြတော့မှာ။ မကျူးကျော်ရဘူးလို့ ဆိုင်းဘိုးထောင်တားတယ်”ဟု ပြောသည်။
ယခုကဲ့သို့ နေအိမ်ဖယ်ရှားပေးရန်ဖိအားပေးခံရမှုကြောင့် စစ်တွေတက္ကသိုလ်ရှေ့ရှိ ရထားလမ်းဘေးတွင်ဝင်ရောက်နေထိုင်သူအမျိုးသမီး ၁ ဦးသည် မတ်လ ၃ ရက်တွင် အဆိပ်သောက်သေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5298026686876032