By Narinjara / 2022 March 18
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် နေအိမ်ဖယ်ရှားခံလိုက်ရသူများကို မည်သည့်အကူအညီမျှပေးရန်အစီအစဉ်မရှိဟု ပြည်နယ်ကောင်စီမှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ပြည်နယ်ရဲမှူးကြီး သက်လွင်က နိရဥ္စရာအား ပြောသည်။
“နိုင်ငံတော်ပိုင်မြေကို ကျူးတာကို တို့က ဥပဒေနဲ့အညီရှင်းတာပဲ။ ဘယ်လိုမှ ဆက်လုပ်ပေးစရာမရှိဘူး။ ပြည်နယ်အစိုးရဘက်ကလည်း ဘာမှတော့ ဆုံးဖြတ်ထားတာမရှိဘူး။ ငါပိုင်တဲ့မြေလည်း မရှိဘူးလေ” ဟု ပြောသည်။
နေအိမ်ဖယ်ရှားခံလိုက်ရသူများမှာ စစ်တွေမြို့ ဝေသာလီအားကစားကွင်းနောက်ဘက်မှ စစ်တွေတက္ကသိုလ်အနီး ရထားလမ်းဘေးတလျှောက်ဝင်ရောက်နေထိုင်သည့် နေအိမ် ၁ဝဝ ခန့်နှင့် စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ အာကျိတ်တော်ကုန်းသုသာန်မြေတွင်ဝင်ရောက်နေထိုင်သည့် နေအိမ် ၂ဝဝ ခန့်တို့ဖြစ်သည်။
၄င်းတို့သည် မတ်လ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ရဲ၊ စစ်တပ်နှင့် ထွေအုပ်တို့၏ အင်အားသုံး ဖယ်ရှားရှင်းလင်းခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် နေစရာမဲ့ကာ စားသောက်ရေးအခက်အခဲများဖြစ်နေကြသည်ဟု သိရသည်။
နေအိမ်ဖယ်ရှားခံခဲ့ရသည့် မြောက်ဦးမြို့နယ် လေညင်းသာကျေးရွာမှ ဒေါ်မိုးမိုးဆန်းက “နေစရာနေရာစီစဉ်မပေးဘူးဆိုရင်တော့ ကျွန်မတို့မှာ အဆိပ်သောက်ပြီးသေရဖို့ပဲ ရှိတော့တယ်”ဟု ပြောသည်။
နေအိမ်ဖယ်ရှားခံရသူတို့အတွက် လူသားချင်းစာနာသည့်အကူအညီများပေးရန်လည်း ပြီးခဲ့သည့် မတ်လ ၁၅ ရက်တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)က ပြည်နယ်ကောင်စီထံ စာရေးသားတောင်းဆိုထားခဲ့သေးသည်။
လက်ရှိတွင် နေအိမ်ဖယ်ရှားခံရသူတို့မှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် မရမာကြီး ဒုက္ခသည်စခန်းအနောက်ဘက်ရှိ ကွင်းပြင်ကျယ်တွင် တဲတန်းလျားထိုး၍ ယာယီနေထိုင်လျက်ရှိကြောင်း သိရသည်။
နေအိမ်ဖယ်ရှားခံခဲ့ရသည့် ဒေါ်မိုးမိုးဆန်းက “အခုယာယီနေရတဲ့နေရာကိုလည်း ပိုင်ရှင်က ဆယ်၊ ကိုးရက်လောက် နေခွင့်ပြုထားတာပါ။ သူတို့နှင်ရင် ကျွန်မတို့မှာ နေစရာနေရာမရှိ၊ စားစရာနေရာလည်းမရှိတော့ပါဘူး။ နေစရာမရှိရင်တော့ အဲဒီနေရာတွေမှာ ပြန်သွားနေမှရမယ်” ဟုပြောသည်။
နေအိမ်ဖယ်ရှားခံရသူတို့သည် အမှိုက်ပုံမှ ပုလင်းခွံ၊ ဗူးခွံများကောက်၍ ဝင်ငွေရှာဖွေနေသူများနှင့် ကျပန်းအလုပ်သမားများဖြစ်ကြသည်။
ယခုကဲ့သို့နေအိမ်ဖယ်ရှားမခံရခင် ရက်ပိုင်းအလို မတ်လ ၃ ရက်က ရထားလမ်းဘေးတွင် တဲထိုးနေထိုင်သည့် မိသားစုတစ်စုမှ အသက် ၃ဝ အရွယ် ကလေး ၂ ဦးမိခင်တစ်ဦးသည် နေအိမ်ဖြိုပေးရန်ဖိအားပေးခံရမှုကြောင့် အဆိပ်သောက်သေဆုံးခဲ့မှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
https://www.facebook.com/narinjara.info/posts/5306640512681316