By Development Media Group (DMG)/ 2022 March 23

မြန်မာစစ်တပ်ကဖမ်းဆီးသွားသည့် တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာမှ ဒေသခံတစ်ဦးကို လောင်းကစားဥပဒေပုဒ်မ နှစ်ခုဖြင့်အမှုဖွင့်၍ ထိန်းသိမ်းထားသည်ဟု တောင်ကုတ်မြို့မရဲစခန်းမှ သိရသည်။
အသက် ၄၇ နှစ်အရွယ် ဦးမောင်လှရွှေဆိုသူသည် မတ်လ ၁၀ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လောင်းကစားဥပဒေပုဒ်မ ၁၈(က)၊ ၁၉(က)တို့ဖြင့် နယ်ထိန်းရဲခေါင်းဆောင်တစ်ဦးက အမှုဖွင့်လှစ်ထားသည်ဟု မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“သူ့ကို လောင်းကစားမှုနဲ့ဖွင့်ထားတာပါ။ လောင်းကစားဥပဒေပုဒ်မ ၁၈(က)၊ ၁၉(က)ပုဒ်မဖွင့်ထားတယ်။ တောင်ကုတ်မြို့မှရဲစခန်းက နယ်ထိန်းခေါင်းဆောင်တစ်ဦးက တရားလိုလုပ်ပြီး အမှုဖွင့်ထားတာပါ။ တောင်ကုတ်မြို့မရဲစခန်းမှာ ရမန်ယူထားပါတယ်”ဟု ၎င်းက DMG သို့ပြောသည်။
၄င်းအားအမှုဖွင့်ရခြင်းမှာ သုံးလုံးထီရောင်းချထားသည့် စာရွက်မှတ်တမ်းများကို ဓာတ်ပုံများတွင်တွေ့ရသောကြောင့် အမှုဖွင့်ထားသည်ဟု ရဲတပ်ဖွဲ့ဝင်များကပြောဆိုကြောင်း ဦးမောင်လှရွှေ၏ ဇနီးဖြစ်သူ ဒေါ်အေးအေးပြုံးကပြောသည်။ ၄င်းသည် သုံးလုံးထီကို အငှားရောင်းချခြင်းဟုလည်း ဇနီးဖြစ်သူကဆိုသည်။
ဦးမောင်လှရွှေကို လာမည့်မတ်လ ၂၉ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဖြစ်ကာ လက်ရှိတွင် ၄င်းနှင့်တွေ့ဆုံခွင့်မရရှိသေးသောကြောင့် ကျန်းမာရေးကို စိုးရိမ်လျက်ရှိသည်ဟု ဇနီးဖြစ်သူကပြောသည်။
“သူက ကျန်းမာရေးကလည်းမကောင်းဘူး။ ကျန်းမာရေးက အရေးကြီးတယ်။ အသက်ကလည်းကြီးနေပြီလေ။ သူ့မှာ နှလုံးရောဂါရှိတာကြောင့် စိုးရိမ်နေတယ်”ဟု ၄င်းကဆိုသည်။
ဦးမောင်လှရွှေ ဖမ်းဆီးခံရသည့်နေ့တွင် အဆိုပါရွာသို့ စစ်ကြောင်းတစ်ခုရောက်ရှိနေပြီး ညနေပိုင်းတွင်ရွာပြင်သို့မထွက်ရဟု ကြေညာထားသည်။ ထိုနေ့တွင် ကျေးရွာအတွင်းရှင်ပြုပွဲရှိပြီး ယင်းပွဲမှအပြန်တွင် ကင်းလှည့်နေသည့်စစ်ကြောင်းနှင့်တွေ့ကာ အ ဖမ်းခံရခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူ၏ညီ ကိုအောင်သာမိုးက ပြောဆိုထားသည်။