စက်သုံးဆီဈေးဆက်တိုက်မြင့်တက်လာမှုကြောင့် ရခိုင်တွင်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ဈေးနှုန်းတိုးကောက်ခံလာရ

By Western News/ 2022 March 11

ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းစက်သုံးဆီဈေးနှုန်းများမှာ ဆက်တိုက်မြင့်တက်လျှက်ရှိရာ စက်သုံးဆီနှင့်လည်ပတ်ရသည့် လုပ်ငန်းများမှာလည်း ဝန်ဆောင်ခတိုးမြှင့်ကောက်ခံမှုရှိလာကြသည်။

ရခိုင်တွင်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များမှာလည်း စက်သုံးဆီအားအမှီပြု၍ လည်ပတ်နေရခြင်းဖြစ်ရာ ဆီဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာမှုကြောင့် တစ်ချို့ ခရီးစရိတ်တိုးမြှင့်ကောက်ခံရန် လုပ်ဆောင်နေပြီး တစ်ချို့မှာ အနည်းငယ်တိုးမြှင့်ထားပြီဖြစ်ကြောင်း အမြန်ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။

ရခိုင်ရှိ ရေကြောင်းခရီးပြေးဆွဲနေသည့် အမြန်ရေယာဉ်များထဲမှ ရွှေပြည်တန်ရောယာဉ်မှာ ခရီးစဉ်အားလုံးအတွက် လက်ရှိဈေးနှုန်းထက် ၃၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ကောက်ခံရန်ပြင်ဆင်နေပြီဖြစ်သည်ဟု ရွှေပြည်တန်အမြန်ရေယာဉ် မန်နေဂျာ ဦးစံမော်သိန်း ကပြောသည်။

“စက်သုံးဆီဈေးတွေက ဆက်တိုက်မြင့်တက်လာတာဆိုတော့ ဒီကြားထဲကျနော်တို့ ခရီးသည်ဈေးနှုန်းတွေ တိုးကောက်ဖို့ပြင်ဆင်နေပါတယ်။ တနင်္ဂနွေနေ့လောက်ဖြစ်မယ်ထင်ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ လက်ရှိဈေးနှုန်းထက် ၂၅ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းလောက် တိုးကောက်ဖို့လုပ်ထားပါတယ်” ဟုပြောသည်။

ရွှေပြည်တန်ရေယာဉ်မှာ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ မာန်အောင်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြေပုံ၊ ပေါက်တော၊ မင်းပြား စသည့်မြို့နယ်များသို့ ပြေးဆွဲခြင်းဖြစ်ပြီး လက်ရှိ စစ်တွေမှ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင် သို့ဈေးနှုန်းမှာ ၆၀၀၀/၇၀၀၀ကျပ်၊ ပေါက်တောမြို့နယ်သို့ ၃၀၀၀ ကျပ်၊ ဘူသီးတောင် ၁၂၀၀၀နှင့် တစ်ခြားမြို့နယ်များသို့ ၂၀၀၀၀ ကျော်မှ ၃၀၀၀၀ အထိဈေးနှုန်းများအသီးသီးရှိသည်။

စစ်တွေမှ ရသေ့တောင်၊ ဘူးသီးတောင်ပြေးဆွဲနေသည့် ရေကြောင်းအမြန်ယာဉ်တစ်ခုဖြစ်သည့် မလိခရေယာဉ်မှာလည်း စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် ခရီးစဉ်ဈေးနှုန်းတိုးကောက်ထားရပြီး ယခုထက်ပို၍ ဆီဈေးမြင့်တက်လာပါက ရပ်နားရမည့်အခြေအနေတွင်ရှိနေသည်ဟု မလိခရေယာဉ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုအောင်ကိုလင်းက ပြောသည်။

“အခုတော့ ဈေးနည်းနည်းတိုးကောက်ထားပါတယ်။ ရသေ့တောင် ၈၀၀၀ ဘူးသီးတောင် ၁၅၀၀၀ လောက်ပါ။ ဆီဈေးတွေဒီထက်တက်လာရင်တော့အဆင်ပြေနိုင်တော့မယ်မထင်ဘူး။ ဒီဈေးနှုန်းထက်တိုးကောက်ဖို့ကလည်းမဖြစ်နိုင်ဘူးလေ။ ဒီတော့ ရပ်ချင်လည်းရပ်သွားနိုင်တဲ့အနေထားမှာရှိပါတယ်” ဟုပြောသည်။

ခရီးသည်တင်ဈေးနှုန်းများ မည်မျှပင်တိုးစေကာမူ ခရီးသွားလာစရာရှိလျှင် သွားလာနေရမည်သာဖြစ်ပြီး ဝင်ငွေတိုးလာမှုမရှိသော်လည်း ခရီးစရိတ်အတွက် ထွက်ငွေပိုများသွားမည်ဖြစ်သည်ဟု ခရီးသည်တစ်ဦးကပြောသည်။

“ခရီးစရိတ်တွေတိုးပေမယ့်လည်း ခရီးသွားစရာရှိလာရင်မသွားဘဲနေလို့မှမရတာ။ ကုန်ကျစရိတ်တော့ ပိုများသွားမှာပေါ့လေ။ ဒီခရီးစရိတ်မှမဟုတ်ပါဘူး အကုန်လုံးကဈေးတွေဆက်တိုက်တက်နေတာပါပဲ။ ဒီကြားထဲတိုးမလာတာဆိုတော့ ကျနော်တို့ဝင်ငွေပဲရှိတယ်” ဟုပြောသည်။

စက်သုံးဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ပထမပါတ်လောက်မှစ၍ တစ်လီတာ ၁၀၀၀ ကျပ်ကျော်ခန့်မှ ၁၅၀၀ ခန့်ထိမြင့်တက်ခဲ့ပြီးနောက် ထိုမှတစ်ဆင့် ယခုရက်ပိုင်းအတွင်း ဈေးနှုန်းဆက်တိုက်မြင့်တက်လာရာ လက်ရှိ တစ်လီတာ ၂၅၀၀ ခန့်လောက်ရှိနေပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/481102187029624

Leave a Reply

Your email address will not be published.