စက်သုံးဆီစျေးမြှင့်တက်လာမှုကြောင့် ရခိုင်မှ ကုန်တင်ကား ထက်ဝက်ကျော်ရပ်နားထားရ၊ အဝေးပြေးယာဥ်လိုင်းများလည်း အရှုံးခံပြေးဆွဲနေ

By Western News/ 2022 March 09

စက်သုံးဆီစျေးနှုန်းများ အဆမတန် မြှင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ပြေးဆွဲလျက်ရှိသည့် ကုန်တင်ယာဥ်များထဲမှာ လက်ရှိမှာ ထက်ဝက်ကျော် ရပ်နားထားရသည့် အခြေအနေတွင် ရှိနေပြီး ခရီးသည်တင် အဝေးပြေးယာဥ်လိုင်းများမှာလည်း ငွေကြေးအရှုံးခံပြီး ပြေးဆွဲနေရသည့်  အနေအထားမှာ ရှိနေသည်ဟု  ယာဥ်လိုင်းတာဝန်ခံများထံမှ သိရသည်။

စက်သုံးဆီစျေးမြှင့်တက်လာ၍  ယာဥ်ပိုင်ရှင်များမှာ တွက်ခြေမကိုက်သည့်အတွက် ကုန်တင်ကား(၁၀) စီးရှိသည့် ဂိတ်တစ်ဂိတ်မှ အနည်းဆုံး ကုန်ကား (၃) စီး မှ အများဆုံး ကုန်ကား (၅) စီး နီးပါးသာ ပြေးဆွဲနေရသည်ဟု စစ်တွေ ဂစ္ဆပကားဂိတ်မှ ဂိတ်မှူး ဦးချမ်းအေး က Western News ကိုပြောသည်။

“ဆီစျေးနှုန်းတွေ တက်လာ‌တော့ အခုနှစ်ရက် သုံးရက်အတွင်းမှာ ကျွန်တော်တို့ ကားဂိတ်တွေကနေ ပြေးဆွဲနေတဲ့ ကုန်တင်ထားတွေထဲက တစ်ချို့တစ်ဝက်တွေ ရပ်နားထားရတဲ့ အခြေအနေမှာရှိနေတယ်။ တစ်ချို့ကုန်ကား (၁) စီး (၂) လောက်ပဲ ပိုင်ဆိုင်တဲ့သူတွေဆို လုံးဝ ရပ်နားလိုက်ရတာတွေ တွေ့ရတယ်။ စျေးနှုန်းတိုးပြီး ကောက်ခံဖို့ အဆင်မပြေတဲ့ အခြေအနေမှာ တွက်ခြေ မကိုက်တဲ့ အတွက် အခုလို ရပ်နားထားရတာဖြစ်တယ်။ ပြေးဆွဲနေရတဲ့သူတွေကလည်း အရှုံးခံပြီး ပြေးဆွဲနေတာဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် စစ်တွေမှ တစ်ဆင့် ပြေးဆွဲနေသည့် ခရီးသည်တင် အဝေးပြေးယာဥ်လိုင်းများမှာလည်း  ခရီးသွားများ အဆင်ပြေစေရန်နှင့် ယာဥ်လိုင်း မရပ်တန့်သွားဖို့ရန်အတွက် ယာဥ်စီးခ များကို ပုံမှန်အတိုင်း ကောက်ခံနေပြီး ခရီးစဥ်တစ်ချို့သာ ယာဥ်စီးခ အပြောင်းအလဲ ရှိနေသည်။

ယာဥ်စီးခနှုန်းထားများကို ပုံမှန်အတိုင်းကောက်ခံနေရသည့်အတွက် ယာဥ်ပိုင်ရှင်များမှာ အရှုံးခံ ပြေးဆွဲနေရသလိုဖြစ်နေ၍ ယခုထက်ပိုပြီး ဆီစျေးမြှင့်တက်လာမည်ဆိုပါက ယာဥ်စီးခ စျေးနှုန်းတွေ တိုးမြှင့် ကောက်ခံသွားဖို့ရှိနေသည်ဟု ဦးချမ်းအေးက ဆက်ပြောသည်။

“ဆီစျေးတွေတက်ပေမယ့် ယာဥ်လိုင်းအများစုကို ယခင်ပြေးဆွဲခနှုန်းထားအတိုင်းပြေးဆွဲပေးနေတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ယာဥ်ပြင်ဆင်စရိတ်တွေမှာ ဆုံးရှုံးနစ်နာမှုတွေရှိနေတယ်။ အခုထက် ပိုပြီးဆီ စျေးနှုန်းမြှင့်တက်လာမယ်ဆိုရင် ယာဥ်စီးခ လက်မှတ်‌စျေးနှုန်းတွေ  (၂၀၀၀) ကနေ (၅၀၀၀) ကြားမှာ တိုးမြင့်ကောက်ခံသွားမယ့် အခြေအနေမှာရှိတယ်” ဟုပြောသည်။

ခရီးသွားပြည်သူများ နှင့် ယာဥ်လိုင်းများ အဆင်ပြေနိုင်ရန်အတွက်  စက်သုံးဆီစျေးနှုန်းများ  ပုံမှန်‌စျေးနှုန်းအတိုင်း ဖြစ်လာဖို့ ယာဥ်ပိုင်ရှင်များက လိုလားနေကြသည်။

စက်သုံးဆီစျေးနှုန်းများမှာ မတ်လ (၉)ရက်နေ့အထိ 92 တစ်လီတာလျှင် (၂၂၃၀)ကျပ်၊ 95 တစ်လီတာလျှင် (၂၃၃၀) ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာလျှင် (၂၄၁၀) ကျပ် နှင့် ဒီဇယ်တစ်လီတာလျှင် (၂၃၉၀) ကျပ်အထိ စျေးနှုန်းမြှင့်တက်လျက် ရှိသည်။

https://www.facebook.com/westernnewsagency/posts/479903440482832

Leave a Reply

Your email address will not be published.