ငပလီတွင် အသက်မပြည့်သည့်အမျိုးသမီးငယ်ကို သားမယားအ​ဖြစ်ပြုကျင့်သူအား ဖမ်းဆီးအရေးယူထား

By Narinjara / 2022 March  16

မင်းအဂ္ဂ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့တွင် အသက်မပြည့်သည့်အမျိုးသမီးငယ်တစ်ဦးကို သားမယားအဖြစ်ပြုကျင့်ခဲ့သူအား ဖမ်းဆီးအရေးယူထားသည်ဟု သိရသည်။

သားမယားအဖြစ်ပြုကျင့်ခံရသူမှာ ငပလီမြို့မှ အသက် ၁၅ နှစ်အရွယ်အမျိုးသမီးငယ်ဖြစ်သည်။

သူမသည် မတ်လ ၁၄ ရက် ည ၁ဝ နာရီခွဲခန့်တွင် အဒေါ်ဖြစ်သူနှင့်အတူဆိုင်ရောင်းနေရာမှ နေအိမ်သို့ပြန်လာစဉ် ငပလီမြို့၊ ဂျိတ္တောရပ်ကွက် အကွက်(၄)မှ ဘေးတွဲမောင်းသူ စိုးစိုးကျော်က စကားပြောစရာရှိသည်ဟုဆိုကာခေါ်ဆောင်သွားခဲ့ပြီး ငပလီမြို့၊ မြပြင်ရပ်ကွက်၊ မြို့ရှောင်လမ်း APOLLO KTV ရှေ့သို့အရောက်တွင် အလိုမတူဘဲ ၁၅ မိနစ်ခန့် သားမယားအဖြစ် ၁ ကြိမ်ပြုကျင့်ခံခဲ့ရခြင်းဖြစ်သည်ဟု ရခိုင်နေ့စဉ်သတင်းတွင် ဖော်ပြထားသည်။

နေအိမ်သို့ပြန်ရောက်မလာ၍ သူမကို မိသားစုများကလိုက်လံရှာဖွေကြရာ ယင်းနေ့ည ၁၁ နာရီခွဲခန့်တွင် ဂျိတ္တောရပ်ကွက်၊ အကွက်(၃)၌ငိုနေသည်ကိုတွေ့ရှိခဲ့ပြီး မေးမြန်းရာ ယခုဖြစ်စဉ်အား ပြန်ပြောပြကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ စိုးစိုးကျော်ကို နောက်တစ်နေ့ မတ်လ ၁၅ ရက် နံနက် ၅ နာရီခန့်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သောကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားသည်ဟု သိရသည်။

အသက်မပြည့်သည့်အမျိုးသမီးငယ်များကို သားမယားအဖြစ်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ်နှစ် ၂ဝ အထိ ချမှတ်ခံရနိုင်သည်ဟုလည်း သိရသည်။

https://www.facebook.com/narinjara.info/posts/5299857656692935

Leave a Reply

Your email address will not be published.