By Development Media Group (DMG)/ 2022 March 16

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆုံတွင်းကျေးရွာမှ အမျိုးသမီးငယ်နှစ်ဦးပျောက်ဆုံးနေသည့်မှာ ၁၁ ရက်ကျော်ကြာမြင့်လာသော်လည်း ယနေ့(မတ် ၁၆)ရက်နေ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များထံမှသိရသည်။
ပျောက်ဆုံးနေသူများမှာ အသက် ၁၇ နှစ်အရွယ် မဇာဇာထွေးနှင့် မဇာဇာ ၁၆ နှစ်တို့ ညီအစ်မနှစ်ဦးဖြစ်ပြီး ၎င်းတို့မှာထင်းခုတ်သွားစဉ်ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးမောင်ချိုက DMG သို့ပြောသည်။
“ကျွန်တော်တို့က လက်လုပ်လက်စားတွေပါ။ အဲဒီနေ့က သူတို့ညီအစ်မနှစ်ယောက်က ထင်းခုတ်သွားတယ်။ ကျွန်တော်တို့လင်မယားလည်း အလုပ်လုပ်သွားလုပ်တယ်။ ပြန်လာတော့ သူတို့နှစ်ယောက်ပြန်မရောက်သေးဘူး။ ညည့်နက်လို့ပြန်မလာတော့ ကျွန်တော်တို့တစ်ရွာလုံးလိုက်ရှာကြတယ်။ ဒီနေ့အထိ ရှာမတွေ့သေးဘူး”ဟု ၎င်းကဆိုသည်။
သမီးနှစ်ယောက်နှင့် ၁၀ ရက်ကျော်ကြာသည့်တိုင် အဆက်အသွယ်မရသေးသည့်အတွက် စိတ်ပူပင်ကြောင်း မိခင်ဖြစ်သူ ဒေါ်အေးကြည်က ပြောသည်။
“စိတ်ပူတာပေါ့။ အခုဆိုရင်ပျောက်သွားတာ ၁၀ ရက်ကျော်နေပြီ။ ဘာမှအဆက်အသွယ်မရဘူး။ ကျွန်မတို့လည်း ဟိုရွာ၊ ဒီရွာသွားကြည့်နဲ့ လုံးဝအဆက်အသွယ်မရဘူး။ အခုလည်း သံတွဲမှာသွားရှာနေတယ်။ မတွေ့သေးဘူး”ဟု ၎င်းကဆိုသည်။
ထိုသို့ ညီအစ်မနှစ်ယောက်ပျောက်ဆုံးနေခြင်းနှင့်ပတ်သက်ပြီး ဂွမြို့မရဲစခန်းကို တိုင်ကြားထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ဂွမြို့မရဲစခန်းကို DMG ကဆက်သွယ်ခဲ့သော် ဖုန်းအဆက်အသွယ်မရရှိခဲ့ပေ။ ဦးမောင်ချိုနှင့် ဒေါ်အေးကြည်တို့မိသားစုမှာ လက်လုပ်လက်စားဖြစ်ပြီး မိသားစုဝင် ၉ ဦးရှိကြောင်း သိရသည်။
https://www.facebook.com/dmgnewsagency/posts/2247703198715412