By Western News/ 2022 March 15
ယနေ့အချိန် ရခိုင်ဒေသ၌ အွန်လိုင်းပေါ်တွင် ကျယ်ကျယ်လောင်လောင် အသံထွက်ပေါ်လာနေရသည့် တစ်ခုမှာ ဘုန်းကြီးပျံအန္တိမဈာပန(ဒုံးပွဲ) ဖြစ်သည်။
ရခိုင်ဒေသ၌ ပြုလုပ်ကျင်းပနေသည့် ဒုံးပွဲများနှင့်ပတ်သက်၍ လူကြီးနှင့် လူငယ်အမြင်ရှုထောင့်များ ကွဲပြားနေသည်ကို အွန်လိုင်းပေါ်တွင် ဖတ်ရှုနေရသည်။
ခေတ်အဆက်ဆက် လူကြီးနှင့်လူငယ်ဆိုသည်ကလည်း အမြင်များထပ်တူမကျခဲ့ပေ။ လူငယ်များကလူကြီးများကို ကွန်ဆာဗေးတစ် (Conservative)ရှေးရိုးစွဲများအဖြစ် ရှုမြင်နေခဲ့ကြသလို လူကြီးများကလည်း လူငယ်များကို ခေတ်နောက်ပြန်ဆွဲဖို့ ကြိုးစားနေသူများဟု ထင်မြင်ယူဆနေကြဆဲဖြစ်သည်။
ဘုန်းကြီးပျံ(ဒုံးပွဲ)သည်ကား ရခိုင်လူမျိုးတို့၏ ဒြပ်မဲ့ယဉ်ကျေးကျေးမှုတစ်ခုဆိုလျင်လည်းမမှား။ ရခိုင်လူမျိုးတို့ သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျောက် မိမိတို့ရပ်ကွက်၊ ကျေးရွာအလိုက် ကိုးကွယ်သော ဆရာတော်ကြီးများအား အလွန်လေးစား ကြည်ညိုကြသည်။ မိမိတို့ကျေးရွာ၊ ရပ်ကွက်များ၌ ကိုးကွယ်သောဆရာတော်များ ပျံလွန်တော်မူလျှင် အန္တိမဈာပန ဘုန်းကြီးပျံပွဲကို ချက်ချင်းမကျင်းပသေးဘဲ မပုပ်မသိုးရအောင် စီမံပြုလုပ်ထားပြီး ရုပ်ကလာပ်တော်ကို ယာယီကျောင်းဆောင်ဖြင့် ထားရှိကြသည်။
တောရွာနေတောင်သူများအဖို့ စပါးရိတ်သိမ်းပြီး ဝမ်းစာစပါးများ အိမ်ပေါ်ကျီထဲသို့ ရောက်ရှိသော တပို့တွဲ၊ တပေါင်းလ စပါးပေါ်ချိန်၊ ငွေရွှင်ချိန်အခါမှ ဆရာတော်၏ကြွင်းကျန်သည့် ဥတုဇရုပ်ကလာပ်တော်အတွက် အန္တိမဈာပန ဘုန်းကြီးပျံပွဲကိုပြုလုပ်ကျင်းပကြသည်။ ဘုန်းကြီးပျံပွဲကို ရခိုင်လူမျိုးတို့၏ အခေါ်အဝေါ်အရ ဒုံးပွဲ ဟုခေါ်ဆိုပြီး ရခိုင်ရိုးရာအကများဖြစ်သည့် ဟန်အက၊ တလားကပွဲ ၊ ဧယင်ကျူးပွဲ ၊ ယိမ်းကပွဲ စသည်များဖြင့် အမျိုးမျိုးသော အနုပညာတို့ဖြင့် ပူဇော်ကြသည်။
ဘုန်းကြီးပျံပွဲအား သုံးရက်တိုင်တိုင် ကျင်းပကြပြီး နောက်ဆုံးနေ့၌ ယမ်းများထည့်ထားသည့် ဒုံးသီးများဖြင့် ဆရာတော်၏ ရုပ်ကလာပ်တော်ထားရှိရာ မြေစိုက်စံကျောင်းကို ဒုံးသီးများဖြင့် ဖြိုခွဲကာ မီးရှို့ပူဇော်ခြင်းကို ရခိုင်ဒေသ၌ ဒုံးပွဲ ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ ဒုံးတိုက်မည့်နေရာမှ မြေစိုက်စံကျောင်းသို့ ပေ ၁၈ဝ နီးပါး ရှည်လျားသော သံကြိုး၊ စတီးကြိုးများကို အသီးသီးတပ်ဆင်၍ ဒုံးသီးများကိုအဆင်သင့်တင်ဆောင်ထားကြသည်။ ဦးစွာ မင်္ဂလာဒုံးတိုက်ရသည်။ ဒုံးကို မိမိကိုယ်တိုင် ပူဇော်နိုင်ပါ၏။
ဘုန်းကြီးပျံပွဲ (ခ)ဒုံးပွဲအတွက် ဒုံးသီး ပြုလုပ်ရန် ပွပါး၍ ကွဲစေခြင်းငှာ မလွယ်ကူစေရန် သစ်သားအမာများကို ရှာကြံခုတ်ယူကြရသည်။ ယင်းသစ်သားကို အရှည် တစ်ပေ၊ နှစ်ပေနှင့် သုံးပေခန့်စသည့် အရွယ်အစားအတိုင်း လွှဖြင့်လှီးဖြတ်ကြရသည်။ လှီးဖြတ်ထားသော သစ်သားများကို ညှပ်ခုံတွင်တင်၍ တစ်ကျပ်လွန်စူးဖြင့် တစ်ဖက်မှ တဖက်သို့ ထုတ်ချင်းပေါက်သွားအောင် ဖောက်ထွင်းကြရသည်။ ဘုန်းကြီးပျံပွဲများတွင် ဘုန်းတော်ကြီး၏ ရုပ်ကလာပ်ကို ဒုံးဟုခေါ်သော အခေါင်းပြုလုပ်ထားသည့်
(၂)
သစ်သားတုံးကို မီးစနက်တံဖြင့် မီးရှို့ပြီး ရုပ်ကလာပ်သို့ ကြိုးဖြင့်သွယ်ပြီး ပစ်ဖောက်ရသဖြင့် ယင်းကို အစွဲပြုကာ ဘုန်းကြီးပျံပွဲကို ဒုံးပွဲဟုပင် ခေါ်လာခဲ့ခြင်းဖြစ်ကြောင်း မှတ်သားရသည်။
တချို့ကလည်း ဘုန်းကြီးပျံဈာပနပွဲ၌ ဒုံးတိုက်ခြင်းသည် ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့မဟုတ်။ ၁၁၄၆ ခုနှစ်၊ ရခိုင်လူမျိုးတို့၌ အချုပ်အခြာအာဏာကျဆုံးပြီးနောက် မန္တလေးရတနာပုံခေတ်က ယဉ်ကျေးမှုကူးစက်လာခြင်းအား လေ့လာတွေ့ရှိရကြောင်းဆိုပြီးလည်း တင်ပြပြောဆိုမှုများကို ဖတ်ရှုနေရသည်။ လွန်ခဲ့သည့် နှစ်(၆၀) ကျော်လောက်က ရခိုင်ဒေသရှိ ဒုံးသီချင်းများသည် ဗမာစကားဖြင့်ရေးစပ်ထားသည့်သီချင်းများဖြစ်နေ၍ ဦးပုညနှင့် ဖိုးသူတော်ဦးမင်းတို့ ရေးစပ်သီကုံးထားခဲ့သည့် ဒုံးသီချင်းများသာဖြစ်နိုင်ကြောင်းဆိုပြီးလည်း ဝေဖန်သုံးသပ်ချက်များအား ဖတ်ရှုနေရသည်။
မည်သို့ပင်ဆိုစေ ဒုံးပွဲသည် ရခိုင်လူမျိုးတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်သလို မိမိတို့ရပ်ရွာ၌ ကိုးကွယ်နေခဲ့ သောဆရာတော်ကြီးအား နောက်ဆုံးပးဇော်ခြင်းဖြစ်၍ ဒုံးပွဲပြုလုပ်ကျင်းပခြင်းက သင့်တော်ပေသည်။ သို့သော် လူငယ်များဝေဖန်ပြောဆိုနေရခြင်းက ယနေ့အချိန်သည် ကုန်စျေးနှုန်းများမြင့်တက်လာနေသဖြင့် အများပြည်သူတို့ စီးပွားရေးကျပ်တည်းနေကြချိန်၌ ဘုန်းကြီးပျံ၊ဒုံးပွဲပြုလုပ်ဖို့ဆိုပြီး ဂါမပညတ်အရ အိမ်တိုင်းစေ့ မဖြစ်မနေ အလှူငွေထည့်ဝင်ကြရသည်။ တချို့ရပ်ရွာများ၌ တခြားရန်ပုံငွေများကိုလည်း ထည့်ပေးနေရမှုရှိတတ်သဖြင့် ဂါမပညတ်အရ ဘုန်းကြီးပျံပွဲအတွက် ငါးသောင်း၊တစ်သိန်း စသည်ဖြင့် အလှူငွေထည့်ဝင်ရသည်က ရပ်ရွာရှိ ပြည်သူများအတွက် အခက်တွေ့စေနေရပါသည်။ ဗုဒ္ဓဘာသာဝင်များအဖို့ အလှူတစ်ခုပြုလုပ်ရာ၌ စေတနာသုံးတန်ပြတ်သားဖို့ လိုအပ်ပါသည်။သို့မှသာ အကျိုးဖြစ်ထွန်းစေပါမည်။
ရခိုင်ဒေသရှိ ဘုန်းကြီးပျံပွဲ(ဒုံးပွဲ)များ၌ တစ်ရွာနှင့်တရွာ စံကျောင်းတော်ဆောက်လုပ်မှုကို ပြိုင်ဆိုင်လာနေကြသည်ကို တွေ့မြင်နေရ၍ လူငယ်များအမြင်၌ တချို့ ဒုံးပွဲများတွင် စံကျောင်းတော်များကို ပိုမိုဆောက်လုပ်ထားသဖြင့် လိုအပ်သည်ထက် ငွေကုန်ကျမှုဖြစ်နေရခြင်းအား အလိုမကျမှုဖြစ်နေကြသည်။ ဘုန်းကြီးပျံ၊ဒုံးပွဲသည် ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့ပွဲတစ်ခုဖြစ်သော်လည်း ဈာပနာပွဲပြီးသုံးရက်အကြာဆိုပါလျင် ပြာပုံသာကျန်နေခဲ့ ခြင်းဟု လူငယ်များက ရှုမြင်သုံးသပ်ထားကြသည်။
ထိုသို့ ဘုန်းတော်ကြီးများပျံလွန်တော်မူသည့် ဈာပနပွဲ၌ လိုအပ်သည့်ထက်လွန်ကဲပြီး စံကျောင်းတော်များကို ငွေသိန်းရာပေါင်းပေါင်းစွာ အကုန်ကျခံဆောက်လုပ်ပြီးနောက် မီးရှို့လိုက်ရခြင်းအား ယနေ့ရခိုင်လူငယ်များ အလိုမ ကျမှုဖြစ်လာနေရခြင်းအား ထိုလူငယ်များ၏ရေးသားထားသော ပိုစ့်များကို ဖတ်ရှုရခြင်းဖြင့် သိရှိနေရသည်။ သိန်းရာပေါင်းများစွာ အကုန်ကျခံပြီး ဈာပနာပွဲပြုလုပ်ကျင်းပမည့်အစား၊ တစ်နည်းပြောရပါလျင် ထိုသို့အပို ကုန်ကျငွေများကို မီးရှို့မည့်အစား သင့်တင့်လျောက်ပတ်သည့်ပုံစံမျိုးနှင့်
(၃)
ဘုန်းတော်ကြီးဈာပနာပွဲအား ကျင်းပပြုလုပ်ပြီး ဆရာတော်အထိမ်းအမှတ်အဖြစ် ဆရာတော်ဘွဲ့အမည်နှင့် ဓမ္မာရုံတစ်ခုဖြစ်ဖြစ်၊ သံဃာတော်များ သီတင်းသုံးနေထိုင်နိုင်မည့် ကျောင်းဆောင်ငယ်တစ်ခုအဖြစ်သော်လည်းကောင်း၊ ရပ်ရွာ၌ ပျက်စီးနေသည့် သိမ်၊စေတီပုထိုးများကိုပြန်လည်ပြုပြင် တည်ဆောက်ပေးလည်းကောင်း၊ ကလေး လူငယ်၊ လူလတ်၊ လူကြီးများဖတ်နိုင်သည့် စာကြည့်တိုက်များလည်းကောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဆောင်လည်းကောင်း တည်ဆောက်နိုင်ခဲ့လျင် ပျံလွန်တော်မူသွားသော်သည့် ဆရာတော်၏ဘွဲ့အမည်လည်း ထာ၀ရတည်တံ့နေမည်ဖြစ်သည်ဆိုပြီး လူငယ်များကဝေဖန် ထောက် ပြပြောဆိုမှုများရှိလာနေရသည်။ ဒုံးပွဲအတွက် လှူဒါန်းလိုက်ရသော ရွာသူ၊ရွာသားများနှင့် အခြားအလှူရှင်များလည်း အကျိုးရှိမည်ဖြစ်သည်။ ပျံလွန်တော်မူသွားသည့်ဆရာတော်မှလည်း ထိုအလှူအား ရောက်ရာဘုံဌာနက ဝမ်းမြောက်၊ ဝမ်းသာ သာဓုအနုမောဒနာ ခေါ်ဆိုနေပါလိမ့်မည်။ ဘုန်းကြီးက ဘယ်ဘုံ၊ဘယ်ဌာနမှာ စံမြန်းနေမှန်း မသိတော့ဘူး။ ကျန်ခဲ့သည်ရွာသားများမှာ ငွေကုန်အချိန်ကုန်ခြင်းဆိုပြီးလည်း လူငယ်များက ပြောဆိုနေကြသည်။
လူကြီးများကလည်း မိမိတို့ရခိုင်လူမျိုးတို့၌ ဒုံးပွဲမပြုလုပ်တော့ကြလျင် ရိုးရာလက္ခဏာအမှတ်အသား တစ်ခုကို ဖျောက်ပစ်ရတော့မည်လား။ ယခုလို ရိုးရာယဉ်ကျေးမှုများကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခဲ့၍လည်း ရခိုင်လူမျိုးဆိုပြီး ကမ္ဘာပေါ်၌ တည်တံ့နိုင်သည်မဟုတ်ပါလားဆိုပြီးလည်း ပြောဆိုနေကြသလို အသက်ထက်ဆုံး ရပ်ရွာ၌ ကိုးကွယ်လာသည့် ဆရာတော်ကြီး၏နောက်ဆုံး အန္တိမဈာပနာပွဲကို စည်စည်ကားကား ကျင်းပနေခြင်းက ဂုဏ်ယူခြင်းနှင့်ဝမ်းသာနေကြရမည်ဆိုပြီးလည်း ပြောဆိုမှုများရှိနေကြသည်။ နောက်တစ်ခုက ရပ်ရွာ၌ တစ်သက် တခါ ကြုံရသည့်ပွဲဆိုပြီးလည်း လူကြီးများက ဘုန်းကြီးပျံပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာနေကြခြင်း ဖြစ်သည်။ ဘုန်းကြီးပျံပွဲ ပြုလုပ်ကျင်းပသဖြင့် စံကျောင်းတော်ပြုလုပ်သည့် ပညာရှင်များနှင့် အခြားအောက်ခြေ အလုပ်သမားများလည်း အလုပ်ရရှိသဖြင့် ဝင်ငွေရရှိကြသည်။ ဘုန်းကြီးပျံ၊ဒုံးပွဲ၌ စျေးရောင်းချသည့်စျေးသည် များကလည်း ဝင်ငွေရရှိခြင်းအား ပြောဆိုမှုရှိနေကြသည်။ ဘုရားရှင်ပရိနိဗ္ဗာန်ပြုချိန်၌ တေဇောဓာတ်မီးလောင် သည့်အတွက် ဘုရား၏သားတော်များ ပျံလွန်တော်မူသည့်အချိန်၌လည်း ဒုံးတိုက်ပြီးမှ စံနန်းတော်ကို မီးပူ ဇော်ကြခြင်းဖြစ်ကြောင်းဟု ကျမ်းဂန်များကိုကိုးကားပြီး လူကြီးများက ပြောဆိုမှုရှိနေကြသည်။
တချို့ ရွာသားများက ဘုန်းကြီးပျံဈာပနပွဲကို အကျဉ်းချုံ၍ပြုလုပ်ချင်ကြပါသော်လည်း ရပ်ရွာရှိ ဘုန်းတော်ကြီး ပျံလွန်သည့်သံဃာဂိုဏ်းမှဘုန်းတော်ကြီးများက သူများဂိုဏ်းထက် ငါတို့ဂိုဏ်းက ဒီလိုစည်စည်ကားကား ကျင်းပနိုင်တယ်ဆိုပြီးလည်း ရှိနေနိုင်သည်။ တချို့ရွာသားများကလည်း မိမိတို့ရွာမှဘုန်းတော်ကြီး၏ အန္တိမဈာပနပွဲကို စည်စည်ကားကား ကျင်းပခွင့်မရရှိလျင် ဂိုဏ်းရှိဘုန်းတော်ကြီးများအား အလိုမကျမှုသည့် အမူအရာများ ပြသလာသဖြင့် ရွာသားများအလိုဆန္ဒကို ဘုန်းတော်ကြီးများက လိုက်လျော့ပေးမှုများလည်း ရှိနေရသည်။
(၄)
နိဂုံးချုပ်ရပါလျင် ’’ဘုန်းကြီးမှာပွဲ၊ လူမှာမွဲ’’ ၊ ‘’ဘုန်းကြီးလဲသေ၊ ရွာလည်းကြေ’’ ဆိုပြီး ပြောဆိုမှုများက ဟိုးအရင်ကတည်းက ရခိုင်ဒေသ၌ ပြောဆိုမှုများ ရှိနေကြသည်။ ယနေ့အချိန်၌ ရခိုင်လူမျိုးတို့၏ ဘုန်းကြီးပျံ(ဒုံးပွဲ) သည် လူကြီးနှင့်လူငယ်တို့ အမြင်ချင်းမတူသည့် ပွဲတစ်ခုဖြစ်လာသလို Gobalization နှင့် Localization တို့၏ အားပြိုင်ပွဲလည်း ဖြစ်နေရသည်။
ရှေးထုံးလည်းမပယ်၊ လူငယ်များလည်းအမြင်ကြည်အောင် ဒုံးပွဲကိုလိုအပ်သည်ထက် အပိုငွေမကုန်ကျဘဲ လုပ် ဆောင်နိုင်လျင်အကောင်းဆုံးအခြေအနေဖြစ်ပါလိမ့်မည်။ အစဉ်အလာမပျက် တော်ရုံ၊သင်တော့်ရုံ၊ အမြင်ကောင်းရုံ မလုပ်ဆောင်ဘဲ အကြောင်းနှင့်အကျိုး ညီညွတ်သင့်တော်မှုရှိမနေလျင် မြင်ရသူတို့အဖို့ အပြစ်ဖြစ်နိုင်ပါသည်။ ယနေ့အချိန် အစစ၊ အရာရာခက်ခဲနေသောအချိန် ဒုံးပွဲများပြုလုပ်နေခြင်းသည် ကာလံ၊ ဒေသံနှင့် ကိုက်ညီနေမှုရှိမရှိ ဆိုသည်အားလည်း တွေးတောဆင်ခြင်ကြရပါမည်။ ဆရာတော် သက်ရှိထင်ရှားရှိစဉ်က တစ်လ နေ၍ ကျောင်းသို့တစ်ခါမရောက်သူများက ဘုန်းတော်ကြီးပျံလွန်တော်မူမှ ငါတို့ပျော်ပွဲရွှင်ပွဲ ဆင်နွဲ ရတော့မည်ဆိုပြီး စိတ်ကူးနှင့် အူမြူးနေသူများကြောင့်လည်း ဒုံးပွဲကိုလိုအပ်သည့်ထက် ကြီးကျယ်စွာပြုလုပ်နေကြခြင်းလည်းဖြစ်နိုင်သည်။ ဒုံးပွဲအားအကြောင်းပြ၍ လောင်ကစားဝိုင်းများ မြောက်များထည့်သွင်းလာခြင်း ထိုလောင်းကစားဝိုင်းသည် ၁ ရက်ပြုလုပ်သည်မဟုတ်ဘဲ ပွဲပြီးသည်ထိတိုင် လုပ်ကြသည်။ ထိုလုပ်ဆောင်နေမှုအပေါ်ကိုလည်း ဝေဖန်မှုများ ထွက်ပေါ်လာနေရခြင်းဖြစ်သည်။
နောက်တစ်ခုက ဘုန်းကြီးပျံ(ဒုံးပွဲ)အပေါ်၌ လူကြီးနှင့်လူငယ်အမြင်မတူခြင်း ဖြစ်နေရသည်က ရခိုင်ဒေသ ဆင်းရဲမွဲတေနေရ၍ ဝေဖန်ပြောဆိုနေကြခြင်းပါ။ ရခိုင်လူမျိုးတို့ ဆင်းရဲမွဲနေရခြင်းသည် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သည့် အစိုးရနှင့် သက်ဆိုင်သလို အရက်၊ဖဲ၊နှစ်လုံး၊သုံးလုံး ချဲဂဏန်းများကို စဉ်ဆက်မပြတ် ကစားနေခြင်းကြောင့်လည်း ဆိုရပေမည်။ ဆင်းရဲမွဲတည်မှုလျော့ချလာနိုင်အောင် ဒုံးပွဲများ၏ အလွန်အမင်း ငွေကြေးကုန်ကျမှု များကို လူငယ်များက ကန့်ကွက်ပြောဆိုနေခြင်းသာ ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ အားလုံးက အရက်၊ဖဲနှင့် နှစ်လုံး၊ သုံးလုံး ချဲထီ အလောင်းကစားများကို လျော့ချပြီး ရခိုင်ဒေသဖွံ့ဖြိုးတိုးတက်လာအောင် ကြံဆောင်ရန်တင်ပြလိုက်ရပါသည်။
မေသစ္စာ ရေးသားသည်။
https://www.facebook.com/westernnewsagency/posts/483681773438332