ကျောက်ဖြူရှိ ကျောက်တလုံးမူဆလင်ကယ်ဆယ်ရေးစခန်းကို ဖျက်သိမ်းကာ ရွာအဖြစ်တည်ဆောက်

By Narinjara / 2022 March  09

အေးမြတ်ခိုင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တလုံးမူဆလင်ကယ်ဆယ်ရေးစခန်းကို ဖျက်သိမ်းကာ ရွာအဖြစ်တည်ဆောက်နေပြီဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

အစိုးရအနေဖြင့် လူသားချင်းစာနာပြီး လုပ်ပေးသင့်သည်ကို လုပ်ပေးနေခြင်းဖြစ်ကြောင်း ဦးလှသိန်းက ယနေ့တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောသည်။

“ကျောက်ဖြူက ကျောက်တလုံးက သီးခြားလေးလည်းဖြစ်တယ်။ လုံခြုံစိတ်ချရတဲ့နေရာလည်းဖြစ်တယ်ဆိုတော့ ကျောက်ဖြူ IDP Camp ရဲ့အနောက်ဘက် သိပ်မဝေးတဲ့နေရာမှာ ရွာပေါ့။ မြို့အနေနဲ့ဆို ရပ်ကွက်ပေါ့။ ရွာသဘောမျိုးလေးတည်ပေးဖို့လုပ်နေပါတယ်”ဟု ပြောသည်။

လက်ရှိတွင် အဆိုပါကယ်ဆယ်ရေးစခန်းအနောက်ဘက်တွင် ဆေးပေးခန်း၊ ပညာရေးဝန်ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အဆောင် ၃ ဆောင်ဆောက်လုပ်နေပြီး ကယ်ဆယ်ရေးစခန်းမှလူများအတွက် လုံးချင်းအိမ်ယာများဆောက်လုပ်ပေးသွားမည်ဟု ကျောက်တလုံးရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမောင်နီက နိရဥ္စရာကို ပြောသည်။

“ကယ်ဆယ်ရေးဆိုတဲ့စခန်းနာမည်ကို ဖျောက်ပစ်ချင်လို့ပါ။ ရပ်ကွက်မဟုတ်ရင် ကျေးရွာဖြစ်သွားမှာပေါ့။ လောလောဆယ်တော့ နာမည်မရှိသေးပါဘူး”ဟု ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “ဘာပဲပြောပြော သူတို့လည်း လူသားတွေဖြစ်တဲ့အတွက် အကောင်းဆုံးအနေအထားကိုလုပ်ပေးနိုင်ရင် ဘာပဲဖြစ်ဖြစ်တော့ ဝမ်းသာစရာပေါ့။ အကောင်းဆုံးအနေအထားကိုမရောက်ဘဲ ပဋိပက္ခအသွင်ကိုဆောင်လာတဲ့ပုံစံမျိုးဆိုရင်တော့ မကောင်းဘူးလေ”ဟု ပြောသည်။

ကျောက်တလုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်းအပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ ပိုက်ဆိပ်မှ မူဆလင်အများစုနေထိုင်နေသော ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည်။ ယင်းစခန်းတွင် လူဦးရေ ၁၅၃၂ ဦးရှိသည်။

https://www.facebook.com/narinjara.info/posts/5281339765211391

Leave a Reply

Your email address will not be published.