By Boder News Agency (BNA) / 2022 March 06
(မိသားစုအများစုက သဘောမတူ၊ မူလနေရပ်မှာသာ နေထိုင်လိုကြတယ်လိုဆို)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့ အစိုးရလက်ထက် ပြန်လည်နေရာချထားလုဆဲဆဲမှာ အာ ဏာသိမ်းမှုကြောင့်ပျက်သွားခဲ့တဲ့ ကျောက်ဖြူမြို့ ကျောက်တစ်လုံးအိုင်ဒီပီစခန်းက မွတ်ဆလင်မိသားစုတွေကို စစ်ကောင်စီက နေရာချထားဖို့ ထပ်မံစီစဉ်နေပါတယ်။
အဲဒီနေရာချထားရေးလုပ်ငန်းခွင်ကို ရခိုင်ပြည်နယ်ကောင်စီ၊ ဝန်ကြီးချုပ် ဦးဆောင်တဲ့အဖွဲ့က မတ်လ ၅ ရက်မှာ စီမံကိန်းအခြေအနေကို သွားရောက်ကြည့်ရှု့ခဲ့ပြီးတော့ စခန်းက မိသားစုဝင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မွတ်ဆလင်ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေး၊ ပြန်လည်နေရာချထားရေးအစီအစဉ်တစ်ရပ်အနေနဲ့ ပြီးခဲ့တဲ့ အမျိုး ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)အစိုးရလက်ထက် ၂၀၂၀ ကတည်းက စတင်လုပ်ဆောင်ခဲ့တဲ့အဲဒီစီမံကိန်းဟာ စစ်တပ်က အာဏာသိမ်းတဲ့ဖြစ်စဉ်ကြောင့် ရပ်နားခဲ့ရပါတယ်။ အဲဒါကို စစ်ကောင်စီက ယခုအခါ ပြန်ပြီး အကောင်အ ထည်ဖော်တည်ဆောက်နေတာပါ။
လက်ရှိမှာ မြေညှိတာတွေ ပြီးစီးနေပြီဖြစ်သလို စာသင်ကျောင်းနဲ့ ဆေးခန်းအဆာက်အအုံတွေ တည်ဆောက်နေပြီလို့ အဲဒီစခန်းက ဒုက္ခသည်တွေက ပြောပါတယ်။ အဲဒီအိမ်ယာစီမံကိန်းကို လက်ရှိ ကျောက်တစ်လုံးဒုက္ခသည်စခန်းနဲ့ တစ်မိုင် လောက်ဝေးတဲ့ ဆားကွင်းနေရာမှာ တည်ဆောက်နေကြတာပါ။
အဲဒီအိမ်ယာစိမံကိန်းမှာ ဆေးခန်း၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးမှူးရုံး၊သောက်သုံးရေကန်၊ငါးမွေးမြူ ရေးကန် စတာတွေ ပါဝင်မယ်လို့ သိထားရကြောင်း အဲဒီစခန်းက မိသားစုတစ်ချို့က ပြောပါတယ်။
ဒါပေမယ့် အဲဒီစီမံကိန်းကို ကာယကံရှင်မိသားစုတွေက သဘောတူလက်ခံမှု မရှိကြပါဘူး။သူတို့ရဲ့မူလပ်နေရပ်ဖြစ်တဲ့ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်တွေမှာပဲ နေထိုင်လိုကြတယ်လို့ ဆိုကြပါတယ်။
ကျောက်တစ်လုံးဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့သူတွေအကုန်လုံးဟာ မြို့ပေါ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်လာကြသူတွေဖြစ်တဲ့အတွက် ခုအစိုးရက စီစဉ်ပေးတဲ့နေရာမှာ နေထိုင်ဖို့အဆင်မပြေဘူးလို့ အဲဒီစခန်းက ဦးမောင်ချိုက ပြောပါတယ်။
သူတို့တွေဟာ မြို့ပေါ်ကို မှီခိုပြီး ထွေလာမောင်းတာ၊ လက်သမား၊ ပန်းရံ၊ ကုန်တင်၊ ကုန်ချလုပ်တာ၊ ရက်ကျအငှား လုပ်တာ စတဲ့ ကျဗန်းအလုပ်တွေကို လုပ်ကိုင်နေခဲ့ကြသူတွေပါတယ်။
“အခုသူတို့ပေးတဲ့နေရာနဲ့ ကျွန်တော်တို့ လုပ်စားရမယ့်အလုပ်နဲ့က တစ်ခြားစီဖြစ် နေတဲ့အခါကျတော့ ကျွန်တော် တို့ရဲ့ရှေ့လျှောက်ရမယ့်အနာဂတ်အတွက် အခက်အခဲတွေ အများကြီးကြုံလာရမယ်။ ဒီနေရာကို လုံး၀မသွားချင် ဘူး။ အစိုးရက အဓမ္မအစီအစဉ်ချနေတာပဲ”လို့ ဦးမောင်ချိုက ပြောပါတယ်။
မူလနေထိုင်ခဲ့တဲ့ရပ်ကွက်တွေမှာမဟုတ်ပေမယ့် မြို့ပေါ်က မြေနေရာကွက်လပ်တစ်ခုမှာ ဒီလိုမျိုး အိမ်ယာဆောက် ပေးရင် သူတို့အတွက် ပိုပြီးအဆင်ပြေမယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။
အဲဒီအခြေအနေနဲ့ ပက်သက်ပြီး မေးမြန်းဖို့ ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
ကျောက်တစ်လုံးအိုင်ဒီပီစခန်းက မိသားစုတွေဟာ သူတို့ရဲ့မူလနေရပ်ဖြစ်တဲ့ ကျောက်ဖြူမြို့ပေါ်မှာ နေရပ်ပြန် ချပေးဖို့အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာတွေကို အ ကြိမ်ကြိမ်စာပို့တောင်းဆိုခဲ့ဖူးပါတယ်။
အခုလုပ်နေတဲ့ အိမ်ယာစီမံကိန်းကို သဘောမတူကြောင်းလည်း စာပို့ကန့်ကွက်ခဲ့ကြဖူးပါတယ်။
အခုလုပ်နေတဲ့ အိမ်ယာစီမံကိန်းကို ပြီးခဲ့တဲ့ ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာနှစ် သမ္မတအရေးပေါ်ရန်ပုံငွေထဲကနေ ငွေ ကျပ်သန်းပေါင်း နှစ်ထောင်နီးပါး အသုံးပြုတည်ဆောက်မှာဖြစ်တယ်လို့ ၂၀၂၀ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့ ပြည် ထောင်စုလွှတ်တော်အစည်းအ ဝေးမှာ နယ်စပ်ရေးရာဝန်ကြီးဌာနက တင်ပြခဲ့ပါတယ်။
ကျောက်တစ်လုံးအိုင်ဒီပီစခန်းဟာ ၂၀၁၂ ခုနှစ် ရခိုင်-မွတ်ဆလင် ပဋိပက္ခအပြီးမှာ ပေါ်လာတဲ့စခန်းတစ်ခုဖြစ်ပြီး အဲဒီစခန်းမှာ မွတ်ဆလင်မိသားစုပေါင်း တစ်ထောင်ကျော်ရှိပါတယ်။
ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ခုနှစ် ပဋိ ပက္ခကြောင့် လူပေါင်း ၁၉၂ ယောက် သေဆုံးပြီး ၂၆၅ ယောက် ဒဏ်ရာရခဲ့ကာ နေအိမ်ပေါင်း ၈,၆၀၀ ကျော် ဖျက် ဆီးခံခဲ့ရပြီးတော့ ခန့်မှန်းခြေ လူပေါင်းတစ်သိန်းကျော် အိုးအိမ်စွန့်ခွါထွက် ပြေးခဲ့ကြရတယ်လို့ ရခိုင်ပြည်နယ်ပဋိ ပက္ခများစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ၂၀၁၃ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ထု တ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။
ရခိုင်မှာ ကျောင်ဖြူအပါအဝင် စစ်တွေ၊ပေါင်တော၊မြေပုံ၊ကျောက်တော်စတဲ့ မြို့နယ်တချို့မှာလည်း အိုင်ဒီပီအများအပြားရှိနေပါတယ်။
https://www.facebook.com/permalink.php?story_fbid=151580293950952&id=107469705028678