ကျောက်ဖြူမြို့မှ ကျောက်တလုံး IDP Camp ကို နေရာပြောင်းရွှေ့ရန်စီစဉ်နေဟု စစ်ကောင်စီပြော

By Development Media Group (DMG)/ 2022 March 09

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရှိသည့် ကျောက်တလုံးကယ်ဆယ်စခန်းမှ မွတ်ဆလင်ဒုက္ခသည်များကို နေရာပြောင်းရွှေ့ချထားရန်စီစဉ်နေသည်ဟု ပြည်နယ်စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက မတ်လ ၈ ရက်နေ့တွင် သတင်းထောက်များကို ပြောသည်။

အဆိုပါဒုက္ခသည်များကို ကျောက်တလုံးစခန်းနှင့် မနီးမဝေးတစ်နေရာသို့ပြောင်းရွှေ့ပြီး ရွာချပေးရန်ပြင်ဆင်နေခြင်းဖြစ်သည်ဟု ဦးလှသိန်းကဆိုသည်။

“ကျောက်ဖြူကျောက်တလုံး IDP Camps ရဲ့ အနောက်ဘက် သိပ်မဝေးတဲ့နေရာမှာတော့ ရွာသဘောမျိုးလုပ်ဖို့အတွက် ကျွန်တော်တို့လုပ်နေပါတယ်”ဟု ၎င်းကပြောသည်။

ကျောက်တလုံး IDP Camp မှ မွတ်ဆလင်ဒုက္ခသည်များကို နေရာပြောင်းရွှေ့ပေးရန်အတွက် လတ်တလောတွင် ဆေးပေးခန်းများ၊ စာသင်ကျောင်းနှင့် ရေကန်များ တူးဖော်ဆောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ကျောက်တလုံး IDP တွင် မွတ်ဆလင်ဒုက္ခသည် အိမ်ထောင်စု ၃၆၃ စု၊ လူဦးရေ တစ်ထောင်ကျော်နေထိုင်နေခြင်းဖြစ်သည်။ အဆိုပါမွတ်ဆလင်များမှ IDP Camp သို့ရောက်ရှိလာချိန်ကတည်းက ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အဘက်ဘက်တွင် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု ပြောဆိုကြသည်။

လက်ရှိမှာ နောက်ထပ်မြို့နှင့်အလှမ်းဝေးသည့် နေရာသစ်သို့ ပြောင်းရွှေ့ရမည်ဆိုပါက အခက်အခဲပိုမိုဖြစ်လာနိုင်သဖြင့် မပြောင်းရွှေ့ချင်ကြောင်း ယင်းစခန်းမှ ကိုကျော်ကျော်(အမည်လွှဲ)က ပြောသည်။

“ကျနော်တို့ကမပြောင်းချင်ဘူး။ အဲဒီနေရာဟာ ချောင်လည်းကျတယ်။ မြို့နဲ့လည်းဝေးတယ်။ သီးသန့်ကြီးဖြစ်သွားတယ်။ ကျနော်တို့မှာ ဒီနေရာမှာတောင်အလုပ်အကိုင်မရှိတာ။ အဲဒီနေရာကို ရောက်သွားရင် ပိုပြီးတော့ခက်ခဲသွားနိုင်တယ်။ ဒါပေမဲ့လည်း အစိုးရကပြောင်းရမယ်ဆိုရင်တော့ ကျနော်တို့မှာ ပြောပိုင်ခွင့်မရှိပါဘူး။ ကျနော်တို့က လုံးဝမပြောင်းချင်ပါဘူး။ မူလနေထိုင်ခဲ့တဲ့ကိုယ့်နေရာကို ပြန်မသွားရရင်တောင်မှ ဒီနေရာမှာနေပါဆိုရင်နေချင်ပါတယ်”ဟု ၄င်းကဆိုသည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ကျောက်ဖြူမြို့ပေါ်ရပ်ကွက်မှ မွတ်ဆလင်များကို မြို့နှင့် ၃ မိုင်ဝေးသည့် ကျောက်တလုံးဘုရားအနီးတွင် ဒုက္ခသည်စခန်းဖွင့်လှစ်ထားရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိမှာ အဆိုပါနေရာနှင့် ၂ ဖာလုံကျော်ဝေးသည့်နေရာသို့ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိမှာ ကျောက်တလုံး IDP Camp မှ ဒုက္ခသည်များကိုပြောင်းရွှေ့ပြီး မိသားစုတစ်စုလျှင် အလျား ၄၀၊ အနံ ၂၀ ပေရှိသည့် မြေတစ်ကွက်ပေးကာ နေအိမ်များဆောက်လုပ်ပေးမည်ဟုသိရကြောင်းလည်း ဒုက္ခသည်များကပြောဆိုသည်။

ယင်းအပြင် ယခုပြောင်းရွှေ့ရမည့်နေရာမှာ မြို့နှင့်ဝေးလွန်းခြင်း၊ အနီးနားပတ်ဝန်းကျင်တွင် လူသူနေထိုင်မှုမရှိခြင်း၊ မြေနေရာအနီးနားတွင် တပ်ပိုင်မြေနေရာရှိခြင်း၊ မိုးရာသီရောက်လျှင် ရေနစ်မြုပ်သည့်နေရာဖြစ်သောကြောင့် ရေရှည်ရပ်တည်နေထိုင်ရန်အခက်အခဲရှိကြောင်းသိရသည်။

ထို့ကြောင့် မြို့နှင့်နီးကပ်သည့်နေရာတစ်ခုတွင် နေထိုင်ခွင့်ရချင်သည်ဟုလည်း ယင်းစခန်းမှ တာဝန်ရှိသူများက တောင်းဆိုထားကြသည်။

ကျောက်တလုံးဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးက “ကျနော်တို့ကတော့ မြို့နှင့်နီးကပ်တဲ့နေရာမှာပဲနေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် မြို့အနီးနားမှာနေမှပဲ ကျနော်တို့နဲ့ ရခိုင်လူမျိုးတွေကြားမှာ သဟဇာတတွေဖြစ်လာမယ်ပေါ့။ အရင်တုန်းကလို မျိုးဆက်ဆံရေးတွေဖြစ်လာမယ်။ အခုလိုသီးသန့်ထားလိုက်တာဟာ ကျနော်တို့အတွက် အန္တရာယ်ကျရောက်ဖို့လွယ်ကူနိုင်ပါတယ်။ ပဋိပက္ခကိုပြန်ပြီးဦးတည်လာမှာကိုလည်း ကျနော်တို့အနေနဲ့စိုးရိမ်ပါတယ်”ဟု ၄င်းကဆိုသည်။

အစိုးရအနေဖြင့် ပြန်လည်နေရာချထားရေးစီမံကိန်းတွင် နေအိမ်များဆောက်လုပ်ပေးခြင်း၊ ကျန်းမာရေး၊ ပညာရေး၊ သောက်သုံးရေကန်၊ ငါးမွေးကန်များ စသည့်ကဏ္ဍပိုင်းတွင် တာဝန်ယူဆောင်ရွက်ပေးမည်ဟုဆိုသော်လည်း ယုံကြည်မှုတစုံတရာမရှိကြောင်း ဒုက္ခသည်များကပြောဆိုကြသည်။

ယင်းသို့နေရာပြောင်းရွှေ့မည်ကိစ္စနှင့်ပတ်သက်၍လည်း ကျောက်ဖြူမြို့နယ် အမတ်ဟောင်းဦးဖိုးစံက လူမျိုးရေးပဋိပက္ခမှာ ပျောက်ကွယ်သွားခြင်းမရှိသေးသည့်အတွက် ကျောက်တလုံးဒုက္ခသည်စခန်းကိုပြောင်းရွှေ့ပါက ပဋိပက္ခမဖြစ်စေရန် အစိုးရအနေဖြင့် စီမံဆောင်ရွက်သင့်သည်ဟု DMG သို့ပြောဆိုထားသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းတွင် နေထိုင်သူများမှာ ယခင်က ကျောက်ဖြူမြို့နယ် အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်နှင့် ပြင်ဖြူမော်ရပ်ကွက် စသည့်မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းများပိတ်သိမ်းရေးနှင့် မွတ်ဆလင်များအား ပြန်လည်နေရာချထားရေးအတွက် ပြီးခဲ့သည့် NLD အစိုးရလက်ထက်က ရန်ပုံငွေကျပ်သန်းပေါင်း ၂၀၀၀ ခန့်အသုံးပြုကာ စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/2242540112565054

Leave a Reply

Your email address will not be published.