ကျောက်တော် မဟာမုနိဘုရားရင်ပြင်တွင် သိမ်တိုင်စိုက်ရန်တူးဖော်ရာမှ ရှေးဟောင်းနတ်ရုပ်တုတစ်ခု တွေ့ရှိ

By Narinjara / 2022 March  10

နွေဦးမေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မဟာမုနိဘုရားရင်ပြင်တွင် သိမ်တိုင်စိုက်ရန်တူးဖော်ရာမှ ရှေးဟောင်းနတ်ရုပ်တုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်ဟု သိရသည်။

မဟာမုနိဘုရားသိမ်တိုင်ပန္နက်ချရန် ဘုရားရင်ပြင်ကို မတ်လ ၈ ရက် နံနက်ပိုင်းတွင် တိုးချဲ့တူးဖော်ရာမှ အဆိုပါရုပ်တုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု မဟာမုနိဂေါပကဥက္ကဋ္ဌ ဦးညိုသာလှက ပြောသည်။

“ဘုရားသိမ်တိုင်ကို တိုးချဲ့တူးဖော်တာက တွေ့တာပါ။ ရုပ်တုကတော့ နတ်ညီနောင်ရုပ်တု။ နာမည်ကတော့ ရှေးသုတွေက မပေးရသေးဘူးလို့ပြောတယ်။ လက်ရှိမှာတော့ ရှေးသုကိုအပ်ပြီးတော့ ရုပ်တုကိုရင်ပြင်မှာ ထိန်းသိမ်းထားတယ်”ဟု ပြောသည်။

အဆိုပါနတ်ညီနောင်ရုပ်တုသည် ၁၈ လက်မခန့်အရွယ်အစားရှိပြီး ၃ ပေခန့်ရှိသော ကျောက်ပြားပေါ်တွင် ထွင်းထုထားခြင်းဖြစ်သည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းသုသေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

မြောက်ဦးမြို့ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းက အဆိုပါရုပ်တုမှာ ဓညဝတီခေတ်မှရုပ်တုဖြစ်သည်ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၂၆ ရက် နေ့လယ်  ၂ နာရီခန့်ကလည်း  မဟာမုနိဘုရား၏မြောက်ဘက်စောင်းတန်းအနီးရင်ပြင်ကို တိုးချဲ့ရန်တူးဖော်ရာ အမြင့် ၅ ပေခန့်အရွယ်အစားရှိသည့် နတ်ရုပ်တုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။

အဆိုပါရုပ်တုမှာ တတိယ ဓညဝတီခေတ်နှောင်းပိုင်း အေဒီ ၄ ရာစုခန့်ကဟုယူဆရသည်ဟုလည်း ပညာရှင်များက ခန့်မှန်းထားကြသည်။

https://www.facebook.com/narinjara.info/posts/5284077371604297

Leave a Reply

Your email address will not be published.