ကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် ရခိုင်မှ ပန်းစိုက်ပျိုးသူများအရှုံးပေါ်နေ

By Western News/ 2022 March 02

ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်နေသောကြောင့် ပန်းစိုက်ပျိုးလုပ်ငန်းလုပ်ကိုင်နေသူများနှင့် ပန်းရောင်းချနေသူများ အရှုံးပေါ်လျှက်ရှိသည့်ဟု ပန်းစိုက်ပျိုးလုပ်ကိုင်နေသူများက ပြောသည်။

အာဏာသိမ်းပြီးကတည်းက ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်လျှက်ရှိကြပြီး ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အပင်အားတိုးဆေးများမှာ ယခင်နှစ်များကထက် ဈေးနှုန်း ၂ ဆနီးပါးမြင့်တက်နေသောကြောင့် ကုန်ကျစရိတ်များကြီးမားလျှက်ရှိသည်ဟု လုပ်ငန်းလုပ်ကိုင်နေသူများကပြောသည်။

ယခုနှစ်တွင် အသုံးပြုရသည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးများ၏ ဈေးနှုန်းက ၂ဆနီးပါးမြင့်တက်နေပြီး မိမိတို့ခြံမှထွက်သည့် ပန်းဈေးနှုန်းမှာ ယခင်နှစ်များအတိုင်းသာ ရောင်းချနေရသောကြောင့် အရှုံးဖက်ကို ဦးတည်နေသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်၌ ပန်းခြံလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ဒေါ်ခင်စိုးက Western News ကိုပြောသည်။

“ ဒီနှစ်ကုန်ဈေးနှုန်းတွေ တက်တာကြောင့် အကျိုးအမြတ်နည်းတယ်လို့ပြောရမယ်။ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ၊ အပင်းအားတိုးဆေးတွေက ပြီးခဲ့တဲ့ နှစ်ကထက် နှစ်ဆနီးပါးမြင့်တက်သွားတယ်။ ဒီကထွက်တဲ့ ပန်းတွေကျတော့  ပြီးခဲ့တဲ့ နှစ်ကဈေးနှုန်းတွေနဲ့အတူတူရောင်းချရတော့ အမြတ်မထွက်တော့ဘူး”ဟုပြောသည်။

ယခင်နှစ်များက ဓာတ်မြေဩဇာ တစ်အိတ်ကို  ၃၀၀၀၀ကျပ်ဖြင့် ဝယ်ယူခဲ့ကြပြီး ယခုနှစ်တွင် ၉၀၀၀၀ကျပ်ဖြင့်ဝယ်ယူနေကြရသလို ပိုးသတ်ဆေးတစ်ဗူးအား ယခင်နှစ်က ၈၀၀ကျပ်ခန့်သာရှိပြီး ယခုနှစ်တွင် ၁၃၀၀ကျပ်ဖြင့် ဝယ်ယူနေကြရသလို အပင်အားတိုးဆေးတစ်ဗူးကို ယခင်နှစ်က ၃၅၀၀ကျပ်ခန့်ရှိသလို ယခုနှစ်တွင် ၅၅၀၀ ကျပ်အထိမြင့်တက်လျှက်ရှိသည်ဟု ပန်းခြံလုပ်ကိုင်နေသူများကပြောသည်။

ယခုနှစ်တွင် ကုန်ဈေးနှုန်းတွေနှင့် သယ်ယူပို့ဆောင်ခတွေ ဈေးကြီးတာကြောင့် ပန်းများသယ်ယူသည့်အခါ ပန်းရောင်းချသူများအရှုံးပေါ်နေကြောင်း ပန်းရောင်းချသူတစ်ဦးဖြစ်သည့် ဒေါ်သန်းနွယ်က Western News ကိုပြောသည်။

“ဒီနှစ်မှာ ကုန်ဈေးနှုန်းတွေ မြင့်တက်သလို သယ်ယူပို့ဆောင်ခတွေပါ မြင့်တက်တာကြောင့် ပန်းရောင်းသူတွေအတွက် အရှုံးပေါ်နေကြတယ်။ ပန်းတွေ ကိုသယ်ယူကြတဲ့အခါမှာလည်း အပျက်အစီးတွေရှိတာကြောင့် ပန်းရောင်းချသူတွေမှာ အရှုံးပေါ်တာတွေရှိတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် ပန်းဈေးကွက်တွင်တွင်ကျယ်ကျယ်မရှိ၍ ပန်းခြံလုပ်ကိုင်နေသူများအခက်အခဲဖြစ်နေသလို စိုက်ပျိုးခြံမြေများကို ငှားရမ်းလုပ်ကိုင်နေကြရသောကြောင့် အမြတ်နည်းနေသည်ဟု စစ်တွေမြို့နယ်တွင် ပန်းခြုံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်သည့် ကိုမောင်မောင်စိုးက Western News ကိုပြောသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက ပန်းဈေးကွက်တွေ မရှိတာကြောင့် ပန်းခြံလုပ်ကိုင်နေသူတွေက ပန်းရောင်းချသူတွေကိုလိုက်ပြီးရှာနေကြရတယ်။ နောက်ပြီး ပန်းစိုက်ပျိုးတဲ့အခါ ခြံတွေကို ငှားရမ်းပြီး စိုက်ပျိုးရသလို နှစ်ရှည်ငှားးရမ်း၍ ရမှ ပန်းခြံလုပ်ကိုင်သူတွေအတွက်အဆင်ပြေတယ်။ ဒီနှစ်က ဓာတ်မြေဩဇာတို့ ပိုးသတ်ဆေးတို့က ဈေးကြီးပြီး ပန်းဈေးကမကောင်းတာကြောင့် အခက်အခဲတွေရှိတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်၌ ပန်းခြံလုပ်ငန်းလုပ်ကိုင်နေသူများသည့် ပန်းပျိုးပင်များအား ပြည်မဖက်မှ မှာယူပြီး စိုက်ပျိုးနေကြသူများဖြစ်သည်။ ရခိုင်ပြည်နယ်တွင် အဓိကစိုက်ပျိုးနေကြသည့် ပန်းမျိုးစိတ်များမှာ ဂန္ဓမာနှင့် မေမြို့ပန်းမျိုးစိပ်များကိုသာ အဓိကစိုက်ပျိုးကြပြီး အခြားပန်းမျိုးစိပ်များအား ပြည်မဘက်မှမှာယူရောင်းချနေကြရသည်။

https://www.facebook.com/westernnewsagency/posts/475442417595601

Leave a Reply

Your email address will not be published.