ကိုမင်းကိုဦးအမှုကို နောက်တစ်ပတ်ရုံးချိန်းတွင် အပြီးသတ်လျှောက်ခဲချက်ကြားနာမည်

By Development Media Group (DMG)/ 2022 March 29

PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုစွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်လူငယ်ကွန်ယက်ဥက္ကဋ္ဌ ကိုမင်းကိုဦးအမှုကို နောက်တစ်ပတ်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ကြားနာရန် ချိန်းဆိုထားကြောင်း ရှေ့နေထံမှသိရသည်။

ကိုမင်းကိုဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ၎င်း၏နေအိမ်မှလာရောက်ဖမ်းဆီးခဲ့ပြီး တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူး ဇော်လတ်က တရားလိုပြုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)ဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

ယင်းအမှုမှ ခံပြသက်သေ ၃ ဦးကို ယမန်နေ့(မတ်လ ၂၈ ရက်)ရုံးချိန်းတွင် စစ်ဆေးပြီးစီးခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

“ခံပြသက်သေ ၃ ဦးထဲက ကျန်တဲ့တစ်ဦးကိုစစ်တယ်။ လာမည့် ဧပြီလ ၄ ရက်နေ့မှာ အပြီးသတ်လျှောက်လဲချက်ကိုကြားနာမှာဖြစ်တယ်”ဟု ရှေ့နေကဆိုသည်။

ခံပြသက်သေများမှထွက်ဆိုရာတွင် ကိုမင်းကိုဦးမှာ PDF နှင့် ဆက်စပ်မှုလုံးဝမရှိဟု ထွက်ဆိုခဲ့ကြကြောင်းလည်း ရှေ့နေထံမှ သိရသည်။

ကိုမင်းကိုဦးမှာ လူမှုရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်နေသူတစ်ဦးသာဖြစ်ပြီး PDF အဖွဲ့အား ငွေကြေးထောက်ပံသည်ဟုဆိုခြင်းမှာ စွပ်စွဲချက်တစ်ခုသာဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း PDF အဖွဲ့များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် တောင်ကုတ်၊ သံတွဲ၊ မြောက်ဦးမြို့နယ်များမှ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိသည်။

မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှ လူငယ်စာရေးဆရာမင်းဒီပါကိုလည်း PDF အဖွဲ့သို့ ငွေကြေးထောက်ပံ့မှု၊ လှုံ့ဆော်မှုတို့ပြုလုပ်သည်ဆိုကာ ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် မြောက်ဦးခရိုင်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/2257411191077946

Leave a Reply

Your email address will not be published.