ကိုဗစ်စည်းကမ်းမလိုက်နာသူများကို အရေးယူမှုများရှိနေဟု စစ်ကောင်စီပြော

By Development Media Group (DMG)/ 2022 02

ရခိုင်ပြည်တွင် Covid-19 ကူးစက်မှု တဖြည်းဖြည်းမြင့်တက်လာသဖြင့် ကိုဗစ်စည်းကမ်းမလိုက်နာသူများကို အရေးယူဆောင်ရွက်နေသည်ဟု ပြည်နယ်စစ်ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဥပဒေချုပ် ဦးဦးလှသိန်းက DMG သို့ပြောသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မြေပုံမြို့တွင် Mask (နှာခေါင်းစည်း)မတပ်သူ ၂၀၀ ကျော်ကို ခံဝန်လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ နောက်တစ်ကြိမ်တွေ့ရှိပါကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဦးလှသိန်းကပြောသည်။

“Mask မတပ်တဲ့သူတွေကို လူစာရင်းတွေယူပြီးတော့ ခံဝန်လက်မှတ်ထိုးခိုင်းပြီး တစ်ကြိမ်လွှတ်ပေးတယ်။ နောက်တစ်ကြိမ်လည်း Mask မတပ်ပဲတွေ့တယ်ဆိုရင် အဲဒီလူကို ကိုဗစ်စည်းကမ်းဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမယ်။ လုပ်နေတာကတော့ အားလုံးမြို့နယ်မှာ Mask Campain တွေလုပ်နေတယ်” ဟု ၎င်းကဆိုသည်။

သို့သော် ကိုဗစ်စည်းကမ်းနှင့်ပတ်သက်ပြီး ထိန်းချုပ်မှုအားနည်းနေပြီး ဒေသခံများမှာလည်း စည်းကမ်းလိုက်နာမှုအားနည်းနေကြောင်း မြေပုံဒေသခံ ကိုမိုးမင်းက ထောက်ပြသည်။

“အဲဒီနေ့ကတော့ Mask Campain လုပ်တာတော့တွေ့တယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ထိရောက်စွာမကာကွယ်နိုင်ဘူး။ ထိန်းချုပ်မှုအားနည်းနေတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကလည်း လိုက်နာမှုအားနည်းနေတာလည်း တွေ့ရတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်းတွင် ကိုဗစ်ပိုးတွေ့ရှိသူ နေတိုင်းဆိုသလို ရှိနေသေးသောကြောင့် ဂရုစိုက်ကြရန် ရခိုင်ပြည်နယ်မှ ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့(Rakhine Covid Watch)မှ ဥက္ကဋ္ဌ  ကိုထွန်းလှိုင်ကပြောသည်။

“ကိုဗစ်ပိုးတွေ့ရှိသူတွေက နေ့တိုင်းဆိုသလိုရှိတယ်။ ဒီနေ့လည်းပိုးတွေ့ရှိသူတွေရှိတယ်။ ပိုးတွေ့လူနာကတိုးတယ်၊ လျှော့တယ်ဆိုတာထက် ပုံမှန်အားဖြင့်တွေ့နေရတယ်။ အကုန်လုံးပျောက်တာတော့ မရှိသေးဘူး”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၇၈၈ ဦးရှိပြီး ဆေးရုံးမှဆင်းသူ ၅၁၀၆ ဦးနှင့် သေဆုံးသူ ၅၀၁ ဦးထိရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရသိရသည်။

https://www.facebook.com/dmgnewsagency/posts/2237521996400199

Leave a Reply

Your email address will not be published.