ကိုတင်ထွန်းအောင် တရားခွင်၌ အပြစ်မရှိကြောင်း ထွက်ဆို၊ တရားလိုဗိုလ်ကြီးအား ပြန်စစ်ဆေးမည်

By Western News/ 2022 March 17

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)နှင့် တရားစွဲခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်အောင်အမှုတွင် တရားလိုကို ပြန်လည်စစ်ဆေးမည်ဟု တရားရုံးက ပြောဆိုလိုက်ကြောင်း မိသားစုဝင်များကပြောသည်။

ယနေ့ မတ် ၁၇ ရက်နေ့ ရုံးချိန်တွင် ပလက်ဝမြို့နယ်တရားရုံး၌ တရားသူကြီးက ကိုတင်ထွန်းအောင်ကို အပြစ်ရှိ၊ မရှိမေးမြန်းခဲ့ပြီးနောက် ၎င်းက အပြစ်မရှိဟု တရားခွင်၌ ထွက်ဆိုခဲ့သည်။ ယင်းအမှုအား လာမည့်မတ် ၂၆ ရက်နေ့ရုံးချိန်တွင် တရားလိုဗိုလ်ကြီးထွန်းထွန်းနိုင်ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးသွားမည်ဖြစ်သည်ဟု မိသားစုဝင်တစ်ဦး ကပြောသည်။

“တရားခွင်ကို ၁ နာရီ ၃၅ မိနစ်မှာဝင်တယ်။ တရားသူကြီးက စွဲထားတဲ့အမှုတွေကိုပြောပြတယ်။ပြီးတော့ တင်ထွန်းအောင်ကို အပြစ်ရှိလား၊ မရှိလားမေးတယ်။သူက မရှိဘူးလို့ဖြေတယ်။အပြစ်မရှိလို့ဆိုတဲ့အတွက်ကြောင့် တရားလိုဖက်က စစ်ဆေးပြီးသားထဲက ဘယ်သူ့ကိုပြန်စစ်ချင်လဲမေးတယ်။ သူက ဗိုလ်ကြီးထွန်းထွန်းနိုင်ကိုရာ စစ်ချင်တယ်လို့ဖြေလိုက်တယ်။ ဒီနေ့ရုံးချိန်းမှာကဒီလောက်ပဲ ပြောခဲ့ကြတယ်။ စွဲချက်တင်တဲ့ သဘောလား ကျွန်တော်လေ့ နားမလည်ဘူး”ဟု ဆိုသည်။

ကိုထင်ထွန်းအောင်မှာ ချင်းပြည်နယ်၊ ပလက်ဝမြို့အခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည့်ကိစ္စအား Western News သတင်းဌာနကို အင်တာဗျူးဖြေကြားမှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ညနေပိုင်းက ရဲနှင့် စစ်တပ်တို့က ဖမ်းဆီးခဲ့သည်။

ပလက်ဝမြို့ခံတစ်ဦးဖြစ်သည့် ဦးစံကျော်အောင်(အမည်လွဲ) က”အဲ့ဒီတပ်ရင်းမှာ အလံဖြူထောင်ထားတာကို ပလက်ဝဒေသခံတွေအကုန်သိတယ်။ မြင်တယ်။ အလံဖြူထောင်ထားတာကို မြင်လို့ သူဖြေတာတာလေ။ ဒီလိုဖမ်းပြီး ကြီးလေတဲ့ပုဒ်မနဲ့စွဲတာကတော့ ဘယ်လို့မှ လက်ခံလို့မရဘူး။ စစ်တပ်ကဖက်ကလည်း သူ့မှာအပြစ်မရှိတာကို စဉ်းစားသုံးသပ်ပေးဖို့လိုတယ်။ တရားသူကြီးကလည်း မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးလိုတယ်”ဟုဆိုသည်။

ကိုတင်အောင်ကို ပလက်ဝမြို့၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုကာ ပလက်ဝမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။အဆိုပါအမှုတွင် တရားလိုအပါဝင်လိုပြသက်သေ ၆ ဦးပါဝင်သည်။

https://www.facebook.com/westernnewsagency/posts/484966143309895

Leave a Reply

Your email address will not be published.