By Western News/ 2022 March 24

ပလက်ဝ အခြေစိုက် ၂၈၉ တပ်ရင်းတွင် အလံဖြူထောင်သည်ကို သတင်းဌာနအား အင်တာဗျူးဖြေကြားမှုကြောင့် စစ်တပ်က တရားစွဲဆိုခဲ့သည့် ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်အမှုကို ယနေ့မတ်လ ၂၄ ရက်နေ့ ရုံးချိန်းတွင် ၎င်းအပါအဝင်ခံပြသက်သေ ၂ ဦးအား ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင် ကိုတင်ထွန်းအောင်နှင့် ခံပြသက်သေက်သေနှစ်ဦးအား စစ်ဆေးခဲ့ပြီး ကိုတင်ထွန်းအောင်က အလံဖြူထောင်သည့် ကိစ္စအားဒေသခံများပြောကြ၍ အင်တာဗျူးဖြေကြားခဲ့ခြင်းဖြစ်ကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သည်ဟု ရှေ့နေနှင့် မိသားစုဝင်များက ပြောသည်။
“ဒီနေ့ရုံးချိန်းမှာ ကိုတင်ထွန်းအောင်ရော တရားခံပြ သက်သေနှစ်ဦးလုံးကို စစ်ဆေးခဲ့ပါတယ်။ ကိုတင်ထွန်းအောင်က သူကိုဖမ်းဆီးခဲ့တဲ့အကြောင်း အရာတွေနဲ့ တပ်ထဲမှာ အလံဖြူ ကိစ္စကတော့ မြို့ထဲမှာ ဒေသခံတွေပြောနေကြတယ်။ အဲဒါကြောင့် သူအင်တာဗျူးဖြေကြားခဲ့တာလို့ ထွက်ဆိုခဲ့တယ်။ နောက်ရုံးချိန်းကိုတော့ ဧပြီလ ၁ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး အဲဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲမယ်”ဟုပြောသည်။
ကိုတင်ထွန်းအောင် အမှုမှာ မတ်လ ၂၃ ရက်နေ့ ရုံးချိန်းတွင် တရားလိုအား ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးစဥ် အလံဖြူထောင်သည့် ကိစ္စအား အင်တာဗျူးဖြေကြားမှုက ၂၈၉ တပ်ရင်းအား နစ်နာမှုရှိသလားဟု ကိုတင်ထွန်းအောင်၏ ရှေ့နေက မေးမြန်းစဥ် တရားလို ဗိုလ်ကြီးက အလံဖြူထောင်သည်ဟု ဖြေကြားခြင်းက နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်ဟု မိသားစုဝင်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်မတ် ၁၇ ရက်နေ့ ရုံးချိန်တွင် ကိုတင်ထွန်းအောင်ကို တရားသူကြီးက အပြစ်ရှိ၊ မရှိမေးမြန်းခဲ့ပြီးနောက် ၎င်းက အပြစ်မရှိဟု တရားခွင်၌ ထွက်ဆိုခဲ့သည်။
ကိုတင်ထွန်းအောင်နှင့် ဦးတင်ဦးတို့ကို Western News သတင်းဌာနသို့ အလံဖြူထောင်သည့် ကိစ္စအား အင်တာဗျူးဖြေကြားပြီး ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက စစ်တပ်နှင့် ရဲကဖမ်းဆီးခဲ့သည်။
ထိုနောက် ဦးတင်ဦးကို ဝန်ခံဖြင့် ပြန်လွတ်ပေးခဲပြီး ကိုတင်ထွန်းအောင်ကို ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ ဗိုလ်ကြီးထွန်းထွန်းနိုင်က တရားလိုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(က)ဖြင့် ပလက်ဝမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
လက်ရှိတွင် ကိုတင်ထွန်းအောင်ကို ပလက်ဝမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။
https://www.facebook.com/westernnewsagency/posts/489352776204565