PDF နှင့်ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲဒေသခံတစ်ဦး၏ ၂ နှစ်ကျော်အရွယ်သမီးငယ် အကျဉ်းထောင်တွင်သေဆုံး

By Development Media Group (DMG)/ 2022 February 18

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရပြီး သံတွဲအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရသည့် သံတွဲဒေသခံအမျိုးသမီးသမီးတစ်ဦး၏ ကလေးငယ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သေဆုံးသွားကြောင်းသိရသည်။

သေဆုံးသွားသည့်ကလေးငယ်မှာ အသက် ၂ နှစ်ကျော်အရွယ် မရွှေယွန်းအိမ်ဖြစ်ပြီး မိခင်ဖြစ်သူ ဒေါ်ငြိမ်းအိဖြူကျော်နှင့်အတူ သံတွဲအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရခြင်းဖြစ်သည်။

အဆိုပါကလေးငယ်မှာ မွေးရာပါစအိုမပါ၍ ခွဲစိတ်မှုပြုလုပ်ထားရသဖြင့် ကျန်းမာရေးမကောင်းသောကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု သံတွဲမြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းနိုင်ကျော်ကပြောသည်။

“ကလေးသေဆုံးသွားတာဟုတ်တယ်။ ဘာဖြစ်တယ်ဆိုတာက စစ်ဆေးချက်ထွက်မလာသေးဘူး။ ကလေးက မွေးရာပါစအိုမပါဘူးလို့သိရတယ်။ အဲလိုကြောင့်သေဆုံးသွားတာဖြစ်မယ်”ဟု သူကပြောသည်။

အဆိုပါကလေးငယ်ကို ငပလီမြို့၊ မဇင်ကျေးရွာတွင် ယနေ့သဂြိုလ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်ငြိမ်းအိဖြူကျော်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က PDF ကို ငွေကြေးထောက်ပံ့နေသည်ဟု သံသယဖြင့်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၄င်းနှင့်အတူ သမီးငယ်ကိုပါခေါ်ယူသွားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် PDF များမရှိသော်လည်း PDF နှင့်ဆက်စပ်သည် (သို့မဟုတ်) ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲချက်ဖြင့် သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး စသည့်မြို့နယ်များမှ ဒေသခံ ၉ ဦးထက်မနည်း ဖမ်းဆီးအမှုဖွင့်ခံထားရသည်။

https://www.facebook.com/dmgnewsagency/posts/2228267643992301

Leave a Reply

Your email address will not be published.