AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် ကိုအောင်ဝင်းနိုင်ကို လာမည့်ရုံးချိန်တွင် အမိန့်ချမည်

By Western News/ 2022 February 28

တောင်ကုတ်မြို့နယ် မိုးပညာဒါနပရဟိတကျောင်း၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သူ ကိုအောင်ဝင်းနိုင်မှာ AA နှင့်ဆက်စပ်သံသယဖြင့် မတရားအသင်းဆက်သွယ်မှုပုဒ်မနှင့် တောင်ကုတ်မြို့နယ် တရားရုံးတွင် တရားရင်ဆိုင်နေရခြင်းဖြစ်ပြီး ၎င်းအား လာမည့်ရုံးချိန်းတွင် အမိန့်ချမည်ဖြစ်သည်ဟု အမှုလိုက်ရှေ့နေမှပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့ရုံးချိန်းတွင် အပြီးသတ်လျှောက်ခဲချက်ပေးပြီး လာမည့် မတ်လ ၁၄ ရက်နေ့တွင် တရားရုံးမှအမိန့်ချမှတ်မည်ဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်ကြည်နိုင်က ပြောသည်။

“ဒီနေ့ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးပါတယ်။ နောက်လာမယ့် ၁၄ ရက်နေ့ရုံးချိန်းမှာ အမ်ိန့်ချမှာပါ။ နောက်အမှုတစ်ခုဖြစ်တဲ့ ပို့ကုန်သွင်းကုန်နဲ့စွဲထားတဲ့အမှုမှာတော့ လိုပြသက်သေတွေ စစ်ဆေးနေဆဲပါ” ဟုပြောသည်။

ကိုအောင်ဝင်းနိုင်မှာ ဖမ်းဆီးခံရစဉ်အတွင်း ရိုက်နှက်ခံရမှုများကြောင့် ရင်ဘတ်နှင့် ကျောအောင့်သည့် ဝေဒနာမှာ လက်ရှိချိန်ထိခံစားနေရဆဲဖြစ်သည်ဟု ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောသည်။

“နောက်ထပ်ရုံးချိန်းမှာ အမ်ိန့်ချတော့မှာပါ။ သူနဲ့တော့ဒီနေ့တွေ့ခဲ့တယ်။ ကျန်တဲ့ကျန်းမာရေးပိုင်းတွေကကောင်းပါတယ်။ ရင်ဘတ်နှင့် ကျောအောင့်တာတွေကတော့ ခုထိဖြစ်နေတုန်းပဲလို့ပြောတယ်။ ဆေးခန်းပြဖို့အရေးကလည်း မလွယ်ကူတော့ မပြနိုင်ဘူးဖြစ်တယ်” ဟုပြောသည်။

ကိုအောင်ဝင်းနိုင်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက တောင်ကုတ်တက္ကသိုလ်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဖမ်းဆီးစဉ်တွင် ၎င်းမောင်းနှင်တေသည့်ကားနှင့်အတူရှိနေခြင်းဖြစ်ရာ လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့်ပါ တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ကိုအောင်ဝင်းနိုင် ဖမ်းဆီးခံရစဉ်က လအနည်းငယ်ခန့်မိသားစုဖြင့် အဆက်သွယ်ပြတ်နေခဲ့ပြီး အဆိုပါအချိန်၌ စစ်တပ်ထဲတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု သိရှိရကြောင်း မိသားစုဝင်များကပြောခဲ့သည်။

ကိုအောင်ဝင်းနိုင်အား AA နှင့်ဆက်စပ်သည်ဆိုသည့်အပေါ် ရက္ခိုင့်တပ်တော် AA ဖက်မှမူ ၎င်းတို့နှင့်တစ်စုံတစ်ရာဆက်စပ်မှုမရှိကြောင်း ပြောဆိုထားသည်။

လက်ရှိ ကိုအောင်ဝင်းနိုင်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ နှင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ စသည့်ပုဒ်မ ၂ ခုအတွက် တရားရင်ဆိုင်နေရသည်မှာ  ၁ နှစ်နီးပါးခန့် ကြာမြင့်နေပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/474230561050120

Leave a Reply

Your email address will not be published.