By Narinjara / 2022 February 02
မြထွီးသျှင်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အိုင်ဒင်ကျေးရွာမှ AA နှင့်ဆက်စပ်သံသယဖြင့် အကြမ်းဖက်မှုပုဒ်မနှင့် တရားစွဲခံနေရသူ ၂ ဦးကို
အပြီးသတ်အမိန့်ချမှတ်ရန် ၅ ကြိမ်မြောက်ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
၄င်းတို့ ၂ ဦးကိုအပြီးသတ်အမိန့်ချမှတ်ရန် လာမည့်ဖေဖော်ဝါရီလ ၁၄ ရက်နေ့သို့ ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်တွင် စစ်တွေခရိုင်တရားရုံးက ၅ ကြိမ်မြောက် ထပ်မံရုံးချိန်းလိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်အားလိုက်ပါဆောင်ရွက်ပေးနေသည့်တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။
သူတို့ကို အပြီးသတ်အမိန့်ချမှတ်ရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်တွင်တစ်ကြိမ်၊ ဇန်နဝါရီလ ၃ ရက်တွင် တစ်ကြိမ်၊ ဇန်နဝါရီလ ၁၇ ရက်တွင်တစ်ကြိမ်၊ ဇန်နဝါရီလ ၃၁ ရက်တွင်တစ်ကြိမ်နှင့် ယခု ဖေဖော်ဝါရီလ ၁၄ ရက်တွင် တစ်ကြိမ် ရုံးချိန်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့အပြီးသတ်အမိန့်ချမှတ်ရန် ထပ်မံရက်ရွှေ့ဆိုင်းနေရခြင်းမှာ အမိန့်ချမှတ်ရန် အဆင်သင့်မဖြစ်သေး၍ဟု အမှုအားလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်ညွန့်မောင်က နိရ ဉ္စရာသို့ပြောသည်။
“အမိန့်ချဖို့အဆင်သင့်မဖြစ်သေးတာကြောင့် အမိန့်မချဖြစ်သေးဘူး”ဟု ပြောသည်။
အပြီးသတ်အမိန့်ချရမည့်သူ ၂ ဦးမှာ ပုဏ္ဏားကျွန်းမြို့နယ် အိုင်ဒင်ကျေးရွာမှ ကိုနေလင်းဌေး (၂၇ နှစ်)နှင့် ဦးမောင်စောအေး (၃၃ နှစ်)တို့ဖြစ်သည်။
သူတို့သည် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် တရားစွဲခံနေရပြီး လက်ရှိတွင် အမှုကို အပြီးသတ်အမိန့်ချရန်သာကျန်တော့ကြောင်း သိရသည်။
တရားစွဲဆိုခံထားရသူ ကိုနေလင်းဌေး၏ ဦးလေးတော်စပ်သူ ဦးငလုံးအောင်က “သူတို့အာဏာပိုင်အဖွဲ့အစည်း၊ သူတို့လုပ်ခွင့်ရတဲ့သူက ဥပဒေနဲ့ထင်သလို၊ လုပ်ချင်သလိုလုပ်နေကြတာ။ ကျနော်တို့လည်း ဘာမှမတတ်နိုင်ဘူး။ အရမ်းကိုစိတ်ပျက်ဖို့ကောင်းတဲ့ အလုပ်ပဲ။ အာဏာပိုင်တွေက သူတို့ထင်သလို လုပ်နေကြတော့ ကျနော်တို့ပြောလည်းမရဘူး။ လွတ်ရင်လည်း လွတ်၊ မလွတ်ရင်လည်း မတတ်နိုင်တော့ဘူး”ဟု ပြောသည်။
သူတို့ ၂ ဦးသည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်၊ မတ်လ ၆ ရက်တွင် စစ်တွေမှ အိုင်ဒင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် စစ်တွေမြို့နယ် ကျောက်တန်း ကျေးရွာအနီး AA နှင့်ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
နောက်တစ်နေ့ဖြစ်သည့် မတ်လ ၇ ရက်တွင် သူတို့ကို အမှတ်(၉ဝ၈) အင်ဂျင်နီယာတပ်ရင်းမှ ဗိုလ်ကြီးအောင်ဖြိုးမြင့်က တရားလိုလုပ်ကာ အကြမ်းဖက်မှုပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ ရခိုင်ပြည်နယ်ရှိ စစ်တွေအကျဉ်းထောင်၊ သံတွဲအကျဉ်းထောင်၊ ကျောက်ဖြူအကျဉ်းထောင်၊ မြောက်ဦးရဲစခန်းနှင့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တို့တွင် အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၁၂ဝ ဦးခန့် ကျန်ရှိနေသေးကြောင်း စစ်ဘေးရှောင် များနှင့်နိုင်ငံရေးအကျဉ်းသားများအရေး ကူညီ ဆောင်ရွက်ပေးနေသူ ဦးဝေဟင်အောင်က နိရဥ္စရာကို မကြာသေးခင်က ပြောဆိုထားသည်။
https://www.facebook.com/narinjara.info/posts/5175640379114664