By Western News/ 2022 February 14

ရက္ခိုင့်တပ်တော် AA နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ကျော်ခန့်ကျန်ရှိနေသေးပြီး ၎င်းတို့အား အမြန်ဆုံးပြန်လည်လွှတ်ပေးရန်လိုသည်ဟု မိသားစုဝင်များနှင့် လူ့အခွင့်ရေးဆောင်ရွက်နေသူများကပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူ ၄၆ ဦးအား လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ၄၃ ဦးသာပြန်လည်လွှတ်မြောက်လာခဲ့သည်ဟု လူ့အခွင့်ရေးလှုပ်ရှားသူများကပြောသည်။
နိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးနေသည့် စာရေးဆရာ ဝေဟင်အောင်၏ စာရင်းများအရ AAနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံထားရသူများမှာ စစ်တွေအကျဉ်းထောင်တွင် ၁၃ ဦး၊ ကျောက်ဖြူထောင်တွင် ၁၈ ဦး၊ မြောက်ဦးအချုပ်တွင် ၁၀ ဦး၊ ဘူးသီးတောင်ထောင်တွင် ၅ ဦး၊ အင်းစိန်ထောင်တွင် ၈ ဦး၊ မန္တလေးထောင်တွင် ၆ ဦးနှင့် သံတွဲထောင်တွင် ၉ ဦးခန့် အသီးသီးကျန်ရှိနေသေးသည်။
လက်ရှိအချိန်အထိ ပြန်မလွတ်သေးသူများထဲတွင် စစ်ရေယာဉ်ပေါ်တွင် ဖမ်းဆီးရိုက်နှက်ခံခဲ့ရသည့် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအပါဝင် ဖမ်းဆီးတရားရင်ဆိုင်နေရသူ ၇၀ ကျော် ကျန်ရှိနေသေးသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့က AA နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးသူများအား ပြန်လွှတ်ပေးခဲ့သည့်အထဲမှာ သားဖြစ်သူ မပါခဲ့၍ စိတ်ထိခိုက်ခံစားရကြောင်း ဖမ်းဆီးခံထားရသူများ အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်း ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးက Western News ကိုပြောသည်။
“ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့က AA နှင့် ဆက်စပ်သူ ၄၆ ဦးအား ပြန်လွှတ်ပေးမယ် ကြားတော့ သားလေးများလွတ်လာမလားဆိုပြီး ဘုရားမှာဆုတွေတောင်းခဲ့တယ်။ ဒါပေမယ့် လွှတ်မယ်စာရင်းမှာ မပါတော့ အဒေါ်စိတ်ဓာတ်တွေ အောက်ဆုံးအခြေအနေကိုထိုးကျပြီး ငိုကြွေးခဲ့ရတယ်။ အဲဒီစိတ်နဲ့ပဲ ကျန်မားရေးမကောင်းဖြစ်သွားတယ်။ အဒေါ်တို့မှာ အဲဒီသားလေးကပဲ မိဘကိုလုပ်ကျွေးနေတာ။ သူမရှိတော့ မိသားစု စားဝတ်နေရေးက အစစအရာရာအဆင်မပြေဘူး။ အဒေါ်သားလေးက AA လည်းမဟုတ်ဘူး။ AA နဲ့လည်း ဆက်စပ်ပတ်သက်မှုတွေမရှိဘူး။ အဒေါ်သားလေး အပါအဝင် ဖမ်းဆီးခံထားရသူတွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟုပြောသည်။
ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်က ရုပ်သိမ်းကတည်းက အကြမ်းဖက်မှုဖြင့် ဖမ်းဆီးတရားစွဲထောင်ချခံထားရသည့်သူများအား ဥပဒေအရဆိုလျှင် လွှတ်ကိုပြန်လွှတ်ပေးရမည်ဟု နိုင်ငံရေးအကျဉ်းသားများအရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်သည့် စာရေးဆရာဝေဟင်အောင်က ထောက်ပြသည်။
“ရက္ခိုင့်တပ်တော် AA အကြမ်းဖက်အဖွဲ့စည်းက ရုပ်သိမ်းကတည်းက အကြမ်းဖက်မှုနှင့် ဖမ်းဆီး တရားစွဲ၊ ထောင်ချထားတဲ့သူတွေကိုပြန်လွှတ်ပေးရမယ်။ တရားဥပဒေအရလည်း သူတို့ကိုလည်း အမှုကို ရှေ့ဆက်ပြီးစစ်ဆေးခွင့် မရှိသလို စစ်လို့လည်းမရတော့ဘူး။ တရားရေးမဏ္ဍိုင်အရဆိုရင် ဒီလူတွေကိုလွှတ်ကိုလွှတ်ပေးရမယ်။ လူ့အခွင့်အရေး အရဆိုရင်လည်း ဒီလူတွေဟာ အပြစ်တစ်စုံတရာမရှိဘဲမတရားရင်ဆိုင်နေရသလိုဖြစ်နေတယ်။ လူမှုရေးအရဆိုရင်လည်း မိသားစုတွေအတွက် တော်တော်လည်းကိုခက်ခဲမှုတွေရှိတယ်။ ဒီလူတွေကို ထောင်ဝင်စာ သွားတွေ့ရတာတို့ မိသားစု စားဝတ်နေရေးအရရော တော်တော်လည်းကိုအခက်ခဲဖြစ်စေတယ်” ဟုပြောသည်။
အကြမ်းဖက်မှုမှလွှတ်ပေးသည်ဟုဆိုကာ လွှတ်ပေးပြီး ထောင်ဝရောက်မှ တခြားတစ်မှုအတွက်ဟု ဆိုကာ ပြန်ဖမ်းဆီးသွားခြင်းက လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ အလွန်ထိခိုက်မှုတွေရှိစေပြီး ကျန်ရှိနေသေးတဲ့ သူတွေကိုလည်း အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်ဟု ရခိုင်လူ့အခွင့်ရေးကာကွယ်မြင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက Western News ကိုပြောသည်။
“တရားဥပဒေအရ ကိုက်ညီမှုမရှိ သက်သေအထောက်ထားမရှိဘူးဆိုရင် အကုန်လုံးကိုပြန်လွှတ်သင့်တယ်။ လွှတ်တော့လွှတ်တယ် ထောင်ဝရောက်ပြီးမှ တခြားအမှုတွေအတွက်ဆိုပြီး ဖမ်းဆီးသွားတာက လူတစ်ယောက်၏ စိတ်ပိုင်းရာအရရော လူ့အခွင့်ရေးအရပါတော်တော်လည်းကို ထိခိုက်မှုတွေရှိစေတယ်။ လူတစ်ယောက် အချုပ်၊ ထောင်ထဲမှာနေမှာဆိုတာက သူအတွက်ရော့ မိသားစုအတွက်ပါ တော်တော်လည်းကိုခက်ခဲတယ်။ အခုလွှတ်ပေးလိုက်သလို ကျန်ရှိနေသေးတဲ့ သူတွေကိုလည်း အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်” ဟုပြောသည်။
စစ်ကောင်စီမှ ရက္ခိုင့်တပ်တော် ( AA) နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုနှင့် တရားစွဲခံထားရသူများအား လွှတ်ပေးခဲ့သူ ၁၀၀ ကျော်ခန့် ရှိသော်လည်း လက်ရှိအချိန်ထိ ထောင်ချ၊ တရားစွဲခံထားရသူ ၇၀ ခန့်ကျန်ရှိနေသေးသည်။
https://www.facebook.com/westernnewsagency/posts/465285371944639