By Western News/ 2022 February 16

ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီကနေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုနေ့အခမ်းအနားကို ULA ကိုယ်စားပြ၍ ဦးဦးလှစော တက်ရောက်ခဲ့ခြင်းမှာ ပါတီ၏ ခွင့်ပြုချက်ဖြင့်တက်ရောက်ခြင်းမဟုတ်ကြောင်း ရခိုင်အမျိုးသားပါတီ ANP ကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးဦးလှစောကို ပါတီအတွင်းအရေးပေါ်အစည်းအဝေးလုပ်၍ အရေးယူ၊ မယူဆုံးဖြတ်သွားမည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးသာထွန်းလှက Western News ကိုပြောသည်။
“အရေးယူ၊ မယူကိုတော့ ကျွန်တော်တို့အစည်းအဝေးပြီးမှပြောလို့ရမယ်။ သူက ULA ကိုယ်စားပြုတက်တယ်ဆိုတာကို ကျွန်တော်တို့က သတင်းမီဒီယာကတစ်ဆင့်သိရတာ။ သူကသွားရောက်မယ်ဆိုတာကို ပါတီကိုဘာမှ အသိပေးခဲ့တာမရှိဘူး”ဟု ပြောသည်။
ယင်းအပြင် ဦးဦးလှစောမှာ ANPပါတီမှ တရားဝင် နုတ်ထွက်ခြင်းလည်း မရှိသေးကြောင်းလက်ရှိတွင် ပါတီတာဝန်များကိုလည်း လုပ်ဆောင်နေကြာင်း ဥက္ကဌ ဦးသာထွန်းလှက ပြောသည်။
မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးလှစောသည် ရခိုင်အမျိုးသားပါတီ (ANP) ၏ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည်။
စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် နိုင်ငံရေးပါတီအချို့မှ ကိုယ်စားလှယ်များတက် ရောက်ခဲ့ကြသော်လည်း ရခိုင်အမျိုးသားပါတီ(ANP)က မတက်ရောက်ခဲ့ပေ။
“စစ်ကောင်စီက ကျနော်တို့ပါတီကို ပြည်ထောင်စုနေ့မှာ တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာရှိတယ်။ ဒါပေမယ့် ကျနော်တို့ ပါတီက မတက်ခဲ့ဘူး။ ဘာကြောင့် မတက်ဘူးဆိုတာကိုတော့ ကျနော်တို့မပြောလိုပါဘူး“ဟု ဥက္ကဌ ဦးသာထွန်းလှ က ဆိုသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဦးဦးလှစောအား Western News က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။
https://www.facebook.com/westernnewsagency/posts/466452891827887