ဦးညီပုနှင့် ဦးမင်းအောင်တို့၏ ရွေးကောက်ပွဲအမှုမှ လိုပြသက်သေ ၂ ဦးအနက် ၁ ဦးကို စတင်စစ်ဆေး

By Narinjara / 2022 February 14

ထက်အောင်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်းဦးမင်းအောင်တို့ရင်ဆိုင်နေရသည့် ရွေးကောက်ပွဲနှင့်ဆိုင်သောအမှုမှ တရားလိုပြသက်သေ ၂ ဦးအနက် ၁ ဦးကို ယနေ့ရုံးချိန်းတွင် စစ်ဆေးခဲ့သည်ဟု သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရုံးချိန်းတွင် စစ်တွေအကျဉ်းထောင် အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ရှေ့နေဖြစ်သည့် သဇင် ဥပဒေဆိုင်ရာအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးဝင်းအောင်က သိရသည်။

“ဒီနေ့ ရုံးချိန်းမှာတော့ လိုပြသက်သေ တစ်ယောက်ကိုစစ်ပါတယ်။ ဦးညီပုတို့အမှုမှာက လိုပြသက်သေ (၂) ယောက်နဲ့ တရားလို တစ်ယောက် အားလုံးသုံးယောက်ပါ။ နောက်ရုံးချိန်းမှာတော့ ကျန်တဲ့ လိုပြသက်သေတစ်ယောက်ကို စစ်ဆေးနိုင်ပါတယ်”ဟု ပြောသည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ရွေးကောက်ပွဲဆိုင်ရာ မဲသမမှုကိစ္စရပ်များကို ပြုလုပ်သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)ဖြင့် ရခိုင်ပြည်နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားလိုဖြစ်သူ ဦးသူရိန်ထွဋ်ကို ဖေဖော်ဝါရီလ ၇ ရက်က စတင်စစ်ဆေးခဲ့ပြီဖြစ်သည်။

ဦးညီပုနှင့် ဦးမင်းအောင်တို့ ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး နောက်ရုံးချိန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ရှေ့နေဦးဝင်းအောင်က ပြောသည်။

ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံထားရသည်။

ဦးညီပုသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့်လည်း ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်သည် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသည်။

ယင်းအပြင် ဦးညီပုသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရကြောင်း သိရသည်။

https://www.facebook.com/narinjara.info/posts/5213084378703597

Leave a Reply

Your email address will not be published.