By Voice Of Westland (VOW)/ 2022 February 26

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်က မိုင်းထိဒဏ်ရာရရှိခဲ့တဲ့ လူနာတစ်ဦးဆေးကုသမှုခံယူနေရင်း အဆုတ်နဲ့ နှလုံးရောဂါကြောင့် မနေ့က သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။
သေဆုံးသွားသူဟာ အမ်းမြို့နယ်၊ ဒါးလက်အနောက်ကျေးရွာက အသက်(၅၅)နှစ်အရွယ် ဦးလှကျော်ဖြစ်ပါတယ်။ သူဟာ ပြီးတဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လက ကျေးရွာအနားမှာရှိတဲ့ တောထဲကိုထင်းရှာသွားရင်း မိုင်းပေါက်ကွဲရာကနေ မိုင်းစထိမှန်ပြီး ခြေထောက်ဒဏ်ရာအပြင်းထန်ရရှိခဲ့တာ ဖြစ်ပါတယ်။
သူဟာ မင်းပြားမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း မနေ့ကဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ သေဆုံးသွားတာဖြစ်တယ်လို့ မင်းပြားမြို့နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမောင်သာက VOW ကိုပြောပါတယ်။
သူ့ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မနက် ၈ နာရီအချိန်က မင်းပြားမြို့နယ်သုဿန်မှာ မီးသဂြိုလ်ခဲ့တယ်လို့လည်း သူကပြောပါတယ်။
မင်းပြားမြို့နယ် ဆရာဝန်ကြီးရဲ့ ထောက်ခံချက်ထဲမှာတော့ ဦးလှကျော်ဟာ ဆေးကုသမှုခံယူရင်း အဆုပ်နဲ့ နှလုံးရောဂါတွေကြောင့် သေဆုံးသွားတယ်လို့ အတည်ပြုထားပါတယ်။