အကြမ်းဖက်ပုဒ်မများဖြင့် မတရားဖမ်းဆီးတရားစွဲဆိုခံထားရသူများကို အမြန်ဆုံးလွှတ်ပေးဖို့ AA ပြော

By Western News/ 2022 February 05

ရခိုင်တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်များနှင့် မတရားဖမ်းဆီးတရားစွဲဆိုခံထားရသည့် အပြစ်မဲ့ကျေးရွာသားများကို ရေရှည်ဖမ်းဆီးထားမှု ဆက်မလုပ်တော့ဘဲ လွှတ်ပေးရန် AA ဖက်မှ ပြောသည်။

စစ်ကောင်စီမှ AA ကိုအကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်လိုက်သည့်နောက်ပိုင်းတွင် ရခိုင်မှ AA နှင့်ဆက်စပ်မှုဟုဆိုကာ အကြမ်းဖက်ပုဒ်မများဖြင့် စွဲဆိုခံထားရသူများထဲမှာ အချို့ကိုလွှတ်ပေးမှု ရှိခဲ့သော်လည်း အချို့မှာ လွတ်မြောက်ခြင်းမရှိသေးဘဲ လက်ရှိအချိန်ထိ  ၎င်းပုဒ်မများဖြင့် အမှုရင်ဆိုင်နေကြရဆဲဖြစ်သည်။

ကျန်ရှိနေသည့် အကြမ်းဖက်ဖြင့် တရားရင်ဆိုင်နေရသူများထဲမှ လူသိများသည့် မြောက်ဦးမြို့နယ်မှ လက္ကာကျေးရွာသားများနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားတို့အမှုမှာလည်း ကြန့်ကြာမှုရှိနေဆဲဖြစ်သည်။

ကျောက်ဆိပ်ကျေးရွာသား ၅ ဦးအမှုမှာ တစ်နှစ်ကျော်ကြာရှိပြီဖြစ်သော်လည်း လက်ရှိချိန်ထိ အမှုအားပြီးစီးအောင်စစ်ဆေးနိုင်မှုမရှိသေးပေ။ ထို့အတူ ၃ နှစ်ခန့်ရှိနေပြီဖြစ်သည့် လက္ကာကျေးရွာသား ၂၃ ၏အမှုတွင်လည်း အမှုအားအမိန့်ချရန်သာကျန်နေသော်လည်း အမိန့်ချခြင်းမရှိဘဲ ရုံးချိန်းပေါင်းမြောက်မြားစွာရွေ့ဆိုင်းမှုရှိနေဆဲဖြစ်သည်။

အပြစ်မရှိသည့်အရပ်သားများကို ယခုကဲ့သို့ ရေရှည်ဖမ်းဆီးထားခြင်းမှာ မတရားမှုပြုလုပ်နေခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့်လူသားဆန်သည်ဆိုလျှင် ဖမ်းဆီးထားသူများအား ပြန်လွှတ်ပေးရမည်ဖြစ်သည်ဟု ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက Western News ကိုပြောသည်။

“ဖမ်းဆီးထားတဲ့ အပြစ်မဲ့ရွာသားတွေကို ပြန်လွှတ်မပေးတာဟာ မြန်မာစစ်တပ်ရဲ့ လူမဆန်တဲ့ယုတ်မာမှုတွေ၊ စစ်ရာဇဝတ်မှုတွေပေါ်လာမှာကို စိုးရိမ်တဲ့အတွက်ကြောင့် လွှတ်မပေးတာလို့ သုံးသပ်မိတယ်။ ကျောက်ဆိပ်နဲ့ လက္ကားသားတွေဆိုရင် မြန်မာစစ်တပ်ရဲ့ မတရားနှိပ်စက်ညှဉ်းပမ်းမှုတွေ မျိူးစုံကိုခံခဲ့ကြရတယ်။ အခုလည်း လွှတ်မပေးသေးဘဲ အပြစ်မဲ့ရွာသားတွေကို ရေရှည်ဖမ်းဆီးထားတာဟာ လုံးဝတရားမျှတမှုမရှိဘူး။ မြန်မာစစ်တပ်သာ လူသားဆန်တယ်ဆိုရင် အပြစ်မဲ့ရွာသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်” ဟုပြောသည်။

ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီဖက်မှ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးထားသူများကိုလွှတ်ပေးခဲ့သကဲ့သို့ ရက္ခိုင့်တပ်တော်ဘက်မှလည်း ၎င်းတို့ဖမ်းဆီးရမိထားသည့် သုံ့ပန်းများဖြစ်သည့် မြန်မာစစ်တပ်မှ တပ်သား ၉ ဦးအပါအဝင် ၂၃ ဦးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လအတွင်းက လွှတ်ပေးမှုရှိခဲ့သည်။

လက်ရှိ အကြမ်းဖက်ဖြင့် ဖမ်းဆီးတရားစွဲခံထားရသည့် အမှုများတွင် ခိုင်လုံသောသက်သေများမရှိလျှင်လည်း လွှတ်ပေးသင့်ပြီဖြစ်ပြီး ထိုသို့မဟုတ်ဘဲ နှစ်ရှည်ဖမ်းဆီးထားခြင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သည်ဟု ရခိုင်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ ဒါရိုက်တာ ဦးမြင့်ထွန်းက ပြောသည်။

” အကြမ်းဖက်နဲ့ ဖမ်းဆီးတာက ခိုင်လုံတဲ့သက်သေတွေမရှိရင်လည်း လွှတ်ပေးသင့်ပြီ။ လက္ကာတို့၊ ကျောက်ဆိပ်တို့အမှုတွေဆိုရင်ကြာနေပြီ။ လက္ကာဆိုရင် ၃ နှစ်လောက်ရှိပြီ။ ခုလိုမတရားဖမ်းဆီးထားတာမျိုးလုပ်ထားတာကတော့ လူ့အခွင့်ရေးရှုထောင့်ကဆိုရင် အခွင့်ရေးချိုးဖောက်ခံရမှုတစ်ခုပဲ” ဟုပြောသည်။

လက်ရှိတွင် ရခိုင်ရှိ မြို့နယ်အချို့၌ အကြမ်းဖက်မှုဖြင့် တရားရင်ဆိုင်နေရသူ ၈၀ ကျော်ခန့်ရှိနေသေးပြီး ၎င်းတို့မှာ မြောက်ဦး၊ ကျောက်ဖြူ၊ စစ်တွေ၊ သံတွဲ ဖက်တို့တွင် ဖမ်းဆီးခံထားရသူများ ဖြစ်သည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့၏ အချက်အလက်များအရ သိရသည်။

https://www.facebook.com/westernnewsagency/posts/459892522483924

Leave a Reply

Your email address will not be published.