သံတွဲမြို့နယ်ရှိ သူဌးရေအားလျှပ်စစ် စီမံကိန်း ၆၈ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဟုဆို

By Western News/ 2022 February 14

ရခိုင်ပြည်နယ်၊ သံတွဲမြို့မြောက်ဘက် ၁၂ မိုင်အကွာ မိုင် ၇၀ ခန့်ရှည်လျားသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ လက်ရှိတွင် ၆၈.၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဟု စီမံကိန်းတာဝန်ရှိသူများက Western News ကို ပြောသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းအတွင်း ပင်မတမံလုပ်ငန်း၊ ရေပိုလွှဲလုပ်ငန်း၊ စက်ရုံတွင်း ကွန်ကရစ်လုပ်ငန်း၊ မြေဖို့ ခြင်းလုပ်လုပ်ငန်းများအပြင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မိုးရာသီအတွင်းမြေပြိုကျခဲ့သည့် ချောက်ကြမ်းပြင်များကို တူးဖော်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြသည်ဟု သိရသည်။

သူဌေးရေအားလျှပ်စစ်စီမံကိန်း၏  ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က ပြီးစီးသည့် အခြေအနေကို တာဝန်ရှိသူများ အားမေးမြန်းခဲ့ရာ ၆၅ ရာခိုင်နှုန်း ပြီးစီးပြီးဖြစ်ကြောင်းသိရှိခဲ့ရသည်။ ၁ နှစ်ကျော်ကာလအတွင်းတွင် ၃.၉၂ ရာခိုင် နှုန်းသာပြီးစီးမှု ရှိခဲ့သည်။

ရာခိုင်နှုန်းအားဖြင့် ပြီးစီးမှုနည်းသော်လည်း အဆိုပါစီမံကိန်းမှာ နိုင်ငံတော်၏ နှစ်အလိုက်ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်နေခြင်းသာဖြစ်ပြီး ဘိလပ်မြေစျေးနှုန်းများ ၊ ဆီးစျေးနှုန်းများမှာ ၃ ဆလောက်အထိ မြင့်တက်လျက်ရှိ၍ ဘက်ဂျက်လိုအပ်ချက်ကို နိုင်ငံတော်သို့ ပြန်လည်တင်ပြနေရသည်ဟု သူဌေးရေအားလျှပ်စစ်စီမံကိန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်အေးကပြောသည်။

“ကျွန်တော်တို့ ရာခိုင်နှုန်းအားဖြင့် ကြည့်ရင်တော့ ပြီးစီးနှုန်းနည်းပေမယ့် နိုင်ငံတော်ရဲ့ နှစ်အလိုက် ခွင့်ပြုရန်ပုံငွေအတိုင်း ကျွန်တော်တို့က လုပ်ဆောင်ရတာပေါ့။ ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်ဆိုရင် ဘိလပ်မြေစျေးနှုန်းတွေနဲ့ ဆီစျေးနှုန်းတွေ ဟာ ၃ ဆလောက်အထိမြင့်တက်နေတယ်။ အဲ့လို စျေးမြင့်လာရင် ကျွန်တော်တို့က နိုင်ငံတော်ကို ငွေကြေးအတွက် ပြန်လည်တင်ပြရပါတယ်။ ၂၀၂၁ ခုနှစ်ထဲ ကုန်ကျခဲ့တဲ့ ငွေကြေးတွေကိုလည်း တင်ပြဖို့လုပ်ဆောင်နေကြတာ ပေါ့။ လက်ရှိမှာလည်း လုပ်ငန်းစဉ်တွေ အကုန်လုံးကို ကျွန်တော်တို့ လုပ်ဆောင်နေကြပါတယ်”ဟုဆိုသည်။

အဆိုပါစီမံကိန်းမှာ သံတွဲမြို့နယ် သူဌေးချောင်းပေါ်တွင် ရေလှောင်တမံ နှင့် ၁၁၁ မဂ္ဂါဝပ်ဓါတအားပေးစက်ရုံ တည် ဆောက်ကာ နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်းကိုချိတ်ဆက်ကာ ရခိုင် ပြည်နယ်နှင့် နိုင်ငံတော် ဓါတ်အားစနစ်ကို ချိတ်ဆက်ကာ လျှပ်စစ်ဖြန့်ဖြူးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့်ဆောက် လုပ်ထားခြင်ဟုသိရသည်။

၂၀၀၈ခုနှစ်မှစကာ အကောင်ထည်ဖော်ဆောင်ရွက်ခဲ့သည့် သူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ လာမည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြီးစီးမည်ဖြစ်ကြောင်းလည်းတာဝန်ရှိသူများကပြောဆိုထားသည်။

https://www.facebook.com/westernnewsagency/posts/465368555269654

Leave a Reply

Your email address will not be published.